သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျိုက်မရော ငပုအင်းရွာ ဗုံးကြဲခံရလို့ လူ ၂၀ ကျော်သေဆုံး


မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ငပုအင်းရွာသစ် ဘုန်းကြီးကျောင်းအား စစ်ကောင်စီမှ ဗုံးကြဲခဲ့မှုအား ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Photo: CJ via RFA)
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ငပုအင်းရွာသစ် ဘုန်းကြီးကျောင်းအား စစ်ကောင်စီမှ ဗုံးကြဲခဲ့မှုအား ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Photo: CJ via RFA)

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ထဲက ဘုန်းကြီးကျောင်းတကျောင်းကို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သားတွေ အပါအဝင် လူ ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြား ရှိနေပြီး ဒီအထဲမှာ ကလေးငယ်တွေ ပါဝင်တယ်လို့လည်း ပြောပါတယ်။ ပျောက်ဆုံးသူတွေကို ရှာဖွေတာ၊ ခန္ဓာကိုယ်တစစီ ဖြစ်နေတဲ့ ရုပ်အလောင်းတွေကို လိုက်ကောက်တာတွေ လုပ်နေဆဲဖြစ်ပြီး သေဆုံးသူ အရေအတွက် ဒီထက်ပိုများနိုင်တယ်လို့လည်း မျက်မြင်တွေက ပြောပါတယ်။

ကျိုက်မရောမြို့နယ် ငပုအင်းရွာက ဘုန်းကြီးကျောင်းမှာ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့အတွက် အနီးအနားက လွှစင်ကုန်း ရွာသူရွာသားတွေပါ လာရောက် ဝိုင်းဝန်းပြီး ပြင်ဆင်ဆွမ်းချက်ပြုပ်နေချိန်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေး ပူးပေါင်းတပ်တွေ အစည်းအဝေးလုပ်ဖို့ အဲဒီဘုန်းကြီးကျောင်းမှာ လူစုနေတယ်ဆိုတဲ့ သတင်းကြောင့်လည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ယူဆကြောင်း မွန်ပြည်နယ် အခြေစိုက် ကျားဖြူစစ်ကြောင်း တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

ထိခိုက်သေဆုံးတဲ့အထဲမှာတော့ အရပ်သားတွေက အများဆုံးဖြစ်ပြီး လောလောဆယ် ထိခိုက်သေဆုံးသူ အရေအတွက် အတိအကျ မသိရသေးဘူးလို့လည်း ကျားဖြူစစ်ကြောင်း တာဝန်ရှိသူ တဦးက ပြောပါတယ်။ လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးရာဝန်ကြီး ဦးတင်ချယ်ကို ဗွီအိုအေက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

Forum

XS
SM
MD
LG