သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းသားကြီး ဦးကျော်ဟိန်း ကွယ်လွန်သွားပြီ


မင်းသားကြီး ကျော်ဟိန်းရဲ့ ပုံရိပ်များ။ (ဓာတ်ပုံ - athithedi.com)
မင်းသားကြီး ကျော်ဟိန်းရဲ့ ပုံရိပ်များ။ (ဓာတ်ပုံ - athithedi.com)

(Zawgyi / Unicode)

မြန်မာနိုင်ငံက စွယ်စုံရ အနုပညာရှင်တဦးဖြစ်တဲ့ နာမည်ကျော်မင်းသားကြီး ဦးကျော်ဟိန်း ဒီနေ့ပဲ ကွယ်လွန်သွားပါပြီ။

မင်းသားကြီး ဦးကျော်ဟိန်းတဖြစ်လဲ ဦးပဉ္ဇင်း ဦးကိတ္တိသာရဟာ သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့တော်မှာ ရဟန်းအဖြစ်နဲ့ သီတင်းသုံး နေထိုင်နေတာဖြစ်ပြီး ဒီနေ့ ဇူလိုင် ၁၁ ရက်နေ့ သြစတြေးလျနိုင်ငံ ဒေသစံတော်ချိန် မနက်ပိုင်းက သက်တော် ၇၃ နှစ်အရွယ်မှာ သင်္ကန်းဝတ်နဲ့ ပျံလွန်တော်မူသွားတာ ဖြစ်ပါတယ်။

ဦးကျော်ဟိန်းဟာ ၂၀၀၈ ခုနှစ် အသက် ၆၁ နှစ်အရွယ်မှာ အနုပညာလောကကို စွန့်ပြီး ရဟန်းဘောင် ဝင်သွားခဲ့တာပါ။

မြန်မာ့ရုပ်ရှင်လောကမှာ အအောင်မြင်ဆုံး မင်းသားတယောက်လို့ ဆိုရမယ့် ဦးကျော်ဟိန်းဟာ အကာကအချစ် အနှစ်ကမေတ္တာ၊ မွန်းတည့်ချိန်မှာ နေဝင်သည်၊ ပန်းမြိုင်လယ်က ဥယျာဉ်မှူး၊ ဝေလည်းမွှေး ကြွေလည်းမွှေး၊ နေကမွေးတဲ့လ ရုပ်ရှင်တွေနဲ့ အကယ်ဒမီ ၅ ဆု ရခဲ့တာဖြစ်ပါတယ်။

ကျီးယောင်ဆောင်သောဒေါင်း၊ ပန်းစကား၊ မီလာရှီကာ စိုင်းဗေဒါ၊ အကြွေး၊ လွမ်းနေမယ်မမ၊ လူဇော်၊ ရိုက်စား စတဲ့ ရုပ်ရှင်နဲ့ ဗွီဒီယိုဇာတ်ကားပေါင်း များစွာကို ရိုက်ခဲ့ပြီး နောက်ပိုင်းမှာ ရုပ်ရှင်ဒါရိုက်တာလည်း လုပ်ခဲ့သူတဦး ဖြစ်ပါတယ်။

ဒါ့အပြင် စင်ပေါ်ကသီချင်းများ၊ အဓိပ္ပာယ်ရှိသောလူ အပါအဝင် တခြား တကိုယ်တော်တေးစီးရီးတွေ၊ တခြားသူတွေနဲ့တွဲပြီး ထုတ်ဝေတဲ့ တေးစီးရီးခွေတွေ အတော်များများလည်း သီဆိုခဲ့ပါတယ်။

ကျော်ဟိန်းရဲ့ သရုပ်ဆောင် အမူအရာတွေ၊ စကားပြောဟန်တွေနဲ့ စတိတ်ရှိုးတွေမှာ သူ့ရဲ့ သီဆိုဖျော်ဖြေဟန်တွေဟာ အဲဒီခေတ်က လူငယ်ထုအပေါ် အတော်လေး လွှမ်းမိုးမှုရှိခဲ့သလို လူကြီးလူငယ်မရွေး နှစ်ခြိုက်အားပေးမှုကို တခဲနက် ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေက ရုပ်ရှင်မင်းသား ကျော်သူနဲ့ တွဲရိုက်ခဲ့တဲ့ အကြွေး ဗွီဒီယိုဇတ်ကားထဲက “၁၀ နှစ်၊ ၁၀ နှစ်” ဆိုတဲ့ သူပြောခဲ့တဲ့စကားဟာ လူတွေကြားမှာ အခုချိန်ထိ ပြောနေ၊ စွဲထင်ကျန်ရစ်နေဆဲ စကားလည်း ဖြစ်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ့ ဦးကျော်ဟိန်း ကွယ်လွန်တဲ့နေ့ဟာ လွန်ခဲ့တဲ့ ၁၃ နှစ်က သူ့ရဲ့တူဖြစ်တဲ့ နိုင်ငံကျော်မင်းသား ဒွေး ကွယ်လွန်တဲ့နေ့နဲ့လည်း တရက်တည်း ဖြစ်ပါတယ်။

ဦးကျော်ဟိန်းဟာ ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး နှလုံးသွေးကြောပိတ်တဲ့ရောဂါကို ခံစားနေခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)












XS
SM
MD
LG