သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျော်နီမော်ကျေးရွာ နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးမှု ပြန်လည်စီစစ်နေ


 နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးစဉ်
နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးစဉ်

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျော်နီမော်ကျေးရွာမှာ ကမန်တိုင်းရင်းသားအဖြစ် နိုင်ငံသားမှတ်ပုံတင် ထုတ်ပေးခဲ့တာအပေါ် ပြန်လည် စီစစ်နေတဲ့ အကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ အခမ်းအနားတခုမှာ ပြောကြားသွားပါတယ်။ တဖက်နိုင်ငံက တရားမဝင်ဝင်လာတဲ့ မွတ်ဆလင်တွေကို ကန်မန်တိုင်းရင်းသားအဖြစ် မှတ်ပုံတင်ထုတ်ပေးနေတယ်ဆိုတဲ့ ဝေဖန်ချက်တွေနဲ့ပတ်သက်လို့ ရှင်းလင်းသွားတာဖြစ်ပါတယ်။ VOA သတင်းထောက် ကိုစည်သူက သတင်းပေးပို့ပါတယ်။

ကျောက်နီမော်ကျေးရွာက လူဦးရေသုံးထောင် ကျော်ကို သြဂုတ်လအတွင်းက ကမန်တိုင်းရင်းသားအဖြစ် နိုင်ငံသားမှတ်ပုံတင် ထုတ်ပေးရာမှာ တိုင်းရင်းသားမဟုတ်တဲ့သူတွေပါ ပါဝင်တယ်၊ ဘင်္ဂလီခေါ် တဖက် နိုင်ငံက တရားမဝင်ဝင်ရောက်လာတဲ့ မွတ်ဆလင်တွေ ပါဝင်တယ် ဆိုပြီး ကမန်တိုင်းရင်းသားပါတီနဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ တွေက ကန့်ကွက်ထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ပြန်လည်စီစစ်နေတဲ့အကြောင်းနဲ့၊ မှတ်ပုံတင်ထုတ်ပေးထားသူတွေဟာ နိုင်ငံသားအဖြစ် အရည်အချင်းပြည့်သူတွေ ဖြစ်တဲ့အကြောင်း မနေ့က နေပြည်တော်မှာကျင်းပတဲ့ လုပ်ငန်းခွင်အတွင်း ထိုက်မှုဆိုင်ရာ အသိအမြင် ဗဟုသုတ မျှဝေရေး အလုပ်ရုံဆွေးနွေးပွဲ ခတ္တနားချိန်မှာ ဝန်ကြီး ဦးသိန်းဆွေက သတင်းထောက်တွေကို ပြောဆိုသွားတာပါ။

ကမာန် အစစ်လားနော် ကမာန်နဲ့ ဘင်င်္ဂါလီရောနေသလားဒါလေးကတော့ သူရဲ့မျိုးရိုးစဉ်ဆက် အထောက်အထားတွေကိုလိုက်ပြီးတော့မှစီစစ်နေပါတယ် ပြောချင်တာကတော့ အခုထုတ်ပေးတဲ့ ဟာတွေကနိုင်ငံသားအရည်အချင်း ပြည့်သူအားလုံးကိုထုတ်ပေးတာ ဖြစ်ပါတယ် လူမျိုးကိစ္စလေးတစ်ခုသာအသေးစိတ် စီစစ်ဖို့ လိုတဲ့အတွက် တစ်ဦးချင်းစီရဲ့ အထောက်အထားစာရွက်စာတန်းတွေ အဲ့ဒါတွေကိုအသေးစိတ် ပြန်လေ့လာနေတယ် ဥပဒေနဲ့ ချိန်ထိုးနေပါတယ်”

ကျောက်နီမော်ကျေးရွာမှာ နိုင်ငံသားမှတ်ပုံတင် ထုတ်ပေးတဲ့ ကိစ္စဟာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း ဆောင်ရွက်တာ မဟုတ်တဲ့အတွက် ဒီလုပ်ရပ်ဟာ နိုင်ငံတော် အချုပ်အခြာ အာဏာကို ထိခိုက်စေတယ်ဆိုပြီး ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကတော့ ထုတ်ပေးပြီးသားသူတွေနဲ့ပတ်သက်လို့ အမှားအယွင်းရှိတယ်ဆိုရင်တောင် သူတို့ဘက်က ပြန်လည် ခုခံချေပခွင့်ပေးရမယ်လို့ ဆိုပါတယ်။

“ဥပဒေနဲ့အညီရသင့်ရထိုက်တဲ့ နော် နိုင်ငံသားအဆင့်အတန်းတစ်ခုရရမယ် မရသင့်မရထိုက်တဲ့သူတွေကိုမရသင့်ပါဘူးမရသင့်စေရပါဘူးဌါနရဲ့ ရပ်တည်ချက် နိုင်ငံတော်ရဲ့ ရပ်တည်ချက်ပါ အဲ့အတိုင်းပဲဖြစ်အောင် ဆောင်ရွက်မှာဖြစ်ပါတယ် ဒါလည်းပဲပွင့်လင်းမြင်သာအောင် ဆောင်ရွက်မှာဖြစ်ပါတယ် ခုနကပြောတဲ့ ထုတ်ပေးပြီးသားလူတွေ တကယ်လို့များအမှားအရွင်းရှိသွားရင်တောင်မှ သူတို့ရဲ့ အထောက်အထားသူတို့ဘက်က ပြန် Defend လုပ်ဖို့ အခွင့်အရေးပေးရပါမယ် ကာကွယ်ဖို့ ခုခံဖို့ ရှင်းလင်းဖို့ အခွင်းအရေးပေးမယ် ပြီးရင် ဒါ ဆုံးဖြတ်တာကတော့ ဥပဒေနဲ့အညီပဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ဒါကိုစိုးရိမ်စရာမရှိပါဘူးလို့ ဒါလည်း ပြောချင်ပါတယ်”

မှတ်ပုံတင်ထုတ်ပေးနေတဲ့ကိစ္စကို ပြန်လည်စီစစ်ဖို့နဲ့ မှားယွင်းထုတ်ပေးတယ်ဆိုရင် ရုပ်သိမ်းပေးဖို့ ရခိုင်ပြည်နယ် လွှတ်တော်ကလည်း ပြည်ထောင်စုအစိုးရကို တိုက်တွန်းထားပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရခိုင်ပြည်နယ် လွှတ်တော်အနေနဲ့ ကန့်ကွက်ခွင့်ရှိတယ်လို့ ပြောဆိုပါတယ်။ တဦးချင်းစီနဲ့ပတ်သက်လို့ အထောက်အထား ခိုင်ခိုင်မာမာပြနိုင်ဖို့တော့ အချိန်ယူရမယ်လို့ ဆိုပါတယ။်

“ဝန်ကြီး အနေနဲ့ တာဝန်ယူပါတယ် ဒီကိစ္စ အားလုံးကိုရှင်းလင်းပြီးတော့မှ တစ်ဦးချင်းစီအလိုက် သူ့ကိုဘာဖြစ်လို့ ဒီဟာကိုပေးရတယ် သူ့ကိုဒီဟာကိုဘာဖြစ်လို့ ဥပမာဟိုကမာန် လို့ ပေးရတယ် သူ့ ဘင်င်္ဂါလီလို့ ပေးရတယ် စတဲ့ဟာကိုခိုင်မာဖို့လိုပါတယ် ဒါလေးကတော့ အချိန်ယူရပါမယ် နည်းနည်းလေးအချိန်ကတော့ တစ်လလောက် တစ်လအတွင်းမှာ လူကသုံးထောင်ကျော်ရှိတဲ့အတွက် များတယ်လို့ မပြောနိုင်ပါဘူးဒီဟာတော့ လျင်မြန်မှုထက် သေချာမှုကိုဦးစားပေးတယ် ဒါလေးကိုနားလည်ပေးပါလို့ ပြောချင်ပါတယ်”

ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းမှာ နေပြည်တော် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေ ကျောက်နီမော် ကျေးရွာကိုရောက်လာပြီး လူဦးရေ စုစုပေါင်း ၃၃၀၀ ကျော်ကို နိုင်ငံသားစိစစ်ရေးကဒ်တွေ ထုတ်ပေးခဲ့ပါတယ်။ ကျောက်နီမော်ကျေးရွာမှာရှိတဲ့ စာရင်းအရ အမှန်တကယ် ကမန်တိုင်းရင်းသားဦးရေ သုံးရာနီးပါးသာ ရှိတယ်ဆိုပြီး ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကလည်း ကန့်ကွက်ခဲ့ပါတယ်။ အစ္စလာမ်ဘာသာဝင် ကျောက်နီမော်ကျေးရွာသားတဦးကတော့ မှတ်ပုံတင်ထုတ်ပေးတဲ့ကိစ္စမှာ အစိုးရဘက်က ဥပဒေနဲ့ အညီ ဆောင်ရွက်ပေးတယ်လို့ယူဆကြောင်း VOA ကို ပြောဆိုပါတယ်။ သမ္မတရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း ဘင်္ဂလီတွေကို ကမန်တိုင်းရင်းသားတွေဆိုပြီး နိုင်ငံသား စီစစ်ရေး ကဒ်လုပ်ပေးဖို့ အစိုးရမှာ ပေါ်လစီမရှိ တဲ့အကြောင်း တုံ့ပြန် ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG