နိုင်ငံကျော် စာရေးဆရာ ကဗျာဆရာမကြီး ကြည်အေးဟာ အသက် (၈၇) နှစ်ပြည့်ပြီး ရက်ပိုင်းမှာပဲ ဒီဇင်ဘာလ ၂၈ ရက်နေ့ ဗုဒ္ဓဟူးနေ့မနက် ၆ နာရီ ၄၉ မိနစ်က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ ဈာပနအခမ်းအနားကို ဆရာမကြီးကြည်အေးရဲ့ ဆန္ဒအတိုင်း မိသားစုက စီစဉ်မှာ ဖြစ်ပါတယ်လို့ သိရပါတယ်။
ဆရာမကြီးကြည်အေး ကွယ်လွန်သွားပြီလို့ သိလိုက်ချိန်မှာ မြန်မာနိုင်ငံတဝှမ်းက စာပေအနုပညာသမားတွေ၊ ကဗျာဆရာတွေနဲ့ စာဖတ်ပရိတ်သတ်တွေက မြန်မာ့ စာပေအနုပညာလောကအတွက် ကြီးမားတဲ့ဆုံးရှုံးမှုကြီးတခုအဖြစ် ဝမ်းနည်းကြေကွဲခံစားကြကြောင်း ရေးသားဖော်ပြကြပါတယ်။ ကွယ်လွန်သူ ဆရာမကြီး ကြည်အေးရဲ့ စာပေကဗျာ ခံစားချက်စာစုတွေအပေါ် ကဗျာဆရာအချို့နဲ့ စာရေးဆရာအချို့ရဲ့ အမြင်တွေကို ဦးကျော်ဇံသာက စုစည်းတင်ပြပေးထားပါတယ်။
ဆရာမောင်အောင်မွန်ဟာ ကြည်အေးထက်နောက်ကျပြီး စာပေလောကထဲကို ဝင်ရောက်လာပေမဲ့ အထူးသဖြင့် ရှုမဝမဂ္ဂဇင်းမှာ ကြည်အေးနဲ့အတူ ရေးသားလာတဲ့ ရေးဖော်ရေးဘက်တဦးဖြစ်ခဲ့ပါတယ်။
“ကြည်အေးက စာဖတ်အားကောင်းတယ်။ အလွန်အမင်းကို ကောင်းတယ်။ သူ စာရေးတဲ့အချိန်မှာ ဂန္ဓဝင်စာအုပ်တွေကို အများကြီး ဖတ်ထားပြီးသား ဖြစ်တဲ့အတွက်ကြောင့်မို့ ဇာတ်ကောင်တို့ ဇာတ်အိမ်တို့ ဖွဲ့တဲ့အခါမှာ အံ့သြစရာကောင်းလောက်အောင် ထူးချွန်အောင်မြင်တာကို သတိထားမိပါတယ်။ နောက်တခုကတော့ ကြည်အေးက စ ဟေ့ ဆိုကတည်းကိုက ရဲရဲတွေး၊ ရဲရဲရေး ဆိုသလိုပဲ သမရိုးကျစာပေတွေနဲ့ မတူတဲ့အတွက်ကြောင့်မို့လည်း သူ့ရဲ့အောင်မြင်မှုကို မကြိုက်ကြတဲ့လူတွေက အဲဒီတုန်းကတည်းကိုက စပြီး ရှိလာပါတယ်။ သူ့ရဲ့ ထူးခြားမှုတခုက ဘာလဲဆိုရင် ဗမာစာပေလောကမှာ ရှိခဲတဲ့ မိခင်ရဲ့အားနည်းချက်များကိုပေါ့လေ ရဲရဲတင်းတင်းရေးတာမျိုး ဥပမာ - နွမ်းလျအိမ်ပြန် မှာ တွေ့ရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်က လွန်ခဲ့တဲ့ ၃ လလောက်တုန်းက တယ်လီဖုန်းနဲ့ ပြောတဲ့အခါမှာ သူ့ကို စာပေ ဒီအဆင့်ကိုရောက်အောင် တင်ပေးတဲ့ အိန္ဒိယဆရာကြီး Mitra ကို ကုလားကြီးကို အရောမဝင်လို့ပြောတော့ သူ့အမေကို တော်တော် စိတ်ဆိုးတယ်တဲ့။ နောက်တချက်ကတော့ ဆေးကျောင်းမှာ သူ အဲ့ဒီလိုတက်နေတာ စာမေးပွဲမကျဘဲနဲ့ မိန်းကလေးက ဒီလောက်ဆိုရင် တော်လောက်ပြီဆိုပြီးတော့ ကျောင်းထွက်လိုက်ရတဲ့အတွက် မကျေနပ်တာဆိုပြီး အဲ့ဒီလို ပြောပြဖူးပါတယ်။”
ကဗျာဆရာ အောင်ဝေး ကတော့ သူတို့နဲ့ခေတ်ပြိုင် ကဗျာဆရာတွေအပေါ်မှာ ဆရာမကြီးကြည်အေး သြဇာ ဘယ်လိုသက်ရောက်ခဲ့တယ်ဆိုတာကို အခုလို ရှင်းပြပါတယ်။
“နိုင်ငံခြားထွက်သွားပေမဲ့လည်း ဒေါ်ကြည်အေးရဲ့စာတွေက ပြည်တွင်းက စာပေလောကမှာရော၊ စာဖတ်ပရိသတ် အဝန်းဝိုင်းမှာပါ သံမှိုကျန်တုန်းပဲ။ အထူးသဖြင့်ပေါ့ ကြည်အေးကဗျာတွေက စူးရှတယ်။ အတွေးအမြင်တွေက တခြားကဗျာဆရာတွေနဲ့ မတူဘူး။ အရေးအဖွဲ့ကလည်း ဆန်းသစ်တယ်။ ကျနော်တို့ ထူးထူးခြားခြား ကြည်အေးကို ဘာကြောင့် စွဲမက်သလဲဆိုတော့ ကြည်အေးရဲ့အမြင်မှာ ဥပမာပေါ့ဆရာရယ် သစ္စာသစ်ကဗျာထဲမှာ
“ကျမချစ်မြဲ….. .သံသာဝဲမှ…..ခွဲထွက်ချင်ဘူး…..တက်မက်ဦးမည်။”
နောက် “မွေ့လျော်ငြိတွယ်…..သေမျိုးနွယ်လဲ…..ရယ်ရွှင်ဝံ့စား….. ငါလူသားဟု…..တရားထွန်းသစ်….. သတ္တိဖြစ်၏။”
ဒါ Philosophy အနုစားတခုပါပဲ။ ဒေါ်ကြည်အေးကဗျာတွေဟာ philosophy romantic ဖြစ်တယ်။ နောက် ဒေါ်ကြည်အေးက အမေရိကားကို ဖွဲ့တဲ့ကဗျာတပုဒ်ရှိတယ်ဆရာရေ့။ ပထမအမြင်တဲ့ ၁၉၇၂ မှာပဲရေးတာ။ အဲဒီအချိန် အဲဒီကာလတုန်းက အမေရိကားရဲ့ အသားအရောင်ခွဲခြားမှုတွေ၊ မူးယစ်ဆေးဝါးတွေ၊ သေနတ်တွေ၊ အဲဒါတွေကို သူ ရေးတာ။ အဲဒီထဲမှာလည်း
“နှင်းခင်းဖုံးကွယ်…..နိုင်ငံကျယ်စွ…..ကြွယ်ဟန်ဆောင်သည်…..နှင်းမှောင်ကန္တာရတံခါးတဲ့”
အမေရိကားရဲ့ အနိဌာရုံတွေကို သူမြင်တာတွေ သူ ဖွဲ့ခဲ့တယ်။ ဒါတွေက realism တွေပါပဲ။”
မြန်မာစာကထိကဟောင်း စာရေးဆရာမ မေငြိမ်းကတော့ ဆရာမကြီးကြည်အေးရဲ့ စာပေတွေဟာ အခုခေတ်စာပေလောကမှာ ပိုလို့တောင်မှ ထင်ရှားတောက်ပြောင်လာတယ်လို့ သုံးသပ်ပါတယ်။
“ကျမက အဖေ့စာအုပ်စင်ကစပြီးတော့ ကြည်အေးကို သိတာ။ ကျောင်းစာနဲ့ ဆက်စပ်ပြီးတော့ ကြည်အေးကို သိခွင့်မရခဲ့ပါဘူး။ ကျမဘာသာ ရှာဖွေဖတ်ရင်းနဲ့ ကြိုက်လို့မို့လို့ ကြည်အေးရဲ့ ဝတ္ထုတိုတွေ၊ ကဗျာတွေပေါ့နော် ဖတ်တယ်။ နောက် အဲဒီအချိန်မှာ ကျမကိုယ်တိုင်က စာ စရေးတဲ့အချိန်ဆိုတော့ ဒီစာရေးဆရာပေါက်စတွေရဲ့ ထုံးစံအတိုင်းပေါ့လေ တချို့က ကြည်အေးကို မော်ဒန်စာရေးဆရာမလို့ ပြောတယ်။ နောက်တခါ existentialist လို့ပြောတယ်။ ဆိုတဲ့အခါမှာ ကျမက သူ့စာတွေ လိုက်ဖတ်ရင်းနဲ့ ကြည်အေးဟာ တချို့ဝေဖန်ရေးဆရာတွေ ပုံသွင်းသလိုမျိုး အတ္တဘဝအမှန်ဝါဒီ ဆိုတဲ့ existentialist ဆိုတာထက် တကယ့်လူ့ဘဝထဲကို သေသေချာချာသိတဲ့ စာရေးဆရာမအနေနဲ့ ကျမ သူ့ကို မြင်ခဲ့ပါတယ်။ ဒါကြောင့် ကြည်အေးဟာ ကျမဘ၀ တလျှောက်လုံးမှာ တော်တော်ကို လွှမ်းမိုးပြီးတော့ အခုအချိန်ထိ အစွဲလန်းဆုံး စာရေးဆရာဖြစ်ပါတယ်။ ပြီးတော့ ကျမ မဟာဝိဇ္ဇာတန်းတက်တော့ ရသစာပေ သင်တဲ့အခါမှာ ဆရာက ဇော်ဇော်အောင်ပါ။ စာရေးဆရာဇော်ဇော်အောင်၊ အဲဒီသီအိုရီတွေကို သင်ရင်းနဲ့မှ ကြည်အေးရဲ့ စာပေဆိုတာကို ဆရာဇော်ဇော်အောင်နဲ့ သင်ကြားမှုနဲ့ အတူတူ ကျမ လေ့လာခွင့်ရခဲ့တယ်။ အခုနောက်ပိုင်းမှာ ကြည်အေးရဲ့အခန်းကဏ္ဍက ပိုပြီး တောက်ပလာတယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု မြန်မာပြည်မှာရှိနေတဲ့ စာပေဝါဿနာရှင်တွေရော၊ စာရေးဆရာတွေ ကိုယ်တိုင်ကရော ကြည်အေးကို သိပ်ကို ညွှန်းလာကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်ခေတ်ကတော့ သိပ်လည်း မပွင့်လင်းခဲ့တာတွေလည်း ပါတာပေါ့နော်။ အခုကတော့ ပိုပြီးတော့ ပွင့်လင်းပြီး ပို စာဖတ်လာတဲ့လူတွေက ကြည်အေးကို ပို တွေ့လာကြတယ်။ အဲဒီအခါမှာ ကြည်အေးက ပိုပြီးတော့ တောက်ပြောင်လာတယ်။”