သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံံခံရမှု တရားခံကြည်လင်းကို သေဒဏ်ချမှတ်


တရားလွှတ်တော် ဦးကိုနီလုပ်ကြံခံရမှုအတွက် သေဒဏ်စီရင်ချက်ချခံရသူ တရားခံကြည်လင်းအား ရုံးထုတ်လာသည့်မြင်ကွင်း။ (ဖေဖော်ဝါရီ ၁၅၊ ၂၀၁၉)
တရားလွှတ်တော် ဦးကိုနီလုပ်ကြံခံရမှုအတွက် သေဒဏ်စီရင်ချက်ချခံရသူ တရားခံကြည်လင်းအား ရုံးထုတ်လာသည့်မြင်ကွင်း။ (ဖေဖော်ဝါရီ ၁၅၊ ၂၀၁၉)

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို မင်္ဂလာဒုံလေဆိပ်မှာ သေနတ်နဲ့ အနီးကပ်ပစ်သတ်ခဲ့ တဲ့ တရားခံကြည်လင်းကို ရန်ကုန် အင်းစိန်မြောက်ပိုင်းခရိုင် တရားရုံးက ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။ ဒီကနေ့ ချမှတ်တဲ့ စီရင်ချက်တွေထဲမှာ တရားခံ ဇေယျာဖြိုးကို ပြစ်ဒဏ် ၅ နှစ် ချမှတ်တာဟာ ဥပဒေအရ လုံလောက်မှုမရှိသလို မမျှတဘူး လို့ သုံးသပ်ပြီး အထက်တရားရုံးအဆင့်ဆင့်ကို တင်ပြသွားမယ်လို့ တရားလို အကျိုးဆောင် တွေက ဆိုပါတယ်။ ဒီသတင်းကို တရားခွင်ကို ကိုယ်တိုင်သွားပြီး သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ တရားရုံးကနေ ဦးကိုနီကို အနီးကပ်ပစ်သတ်ခဲ့သူ ကြည်လင်းကို သေဒဏ်အပြင် Taxi ယဉ်မောင်းကိုနေဝင်းကို သတ်မှုအတွက် ထောင်ဒဏ် အနှစ် ၂၀ နဲ့ လက်နက်ကိုင် ဆောင်မှု အတွက် ၃ နှစ်တို့ကို ကျခံဖို့ အမိန့်ချမှတ်ခဲ့ပြီး သူနဲ့အတူပါဝင်ခဲ့တဲ့ တရားခံ အောင်ဝင်းဇော်ကိုလည်း သေဒဏ်ချမှတ် လိုက် ပါတယ်။ နောက်တရားခံတယောက် ဖြစ်သူ ဇေယျာဖြိုးကိုတော့ ပုဒ်မ ၂၀၁ အရ ထောင်ဒဏ် ၅ နှစ်နဲ့ ပူးပေါင်းကြံစည်သူ အောင်ဝင်းထွန်းကိုတော့ ထောင်ဒဏ် ၃ နှစ် စသဖြင့် အသီးသီး ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

ဒီလို ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ အပေါ် တရားခံဇေယျာဖြိုးကတော့ သူ့အနေနဲ့ ဒီဆုံးဖြတ်ချက် အတွက် မကျေနပ်လို့ အထက်ကို တင်ပြဖို့လုပ်သွားမယ်လို့ သတင်းထောက်ကို ပြောဆိုသွားပါတယ်။

“နေပြည်တော်မှာဖြစ်တဲ့ကိစ္စနဲ့ ကျနော့်ကိုချတယ်။ နေပြည်တော်မှာ ….လူတွေကိုတော့ တယောက်မှမချဘဲနဲ့ ကျန်တဲ့…….”

ဒါပေမဲ့ ဇေယျာဖြိုးအပေါ် ဒီကနေ့ ချမှတ်တဲ့ ပြစ်ဒဏ်ဟာ ဥပဒေအရလုံလောက်မှု မရှိတဲ့ အတွက် အထက်တရားရုံးအ ဆင့်ဆင့်ကို တင်ပြသွားမယ်လို့ တရားလို ရှေ့နေ ဦးခင်မောင်ဌေးက ပြောပါတယ်။

“ကိုဇေယျာဖြိုးနဲ့ပတ်သက်ပြီးတော့ စွဲချက်တင်ထားတဲ့ပုဒ်မကနေပြီးတော့ ၂၀၁ ပထမပိုင်း နဲ့ ၂၁၂ ပထမပိုင်းနဲ့ ပြောင်းပြီးတော့ အမိန့်ချပေးလိုက်တယ်။ အဲဒါနဲ့ပတ်သက်လို့ရှိရင် ကျနော်တို့ကတော့ ဥပဒေနဲ့အညီ ဆက်ပြီးတော့ ဆောင်ရွက်ရမှာပဲ။ အဲဒီတော့ ကိုနေဝင်း နဲ့ ပတ်သက်တဲ့ကိစ္စရပ်မှာ တရားရုံးက ၃၀၂/၂ နဲ့ အနှစ် ၂၀ ချပြီးပြီ။ ဒီဟာလည်း ဘာမှ ပြောစရာမရှိတဲ့အခါကျတော့ ဇေယျာဖြိုးနဲ့ပတ်သက်ပြီးတော့ စွဲချက်တင်ထားတဲ့ကိစ္စဟာ ဦးကိုနီနဲ့ပတ်သက်တဲ့ရှေ့နေအဖွဲ့နဲ့ပဲ သက်ဆိုင်တယ်။ အဲဒီတော့ ဆရာဦးနေလနဲ့ ညှိနှိုင်းပြီးတော့ ကျနော်တို့ ပြောခဲ့ပြီးပြီ။ ဒါနဲ့ပတ်သက်ပြီးရင် ဥပဒေနဲ့အညီ ကျနော်တို့ ဆက်ပြီးတော့ ဆောင်ရွက်မှာပါ။ အဲဒီတော့ ဒီဟာနဲ့ပတ်သက်ပြီး အထက်ရုံး အဆင့်ဆင့်ကို ဥပဒေနဲ့အညီ ဆက်ပြီးတော့ ဆောင်ရွက်မယ်၊ ဒီဟာနဲ့ပတ်သက်လို့ အမိန့်ကို ကျနော်တို့ဘက်ကလည်း လုံလောက်မှုရှိတယ်လို့ မထင်ဘူး။ မထင်တဲ့အတွက် ဥပဒေနဲ့အညီ ဆောင်ရွက်မယ်။ ကျနော်တို့ ဥပဒေနဲ့အညီ ဆောင်ရွက်သလို ရှေ့နေချုပ်ရုံး ဘက်ကလည်း ဒီဟာနဲ့ပတ်သက်ပြီးတော့ ပြစ်မှု ပြစ်ဒဏ်ဟာ Finding ကို သူတို့လည်း မကျေနပ်ဘူး။ မကျေနပ်တဲ့အတွက် သူတို့လည်း အထက်ရုံးအဆင့်ဆင့်ကို ဝင်ပါလိမ့်မယ်။”

တရားခံတွေ ရှေ့နေဖြစ်တဲ့ ကိုကျော်ကျော်ထိုက်ကတော့ ဒီလိုအမိန့်ချမှတ်လိုက်တဲ့ အပေါ်မှာ သူ့အမှုသည်တွေနဲ့ တိုင်ပင်ပြီး အယူခံ ဝင်သင့်မဝင်သင့် ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။

“သူတို့ရဲ့ သုံးသပ်ချက်၊ အမှုတွဲရဲ့ ပေါ်ပေါက်ချက်ကို ကျနော်တို့ ပြန်လေ့လာရဦးမယ်။ ဒီလုပ်ငန်းစဉ်အရသာ ဒီနေ့ အမိန့်ချသွားတာ။ အယူခံဥပဒေအရ ၇ ရက်ပေးထားတယ်။ ကျန်တဲ့လူတွေက ရက်ပိုင်း ၆၀ ပေးထားတယ်။ ကျန်တာ ဘယ်လိုဆက် လုပ်သွားမလဲ ဆိုတာ ကာယကံရှင်ရဲ့ဆန္ဒလည်းရှိတယ်။ နောက်အမိန့်မှာက အပြီးသတ်အားလုံး စုံစုံလင်လင် ပြန်ကြည့်ရဦးမယ်။”

ကြည်လင်းတို့ကို ခုလို ပြစ်ဒဏ်တွေ ချမှတ်လိုက်ပေမယ့် ဦးကိုနီလုပ်ကြံမှုမှာ အဓိက နောက်ကွယ်ကနေ ကြိုးကိုင်သူလို့ သံသယရှိသူ အောင်ဝင်းခိုင် ကတော့ အခုချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလက ပြည်ပကနေ ပြန်လာချိန် ရန်ကုန်လေဆိပ် လူမြင်ကွင်းမှာ သေနတ်နဲ့ အနီးကပ် လုပ်ကြံသတ်ဖြတ်ခံခဲ့ ရတာ ဖြစ်ပါတယ်။ ဒီအမှုကို အထူးခုံရုံးဖွဲ့ပြီး တပတ်ကို နှစ်ကြိမ် စစ်ဆေးခဲ့တာ ဖြစ်ပြီး နှစ်ဘက် တင်သွင်းတဲ့ သက်သေ အယောက် ၂၀၀ နီးပါး ကို စစ်ဆေးခဲ့တာ ရုံးချိန်း ၁၀၀ကျော် အပြီးမှာ အခုလို အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့အမိန့်ချအပြီးမှာ တရားခံ ဇေယျာဖြိုး ပြစ်ဒဏ်နဲ့ပတ်သတ်လို့ ဝေဖန်မှုတွေ ရှိနေ တာကြောင့် နစ်နာသူတွေအတွက် တကယ်ပဲ တရားမျှတမှု ပေးနိုင်ခဲ့ခြင်းရှိမရှိနဲ့ ပတ်သက်လို့ ဗွီအိုအေ မေးတာမှာတော့ တရားလိုရှေ့နေတဦးဖြစ်တဲ့ တရားလွှတ်တော် ရှေ့နေ ဦးနေလက တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် အခုလို တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

“တရားရုံးရဲ့ဆုံးဖြတ်ချက်အပိုင်းကိုတော့ သိပ်မပြောချင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုချိန်မှာ ပြောဖို့လည်း မသင့်တော်သေးဘူး။ နောက်တခါ ဦးတို့ သုံးသပ်ချက်တွေ အားလုံးကိုလည်း တဖက်ကလူကို မသိစေချင်သေးဘူး။ ဒါကြောင့်မို့လို့ ဒီတရားရုံးသုံးသပ်ချက်အပိုင်းပေါ်မှာ ဘာမှ ဝေဖန်မှု မပြုလိုဘူးလို့ ပြောချင်တယ်။”

အခုချိန်အထိ ဖမ်းမမိသေးတဲ့ အောင်ဝင်းခိုင်ကိုလည်း ကြည်လင်းတို့လိုပဲ အမြင့်ဆုံး သေဒဏ်ပေးနိုင်တဲ့ လုပ်ကြံသတ်ဖြတ်မှု ပုဒ်မ (၃၀၂)(၁)(ခ)/ ၃၄ နဲ့စွဲချက် တင်ထားသလို ဖမ်းဝရမ်းလည်းထုတ်ထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥပဒေအကြံ ပေး တရားလွှတ် တော်ရှေ့နေ ဦးကိုနီ ဟာ လုပ်ကြံခံရတာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်မှာ ၂ နှစ် ပြည့်ခဲ့တာ ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG