သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားခေါင်းဆောင် ကျော်ကိုကို ထောင်တိုးချခံရ


ရွှေဝါရောင်တော်လှန်ရေးအတွင်း ချီတက်လာသော သံဃာများ။ စက်တင်ဘာ ၂၂၊ ၂၀၁၀။
ရွှေဝါရောင်တော်လှန်ရေးအတွင်း ချီတက်လာသော သံဃာများ။ စက်တင်ဘာ ၂၂၊ ၂၀၁၀။

ထောင်ဒဏ်သုံးနှစ်ကနေ ပြန်လွှတ်ခါနီးအချိန်ကျမှ အာဏာပိုင်တွေက သူ့ကို အသင်းပင်း ဖွဲ့စည်းမှု ပုဒ်မ ၆ နဲ့ ထောင်ဒဏ် သုံးနှစ်၊ နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါး နှောက်ယှက်မှု ပုဒ်မ ၅၀၅(ခ) နဲ့ နှစ်နှစ်ဆိုပြီး နောက်ထပ် ထောင်ဒဏ် ငါးနှစ်ကို ဒီကနေ့ပဲ ချမှတ်လိုက်ပါတယ်။

ဗီဒီယိုအက်ဥပဒေနဲ့ ထောင်ဒဏ် သုံးနှစ်ကျခံနေရတဲ့ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့သူ ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ခေါင်းဆောင် ကိုကျော်ကိုကိုဟာ မကြာခင်မှာ လွတ်ရက်စေ့တော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလို ထောင်ဒဏ်သုံးနှစ်ကနေ ပြန်လွှတ်ခါနီးအချိန်ကျမှ အာဏာပိုင်တွေက သူ့ကို အသင်းပင်းဖွဲ့စည်းမှု ပုဒ်မ ၆ နဲ့ ထောင်ဒဏ် သုံးနှစ်၊ နိုင်ငံတော်တည်ငြိမ်ရေးကို ထိပါး နှောက်ယှက်မှု ပုဒ်မ ၅၀၅(ခ) နဲ့ နှစ်နှစ်ဆိုပြီး နောက်ထပ် ထောင်ဒဏ် ငါးနှစ်ကို ဒီကနေ့ပဲ ချမှတ်လိုက်ပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

စက်တင်ဘာသံဃာ့ လုှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂများ အဖွဲ့ချုပ်က ခေါင်းဆောင်
ကိုကျော်ကိုကိုဟာ ဗွီဒီယိုအက်ဥပဒေနဲ့ ထောင်ဒဏ် ၃ နှစ်ကျလို့ ပြန်လွတ်ခါနီးအချိန်ကျမှ သင်းဖွဲ့ ဖွဲစည်းမူ ပုဒ်မ ၆ နဲ့ ၃ နှစ်
နိုင်ငံတော်တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ ၂ နှစ် ကို ဒီနေ့မှာပဲ ထပ် အမိန့်ချ လိုက်ပါတယ်။

စက်တင်ဘာ သံဃာ့လှုပ်ရှားမှုမှာ ဗကသများအဖွဲ့ချုပ် ခေါင်းဆောင်အဖြစ်ဦးဆောင်ပါဝင်ခဲ့တဲ့ ကိုကျော်ကိုကို ကို အာဏာပိုင်တွေက
၂၀၀၈ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ ဖမ်းဆီးထိမ်းသိမ်းခဲ့ပြီး ၂၀၀၉ ခုနှစ်၊ ဖေဖေါ်ဝါရီလမှာ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်တရားရုံးမှာ
ဗွီဒီယို အက်ဥပဒေနဲ့ ၃ နှစ် ချခဲ့ပါတယ်။ ဒီနောက် တောင်ကြီးထောင်ကို ပို့ခဲ့ပါတယ်။

ထောင်ချပြီကာမှ ၂၀၁၀၊ မတ်လ ၃ ရက်နေ့မှာ အင်းစိန်ထောင်ကို ပြန်ပို့ပြီး ထပ်မံ တရားစွဲခဲ့တာဖြစ်ပါတယ်။ သူ့ကို ဒီနေ့မှာတော့ ကျောက်တံတား တရားရုံးမှာ ပုဒ်မ ၂ ခုနဲ့ ထောင် ၅ နှစ် ချလိုက်ပါတယ်။ ဒီအကြောင်းကိုတော့ ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်သိန်းက အခုလို ပြောပါတယ်။

“ကျော်ကိုကို ကို ကျောက်တံတားမြို့နယ် တရားရုံးကပေါ့နော်။ ၂ နာရီလောက်မှာ အမိန့်ချတယ်။ သင်းဖွဲ့ပုဒ်မ ၆ နဲ့ ၃ နှစ်၊ ၅၀၅(ခ) နဲ့ ၂ နှစ် ပေါ့။ တရုံးစီ ခွဲချတယ်။”

အခုလိုမျိုး လွတ်ရက်စေ့ခါနီးမှ ထပ်မံတရားစွဲဆိုတဲ့ ပုဒ်မတွေဟာ ဥပဒေအကြောင်းခြင်းရာနဲ့ ညီညွတ်မှုရှိမရှိကိုလည်း မေးမြန်းကြည့်တဲ့ အခါမှာတော့ -

“အသင်းအဖွဲ့အနေနဲ့ ဖွဲ့ထားတဲ့ ပုံသဏ္ဍန်မျိုးနဲ့ ပြစ်ဒဏ်ပေးတဲ့ ကိစ္စမှာ တရားခံဘက်ကနေပြီးတော့ ဒါဟာ အသင်းအဖွဲ့ ဖွဲ့ ထားတာ မဟုတ်ပါဘူးလို့ ခုခံချေပရမယ်ဆိုတဲ့ အနေအထားမျိုးတော့ တရားခံဘက်ကို ပုခုံးပြောင်းပြီးတော့ ရှင်းလင်းစေတဲ့ အချက်ဟာဖြင့် ဒါ ဥပဒေနဲ့ မညီဘူးပေါ့နော်။ အသင်းအဖွဲ့ ဖွဲ့စည်းရခြင်းအကြောင်းခြင်းရာကို ဘယ်လိုပုံသဏ္ဍန်နဲ့ ဖွဲ့ စည်းတယ်၊ ဘယ်သူတွေနဲ့ ဖွဲ့စည်းတယ်၊ ဘယ်မှာဖွဲ့စည်းတယ်ဆိုတဲ့ အချက်အလက်တွေဟာ ဖော်ပြဖို့လိုတယ်။ အဲဒီလိုပဲ ဒီ နိုင်ငံတော် လုံခြုံရေးဆိုင်ရာကို ထိပါးစေတဲ့ ပုဒ်မ ၅၀၅(ခ) ဆိုတာဟာလည်း ဒီ ၂၀၀၇ ခုနှစ်မှာ ဒီလိုပဲ ရဟန်းသံဃာတွေရဲ့ မေတ္တာသုတ်ရွတ်ပွဲမှာ သူတို့လည်း ပါဝင်ပြီးတော့ လိုက်ခဲ့တယ်။ ကျော်ကိုကိုက အဲဒီမှာ ဟောပြောတယ်။ အဲဒီ ဟောပြောတာဟာ လှုံ့ဆော်တယ်လို့ ပြောလို့ ရမလား၊ မရဘူးလား။ အဲလို ဟောပြော လိုက်တဲ့ အတွက် ဘယ်လိုပြဿနာ တွေ ပေါ်ပေါက်လာနိုင်သလဲ၊ ပေါ်ပေါက်လာသလဲပေါ့နော်၊ အဲဒီလို အချက်အလက်တွေကိုလည်း တရားစွဲ အဖွဲ့အစည်း အနေနဲ့ ရှင်းရှင်းလင်းလင်းဖော်ပြနိုင်ခြင်းမရှိဘူး။”

ကိုကျော်ကိုကိုလိုပဲ ဖမ်းဆီးခံခဲ့ရတဲ့ ဗကသ ကျောင်းသားခေါင်းဆောင် ကိုဒီငြိမ်းလင်းကတော့ သင်းဖွဲ့ပုဒ်မ ၆ အပါအဝင် ပုဒ်မ ၄ ခု လောက်နဲ့ ထောင် ၁၅ နှစ်ခွဲ ကျခံနေရပါတယ်။ ကိုဒီငြိမ်းလင်းကတော့ ဝေးလံခေါင်သီတဲ့ ခန္တီးထောင်မှာ မျက်စေ့သိပ်မမြင်တော့ဘဲ မျက်စေ့ကိုက်တဲ့ဝေဒနာ ပြင်းထန်စွာ ခံစားနေရတာကြောင့် ဆေးကုသခွင့်တောင်းထားပေမဲ့ အခုထိ မရသေးဘူးလို့ မိသားစုက ပြောပါတယ်။

XS
SM
MD
LG