ကာဂစ္စတန်နိုင်ငံ တောင်ပိုင်းမှာ ဆက်ဖြစ်နေတဲ့ လူမျိုးရေး အဓိကရုဏ်းတွေမှာ လူ ၁၀၀ လောက် သေဆုံးပြီး ၁,၁၀၀ ကျော် ဒဏ်ရာရခဲ့ကြပြီးပါပြီ။ ၃ ရက်မြောက် ဆက်တိုက် ရုန်းရင်းဆန်ခတ် အခြေအနေကို ထိန်းသိမ်းဖို့ ကြားဖြတ်အစိုးရက အရန်တပ်ဖွဲ့တွေ စေလွှတ်ထားပါတယ်။
နိုင်ငံတောင်ပိုင်းက အော့ရှ် (Osh) နဲ့ ဂျလာလာဘတ် (Jalalabad) မြို့တွေမှာ လူမျိုးစု ဥဇဘက်တွေနဲ့ ကာဂစ်ဇ်လူမျိုးတွေကြား လူအသေအပျောက် ရှိတဲ့ထိ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းဖို့ ကာဂစ္စတန် ကြားဖြတ်အစိုးရက လုံခြုံရေးတပ်ဖွဲ့တွေကို ခွင့်ပြုထားပါတယ်။
ဖြုတ်ချခံလိုက်ရတဲ့ သမ္မတဟောင်း ကူမန်ဘက်ခ် ဘာကီယက်ဗ် (Kurmanbek Bakiyev) ကို ထောက်ခံသူတွေက အကြမ်းဖက် လုပ်ရပ်တွေကို စပြီး လုပ်ခဲ့ကြတာလို့ ကြားဖြတ်အစိုးရအဖွဲ့ သမ္မတ ရိုဇာ အိုတန်ဘာယီဗာ (Roza Otunbayeva) က အပြစ်တင် ပြောဆိုပါတယ်။
သမ္မတရဲ့ လုပ်ပိုင်ခွင့် အာဏာကို လျှော့ချဖို့ ရည်ရွယ်ပြီး အခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ လူထုဆန္ဒခံယူပွဲတခု ဒီလနှောင်းပိုင်းမှာ လုပ်ဖို့ စီစဉ်ထားတာကို အနှောင့်အယှက် ဖြစ်စေဖို့ အခုလို လုပ်ဆောင်ကြတာလို့ ကြားဖြတ်အစိုးရအဖွဲ့ သမ္မတ မစ္စ အိုတန်ဘာယီဗာက စွပ်စွဲပြောဆိုပါတယ်။
မစ္စတာ ဘာကီယက်ဗ်က ဒီကနေ့ တနင်္ဂနွေနေ့မှာ ဘယ်လာရုစ် နိုင်ငံကနေ ကြေညာချက်တစောင် ထုတ်ပြန်ပြီး အကြမ်းဖက်မှုတွေနဲ့ ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုလိုက်ပြီးတော့ ကြားဖြတ်အစိုးရ တာဝန်ရှိသူတွေဟာ လူထုကို အကာအကွယ် မပေးဘူးလို့ ဝေဖန် ပြောဆိုလိုက်ပါတယ်။