ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းမှာ မေလ ၁၆ ရက်နေ့ညက ဓားပြတိုက်မှု ဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး လူ ၃ ယောက် သေဆုံးပြီး ဓားပြတိုက်ခံရတဲ့ အိမ်ရှင်အပါအဝင် လူပေါင်း ၁၄ ယောက်လောက်လည်း ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ မျက်မြင် သက်သေ တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့နေရာကတော့ ကွမ်းခြံကုန်းမြို့နယ်၊ ဒရယ်လူးရွာက ငွေကြေး အတော် ချမ်းသာ ကြွယ်ဝတဲ့ ဒေါ်ကြွက်မ အိမ်မှာပါ။ အဲဒီ ဒေါ်ကြွက်မအိမ်မှာ မေလ ၁၆ ရက် တနင်္ဂနွေနေ့ ည ရှစ်နာရီခွဲလောက်မှာ လက်နက်ကိုင် လူ ၅ ယောက် ဓားပြဝင်တိုက်ခဲ့တဲ့ အခြေအနေ တွေကိုတော့ ဒေသခံတဦးက အခုလို ပြောပြပါတယ်။
“အဲဒီမှာ ညဘက်ကို ရှစ်နာရီခွဲအချိန်လောက်ကို လူငါးယောက်လောက် ရွာထဲကို ဝင်လာပြီးတော့ပေါ့လေ၊ အပျိုကြီး ဒေါ်ကြွက်မ အိမ်ပေါ့၊ အပျိုကြီးဒေါ်ကြွက်မအိမ်ကို ပထမ သူတို့က ရွှေတွေတောင်းတယ် ပြောပါတယ်။ ရွှေတွေတောင်းတော့ အဲဒီ အပျိုကြီးကလည်း သူ ကား ဝယ်ထားတယ်ပေါ့၊ သူ ရွှေလဲမရှိဘူးလို့ ပြောတယ်။ အဲဒီမှာ မရှိဘူးပြောတော့ ဟိုကနေ လက်မခံတော့ နောက်ဆုံး သူ့လက်ထဲမှာရှိတဲ့ လက်စွပ်ကို ချွတ်ပေးလိုက်တယ်။ နောက်တခါ သူက ပိုက်ဆံတွေ ထပ်တောင်းတော့လည်း နောက်ဆုံးကျတော့ ငြင်းမရတဲ့အခြေအနေမှာ ပိုက်ဆံ ၁၃ သိန်း ထုတ်ပေးလိုက်တယ်ပေါ့နော်။ ဒါပေမဲ့ သူ့ဆီမှာရှိတဲ့ သိန်း ၅၀ လောက်က သူ ဖွက် ထားတော့ သူ မပေးလိုက်ရ ဘူးပေါ့နော်။ အဲဒီ အခြေအနေမျိုးမှာ ဓားပြတွေကို ကြည့်လိုက်တဲ့ အခါကျတော့ အစိမ်းရောင်တွေ ဝတ်ထားတယ်လို့ ပြောတယ်။”
သူတို့ဝတ်ထားတဲ့ အစိမ်းရောင်ဝတ်စုံတွေဟာ စစ်ဝတ်စုံတွေနဲ့ တူတဲ့အကြောင်းနဲ့ ခေါင်းဆောင် လို့ ယူဆရသူ နှစ်ယောက်ကတော့ အသက် ၅၀ အရွယ်လောက် ရှိမယ်လို့ တခြား မျက်မြင် သက်သေတွေက ပြောတယ်လို့ ဆိုပါတယ်။
သူတို့တောင်းတဲ့ပစ္စည်းတွေကို အိမ်ရှင် ဒေါ်ကြွက်မက မပေးတဲ့အတွက် သူ့ကို သေနတ်ဒင်နဲ့ ရိုက်လိုက်တာကြောင့် ဒေါ်ကြွက်မ သတိမေ့ သွားတဲ့ အချိန်မှာ အိမ်မှာ အတူနေတဲ့ တူမလေးက သိသွားပြီး အော်လိုက်တာကြောင့် တခြားရွာသားတွေသိသွားပြီး ဝိုင်းလိုက်ကြရာက ဓားပြတွေက သေနတ်နဲ့ ခံပစ် ပစ်သွားတဲ့အတွက် နေရာမှာတင် ပွဲချင်းပြီး တယောက်သေဆုံး ပြီး နောက်နေ့ ဆေးရုံမှာ နှစ်ယောက် ထပ်သေတယ်လို့ ပြောပါတယ်။
“မဟန်မှန်းသိတော့ သူတို့ထွက်ပြေးရင်းနဲ့ သေနတ်တွေနဲ့ သူတို့ ပစ်တယ်ပေါ့။ သေနတ် ဆယ့်လေး - ငါးချက်လောက် သူတို့ ပစ်တယ်လို့ ပြောတယ်။ အဲ တယောက်ကတော့ အပေါ်ကို ထောင်ဖောက်တယ်လို့ ပြောပြီး နောက်တယောက်ကျတော့ အဲဒီ ဒေါ်ကြွက်မနဲ့ နီးစပ်တဲ့သူ တယောက်ကတော့ သေနတ် အပေါ်ပစ်တာမဟုတ်ဘူးတဲ့၊ အောက်ခြေ ခြေထောက်တွေကို လှမ်းပစ်တဲ့ သဘောပေါ့နော်။ ဒါကြောင့်မို့လို့ တချို့ ဆီးအိမ်တွေ ဘာတွေ ထိပြီးတော့ သေတာ ပေါ့နော်။ အဲဒီလိုပြောတယ်။ နောက်တယောက်ကျတော့ ကျည်ဆံမှန်ပြီးတော့ နောက်ကျော ပွင့် သွားတယ်လို့ပြောတယ်။ အသက်သေတာက အဲဒီညက တယောက် သေတယ်။ နောက် မနေ့က ရန်ကုန်ဆေးရုံ တင်လိုက်တဲ့အထဲကနေ တယောက်သေတယ်။ စုစုပေါင်း သုံးယောက်ရှိပြီ သေတာပေါ့နော်။ ဆေးရုံတက်နေတာကတော့ အားလုံး ၁၄ ယောက်လောက် တက်နေတယ်လို့ ပြောတယ်။”
ဒဏ်ရာရတဲ့အထဲက လေးယောက်လောက်ကတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိတာကြောင့် ရန်ကုန်ဆေးရုံကြီးကိုပို့ပြီး အရေးပေါ်လူနာ အဖြစ် ဆေးကုပေးနေတယ်လို့ ဆိုပါတယ်။ အိမ်ရှင် ဒေါ်ကြွက်မအပါအဝင် ကျန်တဲ့ ဒဏ်ရာရသူတွေကတော့ ကွမ်းခြံကုန်းဆေးရုံမှာပဲ ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။
အခင်းဖြစ်ဖြစ်ချင်းပဲ စစ်တပ်အပါအဝင် သက်ဆိုင်ရာ ခရိုင်နဲ့ တိုင်းက တာဝန်ရှိသူတွေ ချက်ချင်းရောက်လာပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အခုချိန်ထိ ဘယ်သူလုပ်တယ်ဆိုတာ လက်သယ် မပေါ်သေးပေမဲ့ နောက်ဆုံးရရှိတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရကတော့ ဒီကနေ့ညနေမှာ အခင်းဖြစ်ပွားတဲ့ ဒရယ်လူးရွာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ တော်ပြာရွာကို စစ်တပ်က ဝိုင်းထားတယ်ဆိုတဲ့ သတင်း တွေ ထွက်နေပါတယ်။ ဒေသခံတွေကတော့ အဲဒီရွာကို စစ်တပ်က အခုလို ဝိုင်းထားတာဟာ အဲဒီရွာမှာ ဓားပြတိုက်တဲ့သူတွေ ရှိနေလို့လားဆိုတဲ့ ထင်ကြေးတွေ ပေးနေကြပါတယ်။
ဒီဓားပြတိုက်တဲ့နေရာမှာ အသုံးပြုခဲ့တယ်ဆိုတဲ့ သေနတ်နဲ့ လက်ပစ်ဗုံးတွေဟာ သာမန် ပြည်သူတွေလက်ထဲမှာ ဘယ်လိုမှ ပိုင်ဆိုင်နိုင်တဲ့ လက်နက်မျိုးတွေမဟုတ်သလို ဒီဒေသမှာ အာဏာပိုင်တွေဘက်က အစောင့်အကျပ်တွေ အပြည့်ရှိနေတာကြောင့် ပြင်ပကနေ ဒီလက်နက် တွေကို ကွမ်းခြံကုန်းအထိ သယ်လာဖို့ဆိုတာကလည်း ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ဒေသခံတွေက ပြောပြကြပါတယ်။