သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KSDP ပါတီ ကချင်ပြည်နယ်လွှတ်တော် နေရာအားလုံး ဝင်ပြိုင်မည်


KSDP ပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာ (ဗဟို) နဲ့ အဖွဲ့ဝင်များ။ (ဓာတ်ပုံ- KSDP ပါတီ FB)
KSDP ပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာ (ဗဟို) နဲ့ အဖွဲ့ဝင်များ။ (ဓာတ်ပုံ- KSDP ပါတီ FB)

ကချင်လူထုရဲ့လိုအပ်ချက်ကို ပိုပြီး ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) ဟာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာအားလုံးကို အဓိကထား ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ KSDP ပါတီ ဥက္ကဋ္ဌဒေါက်တာတူးဂျာက ပြောလိုက်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုရင် မဲစာရင်းမှားယွင်းနေတဲ့ကိစ္စကို ရွေးကောက်ပွဲ ကော်မရှင်က အဓိက အလေးထား ပြင်ဆင်ဆောင်ရွက်ပေးဖို့လိုတယ်လို့ သူကပြောဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

လက်ရှိကချင်ပြည်နယ်အစိုးရမှာ လုပ်ပိုင်ခွင့် နည်းနေသလို လူထုအကျိုး လုပ်ဆောင်နေတာလည်း နည်းနေတာကြောင့် သူတို့ KSDP ပါတီက ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နေရာအားလုံးကို အဓိကထား ဝင်ပြိုင်သွားမှာဖြစ်တယ်လို့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ KSDP ရဲ့ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက VOA ကို ပြောဆိုလိုက်တာပါ။ သူကိုယ်တိုင်လည်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် မြစ်ကြီးနား မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ဒေါက်တာတူးဂျာက ပြောပါတယ်။

“ကျနော်အခု ဆုံးဖြတ်ထားတာက ကချင်ပြည်နယ်၊ ပြည်နယ်လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ်။ ပြည်နယ်လွှတ်တော်ဆိုတဲ့နေရာမှာ မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ်မှာဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားပါတယ်။ ကျနော်တို့ပါတီအနေနဲ့ ပြည်နယ်လွှတ်တော်ကိုပဲ အထူး ဦးစားပေးပြီးတော့မှ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲလွန်ကာလမှာ ပြန်လည် ဖွဲ့စည်းသွားမယ့် ကချင်ပြည်နယ်လွှတ်တော်နဲ့ ကချင်ပြည်နယ်အစိုးရဟာ ကချင်ပြည်နယ်ရဲ့အကျိုး၊ ပြည်သူလူထုအကျိုးကို အမှန်တကယ် တက်တက်ကြွကြွနဲ့ ပုံဖော် လုပ်ဆောင်သွားနိုင်တဲ့ လွှတ်တော်အစိုးရဖြစ်လာအောင် ကျနော်တို့ပါတီအနေနဲ့လည်း ပါဝင်ဆောင်ရွက်သွားဖို့ ဆန္ဒရှိပါတယ်။”

၂၀၁၀ ရွေးကောက်ပွဲကနေ တက်လာတဲ့ ကချင်ပြည်နယ်အစိုးရရဲ့လုပ်ဆောင်မှုတွေဟာ အားရစရာ မရှိဘူးလို့ ဒေါက်တာတူးဂျာက ဝေဖန် လိုက်ပါတယ်။

“အခု လက်ရှိအခြေအနေကို ပြောမယ်ဆိုရင်တော့လည်း အဓိက-ကတော့ အာဏာခွဲဝေရေးဟာ ဗဟိုချုပ်ကိုင်မှုက များနေသေးတာကိုး။ ဒါကြောင့်မို့လို့ ဒီပြည်နယ်အစိုးရအနေနဲ့လည်း လုပ်ပိုင်ခွင့် သိပ်လည်း မရှိလှဘူး။ ဒါကြောင့်မို့လို့ လုပ်နိုင်တာလည်း သိပ်မရှိလှဘူး။ အားရစရာမကောင်းပါဘူး။ ဒါကြောင့်မို့လို့ လာမယ့်အချိန်အခါမှာ ပြည်နယ်အစိုးရလက်ထဲမှာ အာဏာ ပိုမိုရရှိလာအောင်၊ ပြည်နယ်လွှတ်တော်တွေမှာလည်း လုပ်ပိုင်ခွင့် ပိုမိုရရှိလာအောင် ကျနော်တို့ ကြိုးစားသွားဖို့ပဲ ရှိတယ်။”

ဒီ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတဖို့ဆိုရင် အဓိကပြဿနာဖြစ်နေတဲ့ မဲစာရင်း မှားယွင်းနေတဲ့ကိစ္စကို အလေးထား ပြင်ဆင် ဆောင်ရွက်ပေးဖို့လိုကြောင်း ဒေါက်တာတူးဂျာက ထောက်ပြပါတယ်။

“ရွေးကောက်ပွဲဟာ တရားမျှတမှုဆိုတဲ့အပိုင်းမှာတော့ စိုးရိမ်စိတ်တွေက ရှိပါတယ်။ အဓိက-က ဘာလဲဆိုရင် အခု မဲစာရင်းသွင်းပါတယ်။ မဲစာရင်းသွင်းတာ မမှန်မကန်ဖြစ်နေတာကို တွေ့မြင်ရတဲ့အတွက်ကြောင့် အခု မဲပေးစာရင်းကို မှန်မှန်ကန်ကန် ပြန်ဖြစ်အောင် ကော်မရှင်က အတတ်နိုင်ဆုံးပြန်ပြီးတော့ ပြင်ပေးနိုင်မယ်ဆိုရင်တော့ ဒါ တော်တော်လေး အခြေအနေကောင်းလာနိုင်ပါတယ်။ ပြင်ပေးဖို့လည်း တောင်းဆိုချင်ပါတယ်။”

ကချင်ပြည်နယ်မှာ သူတို့ KSDP ပါတီသာ အနိုင်ရခဲ့ရင် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အခြားအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ် သလို ကချင်ပြည်နယ်အစိုးရအားကောင်းပြီး လူထုအတွက် ပိုအလုပ်လုပ်လာအောင် ဆောင်ရွက်သွားမယ်လို့ ဒေါက်တာတူးဂျာက ဆိုပါတယ်။

“ကျနော်တို့ပါတီ အနိုင်ရလို့ရှိရင်တော့ လွှတ်တော်မှာ ဘာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးဖော်ဆောင်တာကို အားပေးသွားမယ်။ နောက်ပြီးတော့ ၂၀၀၈ အခြေခံဥပဒေ ပြင်တဲ့နေရာမှာလည်း ကျနော်တို့ ကြိုးပမ်းဆောင်ရွက်သွားဖို့ ရှိပါတယ်။ ပြည်နယ်အစိုးရပိုင်းဆိုင်ရာကို ပြောမယ် ဆိုရင်လည်း ဒါ ဌာနတိုင်း၊ ဌာနတိုင်း ပြည်သူလူထုအတွက် အတတ်နိုင်ဆုံး ကြိုးပမ်းလုပ်ဆောင်ပေးတဲ့ အစိုးရမျိုးဖြစ်ပေါ်လာအောင် ကျနော်တို့ပါတီအနေနဲ့ ကြိုးပမ်းလုပ်ဆောင်သွားဖို့ ရှိပါတယ်။”

ကချင်ပြည်နယ်မှာ မြို့နယ်ပေါင်း ၁၈ မြို့နယ်ရှိပြီး မဲဆန္ဒနယ်မြေ ၆၆ နေရာရှိကြောင်း၊ အဲဒီအထဲမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အတွက် ၃၆ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၁၂ နေရာနဲ့ ပြည်သူ့လွှတ်တော်အတွက် ၁၈ နေရာ သတ်မှတ်ထားပါတယ်။ KSDP ပါတီ ကတော့ အဲဒီ မဲဆန္ဒနယ်မြေ ၆၆ ခုစလုံးကို ဝင်ပြိုင်သွားမယ်လို့ ဆိုပါတယ်။ KSDP ပါတီကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ဒုဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာက ဦးစီးထူထောင်ခဲ့တာဖြစ်ပြီး တည်ထောင်ခါစမှာ ကချင်ပြည်နယ်တိုးတက်ရေးပါတီ KSPP နာမည်နဲ့မှတ်ပုံတင်ခဲ့တာကို အစိုးရက ခွင့်မပြုတာကြောင့် KSDP ပါတီအနေနဲ့ ၂၀၁၃ အောက်တိုဘာလမှာ ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုခဲ့ပါတယ်ခင်ဗျာ။

XS
SM
MD
LG