သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကယ်ဒမီ ကျော်သူ သုခ အခမဲ့ဆေးခန်း မျက်စိခွဲစိတ် ကုသမှု တိုးချဲ့


အကယ်ဒမီ ကျော်သူ သုခ အခမဲ့ဆေးခန်း မျက်စိခွဲစိတ် ကုသမှု တိုးချဲ့
အကယ်ဒမီ ကျော်သူ သုခ အခမဲ့ဆေးခန်း မျက်စိခွဲစိတ် ကုသမှု တိုးချဲ့

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ကျော်သူ ဦးဆောင်ဖွဲ့စည်းထားတဲ့ နာရေးကူညီမှုအသင်းက သုခ အခမဲ့ဆေးခန်းပါ တွဲပြီး ကုသပေးနေတာမှာ လာမယ့် နှစ်သစ်အတွင်း မျက်စိ ခွဲစိတ်ကုသမှုပါ တိုးချဲ့ လုပ်ဆောင်သွားမယ်လို့ ဦးကျော်သူက ပြောပါတယ်။ အခုလို မျက်စိခွဲစိတ်ခန်း တိုးချဲ့ ဖွဲ့စည်းနိုင်အောင်နဲ့ လိုအပ်တဲ့ စက်ပစ္စည်းတွေ မှာယူနိုင်အောင် ပြည်တွင်း ပြည်ပက အလှူရှင်တွေက သူတို့ လူမှုရေးအဖွဲ့ကို လှူဒါန်းကြတဲ့အတွက် အခုလို တိုးချဲ့ဖွင့်လှစ်ဖို့ ဖြစ်လာတာလို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဦးကျော်သူ ဦးဆောင်ဖွဲ့စည်းထားတဲ့ နာရေးကူညီမှု အသင်းက ဖွင့်ထားတဲ့ သုခ ကုသိုလ်ဖြစ် ဆေးခန်းမှာ မျက်စိလာပြကြတဲ့ လူနာတွေ အနေနဲ့ ခွဲစိတ်ကုသဖို့ လိုတဲ့အခါ အပြင်မှာ ခွဲစိတ်ရင် အကုန်အကျ များတဲ့အတွက် လူနာတွေ အကုန်အကျ သက်သာအောင် အခုလို ခွဲစိတ်ခန်းပါ တပါတည်း တွဲဖွင့်ဖို့ စီစဉ်တာ ဖြစ်တဲ့အကြောင်း ဦးကျော်သူက ပြောပါတယ်။

“ကျနော်တို့ မျက်စိခွဲစိတ်ခန်းလုပ်ဖို့ အစီအစဉ် လုပ်နေပါတယ်။ ကျနော်တို့ဆီမှာ မျက်စိဆရာဝန်တွေက လူနာတွေကို ကြည့်လို့ မျက်စိခွဲရမယ့် လူနာတွေဆိုရင် ကျနော်တို့က ဆေးရုံတို့၊ သက်ဆိုင်ရာ ဆေးခန်းတို့ကို ပို့နေရတယ်။ ပို့နေရတော့ သူတို့အတွက် စရိတ်စကလည်း ကုန်တယ်၊ အချိန်လည်း ကုန်တယ်၊ လူလည်း ပင်ပန်းတယ်။ အဲတော့ ခွဲရမယ့် လူနာတွေကို ကျနော်တို့ ဒီမှာတင် တခါတည်း ခွဲပေးဖို့ အစီအစဉ် လုပ်တာပါ။”

ဒီ မျက်စိခွဲစိတ်ကုသခန်း ဖြစ်မြောက်ရေးအတွက် ပြည်တွင်း ပြည်ပမှာရှိတဲ့ အလှူရှင်တွေက စေတနာ ထက်သန်စွာနဲ့ လှူနေကြတဲ့အတွက် အခုလို ဆေးခန်း တိုးချဲ့တည်ဆောက်ရေး အစီအစဉ်ကို အကောင်အထည် ဖော်လာနိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အလှူရှင်တွေကတော့ တော်တော်လှူနေပါတယ်။ အခု မျက်စိခွဲစိတ်ခန်းအတွက်ဆိုရင် အလှူရှင်တွေ တော်တော် အားတက်သရောနဲ့ လှူကြပါတယ်။ အလှူရှင်တွေ လှူလို့လည်း ကျနော် ဒီလုပ်ငန်းတွေကို လုပ်နိုင်တာပါ။ အခုဆိုရင် တော်တော် ပိုများလာတယ်။ မျက်စိခွဲခန်းကို လူတော်တော်များများက စိတ်ဝင်စားတယ်။ စိတ်ဝင်စားပြီးတော့ လှူကြတယ်ပေါ့လေ။ အလှူငွေကတော့ တော်တော်လေး ရပါတယ်။ ပစ္စည်းကတော့ ကျနော်တို့ မှာထားတုန်းပဲ။ ဂျပန်ကနေပြီး မှာရတော့ ပစ္စည်းက တလ နှစ်လလောက် ကြာတယ်၊ ပစ္စည်းရဖို့က။ အဲတော့ ကြိုကြိုပြီးတော့ မှာနေရတယ်၊ မြန်မြန်လေး အကောင်အထည် ဖော်ချင်လို့ပါ။”

ဒီမျက်စိအထူးကုဆေးခန်း ဖွင့်ပြီးရင်တော့ ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ လူနာတွေကို ခွဲစိတ် ကုသပေးသွားမှာ ဖြစ်တယ်လို့ ဦးကျော်သူက ပြောပါတယ်။

ဦကျော်သူ ဦးဆောင်တဲ့ သုခ ကုသိုလ်ဖြစ် ဆေးခန်းအတွက် UAE အာရပ်စော်ဘွားများ နိုင်ငံမှာနေတဲ့ မြန်မာနိုင်ငံသားတွေ စုပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့က အမေရိကန်ဒေါ်လာ ၃,၀၀၀ လှူဒါန်းခဲ့ကြပါတယ်။

ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေမှာ တိုးချဲ့ကူညီနိုင်ဖို့ အခုလို လုပ်ဆောင်နေသလို တဘက်မှာ လုပ်လက်စ ပညာရေးကဏ္ဍကိုလည်း နှစ်သစ်မှာ တိုးချဲ့ သင်ကြားနိုင်ဖို့ စီစဉ်နေတယ်လို့ ဦးကျော်သူက ဆက်ပြောပါတယ်။

“ကျနော်တို့ အခု ပညာရေးပါ လုပ်နေတယ်။ ပညာရေးကတော့ အရင်တုန်းကဆိုရင် နှစ်စဉ်နှစ်တိုင်းပေါ့ဗျာ၊ အခုလည်း ရှိနေပါတယ်။ ကလေးတွေက ၉ တန်း၊ ၁၀ တန်း အရွယ်အထိ၊ ၄ တန်း၊ ၅ တန်းကနေ အင်္ဂလိပ်စာ သင်တန်းတွေ လုပ်တယ်။ အခုဆိုရင် ၁၀ တန်းပြီးတော့ ဘွဲ့ရသည်အထိ Four Skills အင်္ဂလိပ်စာ သင်တန်းပေါ့လေ၊ Speaking တို့ Grammar တို့ သင်တန်းစပေးဖို့ လုပ်နေပါတယ်။”

ဦးကျော်သူ ဦးဆောင်ဖွဲ့စည်းထားတဲ့ ဒီ နာရေးကူညီမှု အသင်းဟာ လာမယ့် ဇန်နဝါရီ ၁ ရက်နေ့၊ နှစ်သစ်ကူးနေ့မှာ ၁၀ နှစ်တင်းတင်း ပြည့်တော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လောလောဆယ် အဆောက်အဦးတွေ တိုးချဲ့ တည်ဆောက်နေတဲ့အတွက် နှစ်ပတ်လည်ပွဲကိုတော့ နောင် အဆောက်အဦးတွေ တည်ဆောက်ပြီးမှပဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

“နှစ်သစ်ကူး ဇန်နဝါရီ ၁ ရက်နေ့ကျရင်တော့ ကျနော်တို့ နာရေးကူညီမှုအသင်း ၁၀ နှစ်လည်း ပြည့်ပြီ။ ဒါပေမဲ့ ၁၀ နှစ်ပြည့် အခမ်းအနားကတော့ ကျနော်တို့ မလုပ်နိုင်သေးဘူးပေါ့လေ။ လောလောဆယ် ဆောက်လက်စ အဆောက်အဦးက မပြီးသေးတော့ ဒီအဆောက်အဦးပြီးမှ ၁၀ နှစ်ပြည့် အခမ်းအနား သီးသန့် လုပ်သွားမယ်။ အခု ဒီ ဇန်နဝါရီ ၁ ရက်နေ့ကတော့ ကျနော့်အမျိုးသမီး မွေးနေ့လည်း ဖြစ်တယ်။ အဲဒီနေ့ကိုတော့ ကျနော့်အိမ်မှာ ပန်းချီပြပွဲလေးလုပ်ဖို့ အစီအစဉ် ရှိပါတယ်။ ကျနော်ဆွဲထားတဲ့ ပန်းချီကားတွေ ပြဖို့ပါ။ လာတဲ့မိတ်ဆွေတွေကို ပြဖို့ပါ။ ပွဲကြီးရယ်လို့ လုပ်မှာတော့ မဟုတ်ပါဘူး။”

နာရေးကူညီမှု အသင်းက ဦးကျော်သူ ပြောပြခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG