သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံနေ ပရဟိတလုပ်ကိုင်သူမြန်မာတဦးသေဆုံးမှု မိသားစုသံသယရှိ


ထိုင်းနိုင်ငံမှာနေပြီး ကရင်ပြည်နယ်တွင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ထောက်ပံ့နေသူ ကိုသားဖောင်ဒေးရှင်းတည်ထောင်သူ စောသား (ခ)ကိုကျော်သူထွန်းသေဆုံးမှု ရင်ခွဲစစ်ဆေးရန်တောင်းဆိုနေသူများ။ (မတ်လ ၁၆၊ ၂၀၂၄/CJ)
ထိုင်းနိုင်ငံမှာနေပြီး ကရင်ပြည်နယ်တွင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ထောက်ပံ့နေသူ ကိုသားဖောင်ဒေးရှင်းတည်ထောင်သူ စောသား (ခ)ကိုကျော်သူထွန်းသေဆုံးမှု ရင်ခွဲစစ်ဆေးရန်တောင်းဆိုနေသူများ။ (မတ်လ ၁၆၊ ၂၀၂၄/CJ)

ထိုင်းနိုင်ငံ ဆမွတ်ဆာခွန်းခရိုင်မှာနေထိုင်ပြီး ပြည်သူကာကွယ်ရေးအဖွဲ့စစ်ကြောင်းတွေနဲ့ စစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာထောက်ပံ့ပေးနေသူ၊ ထောက်ပို့တဦးဖြစ်တဲ့ ကိုကျော်သူထွန်း (ခ) စောသားဟာ မတ်လ ၁၁ ရက်နေ့က ရုတ်တရက်သေဆုံးသွားခဲ့ပါတယ်။ သူ့သေဆုံးပုံနဲ့ပတ်သက်လို့ မိသားစုနဲ့ လုပ်ဖော်ကိုင်ဖက်တွေက သံသယရှိတာကြောင့် ရင်ခွဲစစ်ဆေးပေးဖို့တောင်းဆိုခဲ့ရာမှာ ထိုင်းအာဏာပိုင်တွေက မတ်လ ၁၆ ရက်နေ့ကစစ်ဆေးပေးခဲ့တယ်လို့သိရပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံဆမွတ်ဆာခွန်းခရိုင်မှာ မတ်လ ၁၁ ရက်နေ့က ရုတ်တရက်သေဆုံးသွားခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ထောက်ပို့တဦးဖြစ်တဲ့ စောသား သေဆုံးချိန်မှာ သူရဲ့ခန္ဓာကိုယ်ပေါ်မှာ သာမန်မဟုတ်တဲ့လက္ခဏာတွေကို တွေ့ရတယ်ဆိုပြီး သူရဲ့လုပ်ဖော်ကိုင်ဖက်တွေက သူရဲ့ရုပ်ပုံတွေကိုင်ဆောင်ပြီး ရင်ခွဲစစ်ဆေးပေးဖို့တောင်းဆိုခဲ့ပါတယ်။ စောသားကို ရင်ခွဲစစ်ဆေးပေးဖို့တောင်းဆိုရာမှာဦးဆောင်သူမသူဇာမိုးက အခုလိုပြောပါတယ်။

"သက်ဆိုင်ရာရုံးမှာသွားပြီး ကိုသားရဲ့ပုံနဲ့ - သေဆုံးတဲ့ပုံက သာမန်ပုံနဲ့မတူတဲ့အတွက် ညီမလေးတို့က တောင်းဆိုခွင့်ရခဲ့ပါတယ်။ ကိုသားရုပ်အလောင်းကို ခွဲစိတ်ခဲ့ပြီးတော့ ကိုသားက မနေ့တုန်းက (၁၇-၃-၂၄) ရက်နေ့က သင်္ဂြိုဟ်ပြီးသွားပြီပေါ့နော်၊ တနင်္ဂနွေကပေါ့။ ပုလိပ်ရုံးမှာတော့ ညီမတို့ကိုယ်တိုင်တက်ရောက်ပြီး ပုံနဲ့သွားတောင်းဆိုတာပေါ့နော်၊ ဆာမွတ်ဆာခွန်းမှာပါပဲ။ ကိုသားရဲ့မိသားစုလည်းပါပါတယ်။ ညီမတို့သွားတဲ့နေ့ကပေါ့။ အဖြေကတော့မသိရသေးဘူး။ အဖြေကို ၄၅ ရက်စောင့်ရတယ်။ အဖြေက ၄၅ ရက်ထိ စောင့်ရမယ်လို့ပြောလို့ စောင့်ရမှာပေါ့နော်။"

သေဆုံးသူရဲ့ရုပ်လက္ခဏာဟာ အဆိပ်သင့်တဲ့ပုံစံဖြစ်နေတဲ့အတွက် နွေဦးတော်လှန်ရေးအတွက် ထောက်ပံ့ရေးရေးလုပ်နေသူတချို့က သံသယရှိနေတာပါ။ စောသားသေဆုံးမှုနဲ့ပတ်သက်လို့ လည်းအခုလိုပြောပါတယ်။

"ဘာဖြစ်လဲဆိုတော့ ကိုသားရဲ့ရုပ်အလောင်းကို သာမန်ပုံစံနဲ့မတူလို့ ညီမလေးတို့က စစ်ဆေးဖို့ကို တောင်းဆိုခဲ့တာပဲရှိတယ်။ သူ့မိန်းမနဲ့တော့ သေဆုံးမှုကိုမေးခဲ့တယ်။ သူ့မိန်းမ (ညီမလေး) က ပြောခဲ့တယ်။ ကိုသားက အလုပ်သွားတယ်ပေါ့၊ ထောက်ပို့တယောက်အနေနဲ့ ပစ္စည်းတွေသွားသယ်တယ်။ အချိန်နောက်ကျပြီးမှ ပြန်လာတယ်။ ပြန်လာပြီးတော့ထမင်းစားတယ်။ ၁၁ နာရီလောက်မှာ အိပ်ယာဝင်တယ်။ ၂ နာရီလောက်မှာ အိပ်ရာထဲမှာ သေးတွေပေါက်ချပြီးတော့မှ ပါးစပ်ကသွေးအန်တယ်။ နှာခေါင်းက သွေးထွက်တယ်။ ဆေးရုံပို့တယ်ပေါ့နော်။ ပြီးတော့ ဆေးရုံရောက်မှသေတယ်လို့ ပြောပါတယ်ရှင့်။"

စောသားဟာ ကရင်ပြည်နယ်အတွင်းက စစ်ကောင်စီကိုဆန့်ကျင်တော်လှန်နေတဲ့စစ်ကြောင်းတွေကို ထောက်ပံ့ပေးနေသူတဦးဖြစ်ပါတယ်။ သူဟာ ထိုင်းနိုင်ငံထဲမှာ ပရဟိတလုပ်ငန်းတွေကိုလုပ်ဆောင်နေတဲ့ ကိုသားဖောင်ဒေးရှင်းကို ဦးဆောင်နေသူတဦးလည်းဖြစ်ပါတယ်။

သူအလောင်းကိုတော့ ဆမွတ်ဆာခွန်းခရိုင်ထဲက ဘုန်းတော်ကြီးကျောင်းတခုမှာထားပြီး မတ်လ ၁၆ ရက်နေ့က ရင်ခွဲစစ်ဆေးခဲ့ပါတယ်။ သူဟာ ကရင်လူမျိုးတယောက်ဖြစ်ပြီး သေဆုံးချိန်မှာ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG