ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးကို ဦးတည်စေမယ့် ၄ နိုင်ငံ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မနေ့ ကြာသပတေးနေ့က ရရှိခဲ့တဲ့ကြားကပဲ တိုင်းပြည်အရှေ့ပိုင်းမှာ လွန်ခဲ့တဲ့ တစ်ရက်အတွင်း တိုက်ပွဲတွေ ဖြစ်သွားခဲ့တဲ့ အတွက် အစိုးရတပ်သား ၁၁ဦး သေဆုံးပြီး ၃၄ ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်း စစ်ဖက် အရာရှိတွေက ပြောပါတယ်။ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ကတော့ အခုချိန်ထိ စတင် အကျုံးဝင်ခြင်း မရှိသေးပါဘူး။
လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း နယ်မြေစိုးမိုးမှု ရနိုင်ရေးအတွက် နှစ်ဖက် အပြိုင်လုနေခဲ့ကြပြီး ပို့ဆောင်ရေးအရ အချက်အချာကျတဲ့ Debaltseve မြို့အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ပိုပြင်းထန်တယ်လို့ စစ်ဖက် အရာရှိတွေက ပြောပါတယ်။
ယူကရိန်း ပဋိပက္ခအတွက် ကြာသပတေးနေ့က Belarus နိုင်ငံမြို့တော် Minsk မှာ ၁၆ နာရီကြာ ဆွေးနွေးကြပြီးတဲ့နောက် ယူကရိန်း၊ ရုရှား၊ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံ က ခေါင်းဆောင်တွေ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ကို လက်မှတ်ရေးထိုခဲ့ကြတာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ စတင် အကျုံးဝင်မယ့် အဲဒီ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အရ ရုရှားနယ်စပ်မှာ ရှိနေကြတဲ့ ၂ ဖက် တပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းပေးရေးနဲ့ အကျဉ်းသား ဖလှယ်ရေးစတဲ့ အချက်တွေ ပါဝင်ပါတယ်။
ယူကရိန်းနိုင်ငံအတွင်း ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေရဲ့ ပုန်ကန် တော်လှန်မှု အဆုံးသတ်ရေးအတွက် ၄ နိုင်ငံခေါင်းဆောင်တွေ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြတဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ချီးကျူး ပြောဆိုလိုက်ပြီး သဘောတူညီချက်ကို အားလုံးက အလေးထား လိုက်နာကြမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။