သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်အခြေချမယ့် ရိုဟင်ဂျာတွေနဲ့ ဒေသခံတွေကြား အမြင်ရှင်းအောင် လုပ်ပေးဖို့လို


နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Abul Hassan Mahmood Ali.
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Abul Hassan Mahmood Ali.

ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်သွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအရေး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ကိုယ်တိုင် မြန်မာနိုင်ငံကို ကိုယ်တိုင်လာရောက်ပြီး မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ လာရောက်တွေ့ဆုံ ညှိနှိုင်း နေမှုကို အလားအလာကောင်းအဖြစ် ကြိုဆိုလက်ခံကြပေမဲ့လို့ ဒီဒုက္ခသည်တွေအပေါ် မြန်မာပြည်သူတွေကြား ကွဲပြားတဲ့ အမြင် သဘောထားတွေအပေါ် နားလည်မှုရှိလာအောင် ရှင်းလင်းကြဖို့လိုအပ်တယ်လို့ ရခိုင်အရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ အစိုးရဘက်ကလည်း နိုင်ငံသား ဖြစ်ခွင့်ရှိသူတွေကို နိုင်ငံသား အခွင့်အရေးနဲ့အညီ အခွင့်အရေးပေးဖို့လိုပြီး ဖြစ်ခွင့် မရှိဘူး ဆိုရင်လည်း ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းဖို့လိုတယ်လို့ ရခိုင်နိုင်ငံရေးပါတီက ထောက်ပြပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံကို ရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Abul Hassan Mahmood Ali ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ မနေ့က နေပြည်တော်က မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား ဝန်ကြီးအဆင့် အစည်းအဝေးကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတိမ်းရှောင်သွားတဲ့ ရခိုင်ဒေသက နေရပ်စွန့်ခွာသွားကြ သူတွေ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ် ဆောလျင်စွာစတင်နိုင်ရေး သဘောတူညီချက် ( ၈) ချက်ကို နှစ်နိုင်ငံသဘောတူခဲ့ကြပါတယ်။

အခုလိုမျိုး ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်သွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးကိုယ်တိုင် မြန်မာနိုင်ငံကို ကိုယ်တိုင်လာရောက်ပြီး မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ လာရောက်တွေ့ဆုံ ညှိနှိုင်းနေမှုကို အလားအလာ ကောင်း အဖြစ် ကြိုဆိုလက်ခံကြပေမဲ့လို့ ဒီဒုက္ခသည်တွေအပေါ် မြန်မာပြည်သူ တွေရဲ့ သဘောထားအမြင်ကွဲပြားမှုတွေကို ရင်ကြားစေ့ရှင်းလင်းပေးဖို့ လိုအပ်တယ်လို့ ကုလ သမဂ္ဂ အတွင်းရေး မှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးအေးလွင်က အခုလိုသုံးသပ်ပါတယ်။

“ဟုတ်ကဲ့။ ဒါ ကောင်းပါတယ်။ လုပ်သင့်တာလည်း ကြာပါပြီ။ သူတို့ကိုယ်တိုင် လာတဲ့အတွက်ကြောင့် government to government ကိစ္စရပ်ကလေးတွေကတော့ တိုးတက်မှုရှိတယ်လို့ ထင်တယ်။ သို့သော် ကျနော့်အနေနဲ့ ပြည်သူကြားမှာ နားလည်မှုတည်ဆောက်ဖို့တွေနဲ့ ရင်ကြားစေ့ရေးက အဓိကလုပ်ဖို့ လိုပါတယ်။ အဲဒါလေးကိုတော့ ဆက်လက်ပြီးတော့ အကောင်အထည်ဖော်ဖို့ လိုအပ်ပါလိမ့်မယ်။ နှစ်ဘက် အမြင်တွေက တော်တော်လေး ကွာနေပါတယ်။ ပြည်တွင်းက တချို့သောအမြင်တွေကတော့ဖြင့်ရင် ဒီပုဂ္ဂိုလ်တွေ တဦးတယောက်မှ မြန်မာပြည်နဲ့ မပတ်သက်တဲ့လူတွေ၊ နိုင်ငံခြားသားတွေ၊ အစိုးရအဆက်ဆက်ကနေ ခိုးဝင်လာကြတယ်။ မတရား မြေတွေသိမ်းထားတယ်။ အဲဒီတော့ သူတို့က ဒီမှာ ဆူပူသောင်းကြမ်းမှုလုပ်ပြီးတော့ ကာကွယ်ရေးအဖွဲ့တွေက နှိမ်နင်းတဲ့အခါကျတော့ ထွက်ပြေးသွားကြတယ်။ သူတို့ အပြစ်ကျူးလွန်လို့ ထွက်ပြေးသွားကြတယ်။ သူတို့ဌာနေကို သူတို့ ပြန်သွားကြတယ်။ အဲဒါပြီးပြီပေါ့။ သူတို့ကို ဘာလို့ ခေါ်နေတာတုန်းဆိုပြီးတော့ ဆိုတဲ့အမြင်က ဗမာပြည်ထဲမှာ အဲဒီပုံစံ၊ အဲလိုကြီး မပြောသည့်တိုင်အောင် တိုင်းရင်းသားတွေကိစ္စကိုတော့ မစဉ်းစားဘူး၊ လူမျိုးခြား၊ ဘာသာခြားတွေအတွက်တော့ အမျိုးမျိုး လုပ်ပေးနေတယ်ဆိုပြီးတော့ မြှောက်ထိုးပင့်ကော် လုပ်နေတဲ့သူတွေရဲ့ သွေးထိုးလှုံ့ဆော်မှုက အဲဒီအသံက ပြည်တွင်းက အရမ်းကျယ်လောင်နေတယ်။ ပြည်ပကလည်း ဘာဖြစ်နေလဲဆိုလို့ရှိရင် ဒီကိစ္စရပ်တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတို့၊ humanitarian crisis တို့၊ လူမှုရေးအနိဌာရုံကြီးတခုတောင် ဖြစ်နေပါပြီဆိုတဲ့ ကိစ္စရပ်တွေ၊ အဲဒီလိုအမြင်နှစ်ခုကို ရင်ကြားစေ့ဖို့က တွေ့ဆုံဆွေးနွေးရေးပဲ။ ကျနော်တို့က အစိုးရ အချင်းချင်းတွေ့တာလည်း အင်မတန် လိုအပ်တယ်။ သံခင်းတမန်ခင်းလည်း လိုအပ်တယ်။ အဲဒီတော့ ပြည်သူတွေကို ထိတွေ့ဖို့ လိုတယ်လို့ ကျနော်မြင်တယ်။”

ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေရဲ့အရေး အစိုးရဘက်က ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ကုလ သမဂ္ဂ အဖွဲ့ အစည်း တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အပေါ် - ဒေသခံတွေနဲ့ နိုင်ငံရေး ပါတီတွေရဲ့ အမြင်သဘောထားကို အလေး ထားဖို့လိုသလို မြန်မာအစိုးရအနေနဲ့ နိုင်ငံသားဖြစ်ခွင့်ရှိသူကို ဥပဒေနဲ့အညီ နိုင်ငံသားအခွင့်အရေး အပြည့်အဝ ပေးသင့်သလို ဖြစ်ခွင့် မရှိဘူးဆိုရင်လည်း ပြတ်ပြတ်သားကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ ရခိုင်အမျိုးသား ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအောင်မြတ်ကျော်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

“နိုင်ငံသားဖြစ်သင့်တဲ့လူကို နိုင်ငံသားဖြစ်ခွင့် ပေးလိုက်။ မြန်မာတနိုင်ငံလုံးကို သွားခွင့် ပေးလိုက်။ ဒီနေရာမှာပဲ ပိတ်လှောင်မထားပါနဲ့၊ နိုင်ငံသား မဖြစ်သင့်တဲ့လူကို နိုင်ငံသားမဖြစ်သင့်တဲ့” နိုင်ငံခြားသားအဖြစ် ပြတ်ပြတ်သားသား ကြော်ငြာ၊ ပြီးရင် အဲဒါတွေကို စိစစ်မှုတွေကို မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင်တော့ ကျနော်တို့ ဒေသခံတိုင်းရင်းသားတွေအနေနဲ့ရော ၊ ဒီဘက်က ရခိုင် နိုင်ငံရေးပါတီတွေရော လူမှုအဖွဲ့အစည်းတွေရော အဲဒါတွေက လက်ခံကြမယ့် အတိုင်းအတာအနေနဲ့ ကျနော်တို့က အမြဲတမ်း ပြောဖြစ်ပါတယ်။ အခုက အဲဒီကိစ္စတွေကို ဘာမှမလုပ်ဘဲ အဲလို လက်ခံမယ်၊ လက်ခံမယ်၊ လက်ခံမယ်...ပဲ အဲလိုမျိုးဖြစ်နေတော့ ဒီဘက်က ဒေသခံ လူထုကတော့ ကျေနပ်မှု မရနိုင်ဘူး၊ ပြေလည်မှုက တော့ရနိုင်မယ်လို့ကတော့ ကျနော်တို့ မထင်ပါဘူး။ ဒီလိုမျိုး လုပ်နေတယ် ဆိုရင်တော့.."

ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်သွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကိုတော့ မြန်မာအစိုးရ ဘက်က ရိုဟင်ဂျာ ဒုက္ခသည်တွေအဖြစ် မသုံးနှုန်းပါဘူး။ ဘင်္ဂလား-မြန်မာနှစ်နိုင်ငံအရေး လေ့လာအကဲခတ်နေတဲ့ မြန်မာနိုင်ငံရေး သုံးသပ်သူဒေါက်တာခင်ဇော်ဝင်းကတော့ အခု လို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် မြန်မာနိုင်ငံကို လာရောက်ပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေအရေး အစိုးရပိုင်းတာဝန်ရှိသူတွေနဲ့ လာရောက်တွေ့ဆုံ ဆွေးနွေးမှုကို အလားအလာကောင်းတခုအဖြစ် ရှုမြင်ပါတယ်။

“ဘင်္ဂလားဒက်ရှ်က နိုင်ငံလေးသာ သေးတာ။ နိုင်ငံကြီးသားလို သူက ကိုင်တွယ်တတ်တယ်၊ စဉ်းစားတတ်တယ်။ အခြေအနေဆိုးဝါးမယ်ဆိုတာကိုသိလို့ ဒါကို သူက မဆိုးရအောင်၊ ပြောမယ်ဆိုရင် အဖတ်ဆယ်လို့ရအောင် ဆိုပြီး သူက ဒီလို ထွက်လာတာ။ အကောင်းဘက်က မြင်တယ်။ အကောင်းဘက်က မြင်တယ်။ သူလုပ်သလိုပဲ .ကိုယ့်ဘက်ကလည်း..နားလည်ပေးဖို့လိုတယ်။ နော်၊ ဘင်္ဂလားဒက်ရှ်က ICC အဖွဲ့ဝင်-နော်။ သူတို့လုပ်မယ်ဆိုလို့ရှိရင် ဘင်္ဂလားဒက်ရှ်-မြန်မာ နှစ်ခုပေါင်းအတွက် အခြေအနေဆိုးမဖြစ်ရအောင် သူ့အနေနဲ့က အဖြေရှာပေးရမှာ။”

နေပြည်တော်မှာမနေ့ကကျင်းပခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့် ဆွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အဘူ အာ ဆန် မာမွတ်အာလီတို့ ပူးတွဲသဘာပတိအဖြစ် တာဝန်ယူပြီး အစိုးရဝန်ကြီးတွေ တက် ရောက်ခဲ့တဲ့ အစည်းအဝေးကနေ မြန်မာ-ဘင်္ဂလားနှစ်နိုင်ငံ သဘောတူညီချက်တွေ ကတော့ နေရပ်စွန့်ခွာသွားသူတွေ ကိုယ့်သဘော ဆန္ဒအလျောက် လုံခြုံစိတ်ချစွာနဲ့ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးဆောင်ရွက်ဖို့နဲ့ နှစ်နိုင်ငံဝန်ကြီးတွေအကြား တိုက်ရိုက် ဆက်သွယ်နိုင်တဲ့ HOTLINE တခု ထူ ထောင်ထားတာ၊ နှစ်နိုင်ငံအကြား သဘောတူ ထားသည့် စိစစ်ရေးပုံစံ (VERIFICATION FORMS) စိစစ်ရေး ပုံစံတွေကို Cox’s Bazar မှာ ရောက်နေ သူတွေထံ ဖြန့်ဝေရေးနဲ့နှစ်နိုင်ငံစလုံးမှာ ယာယီလက်ခံရေး စခန်းတွေ နဲ့ ကြားစခန်းတွေ ဆောက်လုပ် ဖွင့်လှစ်ရေး ၊ နှစ်နိုင်ငံနယ်နိမိတ် အထူးသဖြင့် နိုင်ငံတကာ ပိုင်နက်နဲ့ မြန်မာ ပိုင်နက် နယ်မြေပေါ်မှာ တည်ဆောက်ထားတဲ့ ခြံစည်း ရိုးကြားမှာ နေ ထိုင်နေသူတွေကို ပြန်လည်လက်ခံရေး၊ အဲဒီလူတွေကို လူသားစာနာမှု အကူအညီတွေ ပေးရေးဆိုင်ရာတွေအပြင် နေရပ်စွန့်ခွာသွားသူတွေကို ဘင်္ဂလား ဒေ့ရှ်က ထုတ်ပေး ထားတဲ့ သက်သေခံလက်မှတ်ပေါ်မှာ သုံးထားတဲ့ အသုံးအနှုန်းကို ပြန်ပြင်ပေးဖို့ ဘင်္ဂလား ဒေ့ရှ်က သဘောတူတဲ့အကြောင်းနဲ့ နယ်စပ်မျဉ်း ကို နှစ်နိုင်ငံ ပူးတွဲစစ်ဆေးဖို့ သဘောတူကြတယ် ဆိုတာ တွေကို ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တိမ်းရှောင်သွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာအစိုးရဘက်က ရိုဟင်ဂျာဒုက္ခသည်အဖြစ် မသုံးနှုန်းပါဘူး။ မြန်မာနိုင်ငံကို ရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဟာ ရခိုင်ပြည်နယ်ကိုလည်း ဒီကနေ့ ခရီးဆက်ဖို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG