ဆီးရီးယားနဲ့ တူရကီနယ်စပ်မှာရှိတဲ့ Kobani မြို့ကို Islamic State အစ္စလာမ် စစ်သွေးကြွတွေ သိမ်းပိုက်မယ့်အရေးက Kurd လူမျိုးစုတွေက ခုခံကာကွယ်ပြီး အဲဒီမြို့ရဲ့ နေရာအများစုကို Kurd တွေက ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။
Ayn Al-Arab လို့လဲခေါ်တဲ့ Kobani မြို့ကို အစ္စလာမ် စစ်သွေးကြွတွေက သိမ်းပိုက်နိုင်တော့မယ် ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်နေတဲ့အချိန်မှာပဲ မြို့အနီးဝန်းကျင်မှာ အမေရိကန်တို့က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီး အခုလို သုံးသပ်ချက် ထွက်လာတာလည်း ဖြစ်ပါတယ်။
ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကတော့ ခိုဘာနီမြို့ရဲ့ ၃ ပုံ ၂ ပုံလောက်ကို IS အစ္စလာမ်စစ်သွေးကြွတွေက သိမ်းပိုက်ထားတယ်လို့ ပြောပါတယ်။
ဒေသခံအများစုက တူရကီနိုင်ငံမှာ ဒုက္ခသည်အဖြစ်နဲ့ ၀င်ရောက်ခိုလှုံနေတဲ့ အချိန်မှာပဲ မြို့ကို ကာကွယ်နိုင်ဖို့ တိုက်ခိုက်နေကြတဲ့ ကဒ်လူမျိုးစု တိုက်ခိုက်ရေးသမားတွေက နိုင်ငံတကာရဲ့ အကူအညီကို တောင်းခံနေကြပါတယ်။
ဒါပေမယ့် တူရကီနိုင်ငံအနေနဲ့ ဆီးရီးယားက IS စစ်သွေးကြွတွေကို တိုက်ခိုက်တဲ့နေရာမှာ သူ့တို့ချည်းပဲ လုပ်ဆောင်ဖို့ မမျှော်လင့်သင့်ဘူးလို့ တူရကီနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
နေတိုး အတွင်းရေးမှူးချုပ် Jens Stoltenberg နဲ့အတူ ပူးတွဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က ဒီကနေ့ အဲဒီလို ပြောသွားတာပါ။
တူရကီနဲ့ နယ်စပ် ဆီးရီးယားမြို့ Kobani မှာ Kurd လက်နက်ကိုင်အဖွဲ့တွေနဲ့ IS စစ်သွေးကြွတွေကြား သီတင်းပတ်တွေနဲ့ချီ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေက အကြမ်းဖက်လှုပ်ရှားမှု တိုက်ဖျက်ရေး စစ်ဆင်ရေးလုပ်ငန်းတွေမှာ တူရကီနိုင်ငံ ပါဝင်ဖို့ လွှတ်တော်က အတည်ပြုပေးထားပေမဲ့ တူရကီ တပ်ဖွဲ့တွေကတော့ ခုချိန်ထိ လက်တွေ့ အကောင်အထည်ဖော် လုပ်ဆောင်လာတာ မရှိသေးပါဘူး။