သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသံရုံး အကြီးတန်း သံတမန် အမေရိကန်မှာ နိုင်ငံရေးခိုလှုံ


အမေရိကန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည့် မြန်မာသံရုံး အကြီးတန်သံတမန် ဦးကျော်ဝင်း။
အမေရိကန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည့် မြန်မာသံရုံး အကြီးတန်သံတမန် ဦးကျော်ဝင်း။

ဝါရှင်တန်မြို့ မြန်မာသံရုံး ဒုတိယအကြီးအကဲ သံမှူးကြီး ဦးကျော်ဝင်းက မြန်မာအစိုးရခေါင်းဆောင်တွေ အနေနဲ့ မကြာမီကာလ အတော အတွင်း ဒီမိုကရေစီအပြောင်းအလဲ ဖေါ်ဆောင်နိုင်ဖို့ မျှော်လင့်ချက် ကင်းမဲ့နေတာကြောင့် ရာထူးကနှုတ်ထွက်ပြီး အမေရိကန်ပြည်ထောင်စုမှာ ခိုလှုံဖို့ဆုံးဖြတ်လိုက်ပါတယ်။

ဦးကျော်ဝင်းက အမေရိကန်နဲ့ မြန်မာအစိုးရ ဆက်ဆံရေးတိုးတက်အောင် ပြုပြင်ပြောင်းလဲရေး တွန်းအား ပေးဖို့ ကြိုးပမ်းခဲ့ပေမဲ့ လက်မခံတဲ့အတွက် နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ရတာလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Hillary Clinton ထံကို ဒီနေ့ ဇူလိူင်လ ၄ ရက်နေ့မှာ ပေးပို့လိုက်တဲ့ စာမှာ ဖေါ်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာအစိုးရ ခေါင်းဆောင်တွေနဲ့ သူတို့နဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေအပေါ် ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဆက်လက်ထိန်းထားဖို့ တိုက်တွန်းလိုက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့နိုင်ရေး ဝိုင်းဝန်း ဖိအားပေးပါရန် ဦးကျော်ဝင်းက ပန်ကြားလိုက်ပါတယ်။

မြန်မာအစိုးရ အနေနဲ့ ဒီမိုကရေစီကို ကြောက်စရာတခုအဖြစ် သဘောမထားဘဲ ဒီမိုကရေစီကို ပိုက်ထွေးခြင်းကသာလျှင် ရှေ့ကို တက်လှမ်းနိုင်မှာ ဖြစ်တယ်လို့လည်း အမှာစကားလည်း ပါးလိုက်ပါတယ်။

ဦးကျော်ဝင်းဟာ ဝါရှင်တန်မြို့ မြန်မာသံရုံးရှေ့ ဒီမိုကရေစီရေး ဆန္ဒပြသူတွေအပေါ် ရင်းရင်းနှီးနှီး ဆက်ဆံလေ့ရှိပြီး ဝါရှင်တန် မြန်မာအသိုင်းအဝိုင်းမှာလည်း သူ့ရဲ့ လုပ်ပိုင်ခွင့် ဘောင်အတွင်းက ပြေပြေလည်လည် ကူညီတတ်သူအဖြစ် လူသိများပါတယ်။

၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ ၁၀ ရက်နေ့က အမေရိကန်ရောက် ကချင် တိုင်းရင်းသားတွေရဲ့ ဒီမိုကရေစီရေး တောင်းဆိုတဲ့ သံရုံးရှေ့ ဆန္ဒပြပွဲမှာ ဦးကျော်ဝင်းက ဝန်ထမ်းတွေရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ကချင်လူငယ်တွေကို အခုလို ရှင်းပြခဲ့ဖူးပါတယ်။

“ကိုယ်တို့ ရှေ့လျှောက် ဘာလုပ်ကြမလဲ၊ ကိုရင်တို့လိုတာ ကိုရင်တို့ပြော၊ ကိုယ်ကတော့ ဝန်ထမ်းဆိုတော့ ကိုရင်တို့ပြောတာ တင်ပေးမယ်။ ကိုယ်တို့မှာလည်း ဘာမှ ဆောင်ရွက်ပိုင်ခွင့် မရှိပါဘူး။ ဒါပေမဲ့ ကိုရင်တို့ပြောတာကို တင်ပေးမယ်။ ရန်ကုန်က ပြန်ပြောတာရှိရင် ပြောပေးမယ်။ ဒါပဲ လုပ်လို့ရမယ်။”

ဦးကျော်ဝင်းဟာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ၁၉၈၀ ပြည့်နှစ်က သံအရာရှိအဖြစ် စတင်တာဝန်ယူခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ မြန်မာအဖွဲ့ရုံး၊ အိန္ဒိယနဲ့ ဘရာဇီးလ်နိုင်ငံ မြန်မာသံရုံးနဲ့ ဝါရှင်တန်မြို့ မြန်မာသံရုံး စသဖြင့် ရာထူးအဆင့်ဆင့်မှာ လုပ်သက် ၃၁ နှစ် ကြာ တာဝန်ထမ်းခဲ့ပြီး ဒီနေ့ သူ့ရဲ့ နှုတ်ထွက်စာကို မြန်မာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးထံ လိပ်မူ ပေးပို့လိုက်ပါတယ်။

XS
SM
MD
LG