တောင်ကိုရီးယားပိုင် ယောင်းဖြွန်းကျွန်းမှာ ဒုတိယအကျော့ စစ်ရေးလေ့ကျင့်ပွဲမှာ တကယ့်ကျည်တွေ သုံးမယ်လို့ တောင်ကိုရီးယား စစ်တပ်က ကြေညာခဲ့ပြီးမှ လေ့ကျင့်ရေး မလုပ်ဖြစ်တော့ဘဲ ဖျက်သိမ်းလိုက်ပါတယ်။
တောင်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက ကန့်ကွက်တဲ့ အနေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က လက်နက်ကြီးတွေနဲ့ တရစပ် ပစ်ခတ်ခဲ့တာပါ။
ကျွန်းပေါ်က ဒေသခံတွေကို ဘေးလွတ်ရာ ကတုတ်ကျင်းတွေမှာ နေရာယူကြဖို့ အသံချဲ့စက်တွေနဲ့ အင်္ဂါနေ့ မနက်ပိုင်းကစပြီး သတိပေးခဲ့ပါတယ်။ စစ်ရေးလေ့ကျင့်မှု ဖျက်သိမ်းလိုက်တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပေမဲ့ ဘာကြောင့် ဖျက်သိမ်းတယ် ဆိုတာတော့ အကြောင်းပြချက် မပေးပါဘူး။
ကိုရီးယားကျွန်းဆွယ်အနီး ပင်လယ်ဝါအတွင်း အမေရိကန်နဲ့ တောင်ကိုရီးယားရေတပ် ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေ လုပ်နေတာကြောင့် မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ တိုးနေခဲ့တာပါ။
မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားကျွန်းကို တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ် (Lee Myung-bak) က သူ့ရဲ့ နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ တာဝန်ပျက် ကွက်ခဲ့လို့ တောင်းပန်ကြောင်း အလေးအနက် ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားရဲ့တိုက်ခိုက်မှုဟာ လူမဆန်တဲ့ရာဇဝတ်ပြစ်မှုဖြစ်ပြီး နောက်ထပ် ရန်စတိုက်ခိုက်လာဦး မယ်ဆိုရင် မြောက်ကိုရီးယား အနေနဲ့ တန်ဖိုးကြီးကြီးပေးဆပ်ရလိမ့်မယ်လို့ တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်က ရုပ်သံလွှင့်ကနေ ဒီနေ့ မိန့်ခွန်းပြောဆိုလိုက်ပါ။
အဲဒီကျွန်းတဝိုက် ၂ နိုင်ငံ အငြင်းပွားနေတဲ့ရေပိုင်နက်မှာ ပစ်ခတ်တာတွေ မလုပ်ဖို့ မြောက်ကိုရီးယားက သတိပေးနေတာကို ဂရုမစိုက်ဘဲ ဆက်လုပ်နေလို့ လက်နက်ကြီးတွေ ပစ်ခဲ့ရကြောင်း၊ နောက်ထပ် ဆက်လုပ်သွားမယ်ဆိုရင် ပိုဆိုးတဲ့ တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ သတိပေးလိုက်ပါတယ်။