သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကျော်မိုးထွန်းကို အမြဲတမ်းကိုယ်စားလှယ်အဖြစ်ဆက်လက်ထားရှိရေး အထွေထွေညီလာခံအတည်ပြု 


U Kyaw Moe Tun UN NY (17 SEP 2022)
U Kyaw Moe Tun UN NY (17 SEP 2022)

ကုလသမဂ္ဂမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို နောက်ထပ် ၁ နှစ်ဆက်ထားဖို့ ကုလသမဂ္ဂအထွေထွေညီလာခံက ဒီဇင်ဘာ ၁၆ သောကြာနေ့က အတည်ပြုလိုက်ပါတယ်။

{{Zawgyi/Unicode}}

ကုလသမဂ္ဂဆိုင်ရာ နိုင်ငံ ကိုယ်စားပြုသူတွေကို စိစစ်လက်ခံရတဲ့ Credentials ကော်မတီရဲ့ အကြံပြုချက်အရ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးမှာ အတည်ပြုလိုက်တာဖြစ်ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ခံဖို့ ဆုံးဖြတ်ချက် မူကြမ်းကို Credentials ကော်မတီက ဒီဇင်ဘာ ၁၂ ရက်နေ့ အစည်းအဝေးမှာ မဲခွဲခြင်းမရှိဘဲ ဆုံးဖြတ်ခဲ့တဲ့အကြောင်း ကော်မတီ ဥက္ကဋ္ဌက အထွေထွေညီလာခံမှာ မနေ့က တင်ပြသွားခဲ့ပါတယ်။

Credentials ကော်မတီမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် အမေရိကန်၊ တရုတ်၊ တရုတ် အပါအဝင် နိုင်ငံ ၉ နိုင်ငံပါဝင်ပါတယ်။

NLD အစိုးရလက်ထက်မှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရတဲ့ ဦးကျော်မိုးထွန်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီရေးလိုလားသူတွေဖက်က ရပ်တည်ခဲ့ပါတယ်။ စစ်ကောင်စီက ဦးကျော်မိုးထွန်းကို နိုင်ငံတော် သစ္စာဖောက်အဖြစ် စွပ်စွဲပြီး သူ့နေရာမှာ စစ်ကောင်စီလိုလားသူနဲ့ အစားထိုးဖို့ ကြိုးပမ်းခဲ့တာကြောင့် Credentials Committee က အခုလို အဆုံးအဖြတ်ပေးခဲ့ ရတာဖြစ်ပါတယ်။

{{ unicode }}







==========================

သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို ကုလသမဂ္ဂမှာ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် နောက်ထပ် တနှစ်သက်တမ်း ဆက်လက်ထားရှိသွားဖို့ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံက သောကြာနေ့က အတည်ပြုလိုက်တယ်လို့ ကုလအသိုင်းအဝိုင်းနဲ့ နီးစပ်သူတချို့က ပြောပါတယ်။ ဦးကျော်မိုးထွန်း ခုလိုဆက်ပြီး တာဝန်ထမ်းဆောင်ခွင့် ရတဲ့အတွက် မြန်မာပြည်တွင်း လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ မြန်မာဒီမိုကရေစီ ပြောင်းလဲရေးကို ကမ္ဘာ့နိုင်ငံတွေ ပိုသိ လာအောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြတာပါ။ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ကုလသမဂ္ဂမှာ ကိုယ်စားလှယ်စီစစ်ရေး Credentials ကော်မတီက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို နေမြဲအတိုင်း နောက်ထပ် သက်တမ်းတနှစ် ထားရှိဖို့ တနလာၤနေ့ကျင်းပတဲ့ အစည်းအဝေးကနေ သဘောတူဆုံးဖြတ် လိုက်တာဖြစ်ပါတယ်။

Credentials ကော်မတီရဲ့ ဒီဆုံးဖြတ်ချက်ကို ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက ဒီဇင်ဘာ ၁၆ ရက် သောကြာနေ့က အတည်ပြုလိုက်တယ်လို့ နယူးယောက်မြို့မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အနီးကပ်အကူအညီ ပေးနေတဲ့ NYCBC ဦးနေတင်မြင့်က VOA ကို ပြောပါတယ်။

ဦးနေတင်မြင့် ။. ။ ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ အတည်ပြုလိုက်ပြီလို့ သိရပါတယ်။ ကျနော်နားလည်သလောက်ဆိုရင် ဦးကျော်မိုးထွန်း ကို မနှစ်ကအတိုင်းပဲ ဒီ ၂ဝ၂၃ စက်တင်ဘာလအထိ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မကျင့်ပမီအထိ သူဟာ ဆက်လက်ပြီးတော့ သူအနေနဲ့ ပြောဆိုခွင့်၊ လုပ်ဆောင်ပိုင်ခွင့်တွေ ရှိမယ်လို့ ကျနော်နားလည်ပါတယ်ခင်ဗျ။

ဦးကျော်မိုးထွန်းကို သက်တမ်း တနှစ်တိုးလိုက်ပေမယ့် ၊ ကုလသမဂ္ဂမှာ နိုင်ငံကိုယ်စားပြုမှု အရေးကိုတော့ ဆိုင်းငံ့ထားကြဖို့ Credentials ကော်မတီဝင်တွေက သဘောတူခဲ့ကြတာပါ။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကုလသမဂ္ဂ Credentials ကော်မတီ အဖွဲ့ဝင်နိုင်ငံတွေကြားမှာ သဘောထားကွဲလွဲမှု ရှိနေပြီး၊ ဦးကျော်မိုးထွန်းကို ၂၀၂၃ စက်တင်ဘာလအထိ တနှစ် သက်တမ်း တိုးပေးလိုက်တယ် ဆိုပေမဲ့ ဒီနေရာအတွက် အပြောင်းအလဲတွေ ရှိလာနိုင်သေးတယ်လို့ သုံးသပ်ပြောဆိုပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်း (စစ်ကောင်စီပြောခွင့်ရ) ။. ။ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ စည်းမျဉ်း ၂၉ အရကတော့ လက်ရှိရှိနေတဲ့သူကို ဆက်လက်ထားရှိတဲ့သဘော သက်ရောက်တယ်။ သို့သော်လည်း ဘယ်အဖွဲ့ကိုမှ အသိအမှတ်ပြုတဲ့သဘောမဟုတ်ဘူးလို့တော့ သိရပါတယ်။ ဒါကြောင့်မိုလို ဒီအခြေအနေသည် အထွေထွေညီလာခံ ကာလတလျှောက်လုံးပေါ့ ၂ဝ၂၃ စက်တင်ဘာလအထိ ဆက်ရှိနေမယ်လို့တော့ ပုံသေမှတ်ယူလို့တော့မရဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ခန့်အပ်လွှာ ကော်မီတီတွေကြားမှာ ထပ်မံဆွေးနွေးလိမ့်မယ်လို့တော့ မြင်ပါတယ်။

ဦးကျော်မိုးထွန်း ခုလိုဆက်ပြီး တာဝန်ထမ်းဆောင်ခွင့်ရတဲ့အတွက် မြန်မာ့ဒီမိုကရေစီရေးအတွက် အားရစရာဖြစ်လာမယ်လို့ ဦးနေတင်မြင့်က သုံးသပ်ပါတယ်။

ဦးနေတင်မြင့် ။. ။ ၁ က ဦးကျော်မိုးထွန်း ကို ဆက်လက်ထားရှိတဲ့အတွက် ကုလသမဂ္ဂမှာ တည်ရှိနေတဲ့အတွက် NUG အစိုးရ နဲ့ နွေဦးတော်လှန်ရေးကို အမေရိကန်အပါအဝင် ဒီကမ္ဘာ့နိုင်ငံအသီးသီး က ပိုပြီးတော့ ထောက်ခံနိုင်တဲ့ အနေအထားရှိအောင် လုပ်ပေးနိုင်ပါတယ်။ ဒုတိယအနေနဲ့ကတော့ စစ်အကြမ်းဖက် အုပ်စုရဲ့ မတရား ဥပဒေမဲ့ လုပ်ဆောင်မှုတွေကို သူက ကမ္ဘာ့နိုင်ငံအသီးသီးကို ကုလသမဂ္ဂ စင်မြင့်မှာ ပြောဆိုနိုင်တဲ့အတွက် စစ်အာဏာရှင်ကျဆုံးခန်းလို့ ပြောရင်မမှားပါဘူး။ ပြီးတော့ ဒီမိုကရေစီ အင်အားစုတွေရဲ့ ဒီပန်းတိုင်က ပိုနီးသွားပြီလို့ ပြောချင်ပါတယ်။

Credentials ကော်မတီမှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် အမေရိကန် ပြည်ထောင်စု၊ ရုရှား ၊ တရုတ် တို့အပါအဝင် နိုင်ငံ ၉ နိုင်ငံပါဝင်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

{{Zawgyi/Unicode}}














XS
SM
MD
LG