သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICC ငြင်းဆိူမှုကြောင့် နိုင်ငံတကာယုံကြည်မှု ပိုကျနိုင်


နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင့်ဆွေ ၇၃ ကြိမ်မြောက် ကုလ အထွေထွေညီလာခံတက်ရောက်လာစဉ်။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင့်ဆွေ ၇၃ ကြိမ်မြောက် ကုလ အထွေထွေညီလာခံတက်ရောက်လာစဉ်။

လူ့အခွင့်အရေးကောင်စီရဲ့ တလောက ဆုံးဖြတ်ချက်အပါအဝင် ICC ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရက အရင်တုန်းက ပြောထားဖူးတဲ့ ရပ်တည်ချက်တွေအတိုင်းပဲ လက်မခံနိုင်ဘူးလို့ ဝန်ကြီး ဦးကျော်တင့်ဆွေက ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း ပြောကြားသွားတာဟာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ယုံကြည်မှုကို ပိုပြီးကျဆင်းစေတယ်လို့ မြန်မာ့အရေးလေ့လာ သုံးသပ်သူတွေက ပြောဆိုလိုက် ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်း အထူးသဖြင့် ကုလသမဂ္ဂနဲ့ ပွင့်လင်းမြင်သာစွာ ပိုပြီးပူးပေါင်းဆောင်ရွက် နိုင်မှသာ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ နိုင်ငံတကာ ဖိအားတွေ လျော့ကျလာနိုင်မှာဖြစ်တယ်လို့ ပြောဆိုပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကျင်းပနေတဲ့ ၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ စက်တင်ဘာလ ၂၈ ရက်၊ သောကြာနေ့က နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်အကျပ်အတည်း ဖြေရှင်းရေး အကောင် အထည်ဖော်ဆောင်ရွက်နေကြောင်းနဲ့ လူ့အခွင့်အရေးကောင်စီရဲ့ အစီရင်ခံစာနဲ့ ICC ရဲ့ ဆုံးဖြတ်ချက်တွေကို အရင်က မြန်မာအစိုးရ ပြောထားဖူးတဲ့အတိုင်းပဲ လက်မခံနိုင်ဘူးလို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

ဒီလို ပြောဆိုမှုဖြေရှင်းမှုတွေက မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ယုံကြည်မှုကို ပိုပြီးကျဆင်းစေတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအဖွဲ့ AAPPB တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

“အခုလိုမျိုး သူတို့က တဖက်သက်ငြင်းဆိုနေတယ်ဆိုတာက အမှန်တရားနဲ့ ဆန့်ကျင်နေသလိုဖြစ်နေတယ်လေ ဒီလိုငြင်းဆိုနေရုံနဲ့တော့ မြန်မာအစိုးရ အပေါ်မှာ အထင်အမြင်တွေလွဲနေတာကို ပိုပြီးတော့လွဲဖို့ ဖြစ်သွားစေတယ်။ အဲဒီတော့ ရှေ့ဆက်ပြီးတော့ တဦးချင်းကိုပဲဖြစ်ဖြစ် အစိုးရအဖွဲ့ကိုပဲဖြစ်ဖြစ် ပိတ်ဆို့အရေးယူမှုတွေက တစုံလုံးအနေနဲ့လုပ်လို့ ရရင်တောင်မှ နိုင်ငံတစ်နိုင်ငံချင်းစီတွေကနေပြီးတော့ ပိတ်ဆို့တာမျိုးတွေဖြစ်လာနိုင်တယ်။ ဒါက စီးပွားရေးအခွင့်အလမ်းတွေ တိုးတက်ရေးအတွက် အနှောင့်အယှက်ဖြစ်နိုင်တာတွေကိုတော့ အနှိမ့်ဆုံးကြုံရနိုင်တယ်။ နိုင်ငံရေးအရဖိအားတွေ ဒီထက်ပိုများလာမယ်ဆိုရင် ပြည်တွင်းညီညွတ်ရေးတွေကိုပါ အများကြီးထိခိုက်သွားနိုင်မယ့် အနေအထားမျိုးတွေ ရှိလာနိုင်ပါတယ်။ နောက်တခုက တကယ်ဖြစ်ခဲ့တာဆိုရင်လည်း တကယ်ဖြစ်ခဲ့တဲ့သူတွေကို ထိထိရောက်ရောက် အစိုးရဘက်ကအရေးယူပေးဖို့လိုတယ်။ အဲလိုအရေးယူပေးတဲ့အခါကြတော့မှ ဒါက အစိုးရရဲ့ ပေါ်လစီမဟုတ်ဘူးဆိုတာမျိုး ပြတ်ပြတ်သားသားနိုင်ငံတကာက ပြတ်ပြတ်သားမြင်မှာဖြစ်ပါတယ်။ အခုဟာက လူအခွင့်အရေးချိုးဖောက်တဲ့သူတွေကို ထိထိရောက်ရောက်အရေးယူတာမျိုးတွေတွေ့ရခဲတယ်။ ဒီလိုမျိုး အရေးမယူပဲ ထားတယ်ဆိုလိုရှိရင် ကာကွယ်ပေးနေသလိုမျိုးတွေဖြစ်နေတာရှိတယ် အဲတော့ အစိုးရရဲ့ ဂုဏ်သိက္ခာလည်းထိခိုက်စေပါတယ်။”

ရခိုင်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာက စိုးရိမ်မကင်းဖြစ်နေချိန်မှာ မြန်မာအစိုးရက နိုင်ငံခြားသား သံတမန်တွေ ပါဝင်တဲ့ လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင်တရပ်ဖွဲ့ခဲ့တာပါ။ ဒီလိုအဖွဲ့အနေနဲ့ လေ့လာတွေ့ရှိ ချက်တွေကို ပွင့်လင်းမြင်သာစွာချပြဖို့လိုပြီး နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်မှသာ နိုင်ငံတကာရဲ့ ယုံကြည်မှုရပြီး ဖိအားတွေ လျော့လာမှာ ဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက မြင်ပါတယ်။

“တကယ်တမ်းက ရခိုင်အရေးနဲ့ပတ်သက်ပြီးတော့ မြန်မာအစိုးရရဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမူတွေကို နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မူ ပွင့်လင်းမြင်သားမူရှိချင်ရင် လုပ်ဖို့လိုအပ်တယ်လို့ မြင်တယ်။ နောက်ဒီစုံစမ်းစစ်ဆေးမူတွေရဲ့ အစီရင်ခံစာကိုလည်းပဲ နိုင်ငံတကာအသိုင်းအဝိုင်းရော ပြည်တွင်းမှာရော ကျယ်ကျယ်ပြန့်ပြန့် သိအောင်ပေါ့လေ ပွင့်လင်းမြင်သားမှုရှိရှိနဲ့ ထုတ်ပြန်နိုင်ဖို့ လိုအပ်တယ်လို့မြင်တယ်။ အဲဒါမှသာလျှင်ပြည်တွင်းကနေ လုပ်တဲ့ စုံစမ်းစစ်ဆေးမူတွေ နောက်အဲဒီစုံစမ်းစစ်ဆေးမူတွေရဲ့ အစီရင်ခံစာပေါ်မှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ယုံကြည်မူဟာလည်း မြှင့်တက်လာမယ်လို့ အဲဒီလိုမြင်ပါတယ်ဗျ။”

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ပတ်သက်လာရင် ဒီမိုကရေစီကို ဖေါ်ဆောင်မယ်ဆိုတဲ့ NLD အစိုးရက မိမိတို့အစိုးရရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ထုတ်ပြသင့်တယ်လို့ ကိုဘိုကြည်က အကြံပြုပါတယ်။

“သေချာတာက လူအခွင့်အရေးချိုးဖောက်မှုရှိနေတာကို ရှိနေတယ်လို့ ပြတ်ပြတ်သားပြောဖို့လိုတယ်။ ပြီးလိုရှိရင် နိုင်ငံရေးအရ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရကိုးကားအရေးယူလို့ မရတာကတခု၊ ဒါက ကိုယ်ဆီမှာ ဒီလိုမျိုးမဖြစ်အောင် ကာကွယ်ပေးချင်တယ်။ ဖြစ်နေတာကိုလည်း ဖြစ်နေတဲ့အတိုင်းအသိအမှတ်ပြုတဲ့ ဟာမျိုးကတော့ ထုတ်ဖော် ပြောဆိုသင့်တာမျိုးတွေတော့ရှိပါတယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုလိုရှိရင် အကုန်လုံးက ရေငုတ်နှုတ်ပိတ်နေခြင်းအားဖြင့် တဖက်ကို ကာကွယ်ပေးရာရောက်တယ်။ ကိုယ်ရဲ့ ဂုဏ်သိက္ခာနဲ့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာတွေကို အများကြီးထိခိုက်စေမှာပါ။”

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍက အရေးပါတယ်ဆိုပေမယ့် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ယုံကြည်မှု ရအောင်လုပ်ဖို့ကလည်း အရေးပါတယ်လို့ ရန်မျိုးသိမ်းက ထောက်ပြပါတယ်။

“မြန်မာပြည်ရဲ့ ဒီမိုကရေစီအပြောင်းအလဲမှာ အရပ်ဖက်စစ်ဖက်ဆက်ဆံရေးဟာ အင်မတန်မှအရေးကြီးတယ် အဲဒီတော့ အရပ်ဖက်ခေါင်းဆောင်တွေနဲ့ စစ်ဖက်ခေါင်းဆောင်တွေ ကြားမှာ ယုံကြည်မှု၊ နားလည်မူ တည်ဆောက်နိုင်မှ တကယ် ကျနော်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီအပြောင်းအလဲဟာ အားကောင်းနိုင်မယ်။ နောက်အမျိုးသားပြန်လည်သင့်မြတ်ရေး ပိုပြီးတော့ အားကောင်းဖို့ တိုးမြှင့်နေတဲ့ တချိန်တည်းတပြိုင်နက်တည်းမှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ကျနော်တို့ ရခိုင်အရေးပေါ့ ICC အရေးအပါအဝင် ဖိအားပေးမူတွေ အကျပ်အတည်းတွေ စိန်ခေါ်မူတွေ ဥပဒေနဲ့ ပတ်သက်လျှင် နိုင်ငံတကာရဲ့ အသိုင်းအဝိုင်းရဲ့ ယုံကြည်မူပိုပြီးတော့ ရအောင်လည်းပဲ လုပ်ဖို့လိုအပ်တယ် လို့မြင်ပါတယ်။”

မြန်မာ့အသွင်ကူးပြောင်းရေးကာလမှာ NLD အစိုးရဟာ စစ်တပ်ပေါ်ကို လွှမ်းမိုးမှုမရှိဘူးလို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကရော နိုင်ငံတကာကပါ ဝေဖန်နေသလို၊ စိန်ခေါ်မှုမျိုးစုံနဲ့လည်း ရင်ဆိုင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG