သုံးရလွယ်ကူစေသည့် Link များ

တောင်၊ မြောက် ကိုရီးယား စစ်ဘက်ဆိုင်ရာ ဆွေးနွေးမည်

  • ဗွီအိုအေ (မြန်မာဌာန)

တောင်၊ မြောက် ကိုရီးယား စစ်ဘက်ဆိုင်ရာ ဆွေးနွေးမည်

တောင်၊ မြောက် ကိုရီးယားနှစ်နိုင်ငံ စစ်ဘက်တွေအကြား တိုက်ရိုက် ဆွေးနွေးပွဲတွေကို ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ လုပ်ဖို့ သဘောတူလိုက်ပြီလို့ ကိုရီးယား နှစ်နိုင်ငံတို့က ဒီကနေ့ အင်္ဂါနေ့မှာ ပြောပါတယ်။ အဲဒီရက်ဟာ တောင်ကိုရီးယားဘက်က အဆိုပြုခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထက် သုံးရက် ပိုစောပါတယ်။

ဆွေးနွေးပွဲတွေ ချောချောမောမောဖြစ်ပြီး မြောက်ကိုရီးယားတို့က သူတို့ရဲ့ အပြုအမူကို ပြောင်းလဲမယ်ဆိုရင် သူ့အနေနဲ့ မြောက်ကိုရီးယားသမ္မတ ကင်မ်ဂျုံအီလ် (Kim Jong-il) နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိတယ်လို့ တောင်ကိုရီးယားသမ္မတ အီလ်မြောင်ဘာ့က် (Lee Myung-bak) က ပြောပါတယ်။

အဲဒီလိုသာ သမ္မတနှစ်ဦး တွေ့ဖြစ်မယ် ဆိုရင်တော့ အဲဒါဟာ ၂၀၀၇ ခုနှစ်ကတည်းကနေဆိုရင် ပထမဆုံး ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ ဖြစ်ပါလိမ့်မယ်။

ကိုရီးယားနှစ်နိုင်ငံ နယ်စပ်က ပန်မွန်ဂျူံကျေးရွာမှာ အလုပ်အဖွဲ့အဆင့် တွေ့ဆုံဆွေးနွေးပွဲတွေဟာ နိုဝင်ဘာလမှာ မြောက်ကိုရီးယားက တောင်ကိုရီးယားကျွန်းကို အမြောက်ကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး ကတည်းကဆိုရင် နှစ်ဘက်အကြား ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံတာ ဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲတွေကနေ နှစ်နိုင်ငံအကြား တင်းမာမှုတွေကို လျှော့ချဖို့ ရည်ရွယ်တဲ့ အဆင့်မြင့် ဆွေးနွေးပွဲတွေအတွက် အချိန်ဇယားနဲ့ အစီအစဉ်တွေ ဆုံးဖြတ် ချမှတ်ကြဖို့ ဖြစ်ပါတယ်။

မြောက်ကိုရီးယားတို့ဘက်က ရန်လိုတဲ့ အပြုအမူတွေ ဆက်တိုက်လုပ်ခဲ့ပြီးတဲ့နောက် သူတို့ရဲ့ အပြုအမူကို ပြောင်းလဲဖို့ အဆင်သင့် ရှိနေပြီလို့ သူမျှော်လင့်တဲ့အကြောင်း အင်္ဂါနေ့ ရုပ်သံဆွေးနွေးပွဲ တခုအတွင်း မစ္စတာအီလ်က ပြောခဲ့ပါတယ်။

XS
SM
MD
LG