ကာဂစ္စတန် တောင်ပိုင်းဒေသမှာ လူမျိုးရေး ပဋိပက္ခတွေ ၄ ရက်မြောက်နေ့အဖြစ် ဒီကနေ့မှာလည်း ဆက်လက် ဖြစ်ပွားနေရာမှာ သေနတ်သံတွေလည်း ကြားခဲ့ကြရပါတယ်။ အဓိကရုဏ်းတွေကြောင့် ဥဇဘက်ခ်လူမျိုး ၁၀၀,၀၀၀ လောက်ဟာလည်း အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးပြီး နယ်စပ်ဒေသမှာ စုဝေး ရောက်ရှိနေကြတာပါ။
အစိုးရကတော့ သောကြာနေ့က စတင်တဲ့ ပဋိပက္ခတွေမှာ လူပေါင်း ၁၂၄ ယောက် သေဆုံးပြီး ၁,၆၀၀ ကျော် ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတယ်လို့ ပြောပါတယ်။
ကာဂစ္စတန်မှာရှိတဲ့ ဥဇဘက်ခ် လူမျိုးစု ခေါင်းဆောင်တွေကတော့ ကြားဖြတ်အစိုးရက ကြေညာတဲ့ သေဆုံးသူ အရေအတွက်ဟာ မမှန်ဘူးလို့ ဆိုပါတယ်။
ဒီကနေ့မှာပဲ လက်နက်ကိုင်ထားတဲ့ အုပ်စုတွေကို အော့ရှ် (Osh) မြို့ရဲ့ လမ်းတွေပေါ်မှာ တွေ့ကြရပြီး တောင်ပိုင်းမြို့ တမြို့ဖြစ်တဲ့ ဂျလာလာဘတ် (Jalalabad) မှာလည်း ပဋိပက္ခတွေ ဖြစ်ခဲ့ကြောင်း မျက်မြင်တွေ့သူတွေက ပြောခဲ့ကြတာပါ။
ဥဇဘက်ခ်လူမျိုးတွေက အိမ်တွေ၊ စီးပွားရေး လုပ်ငန်းတွေကို မီးတင်ရှို့ခဲ့ကြပြီး ကာဂျစ်လူမျိုးတွေကတော့ ဥဇဘက်ခ်တွေက နိုင်ငံတောင်ပိုင်းဒေသကို သိမ်းပိုက်ဖို့ ကြိုးပမ်းနေတာကနေ ကာကွယ်နေတာလို့ ပြောကြပါတယ်။
ကာဂစ္စတန် ကြားဖြတ်အစိုးရကတော့ သမ္မတဟောင်း ကူမန်ဘက်ခ် ဘာကီယက်ဗ် (Kurmanbek Bakiyev) ရဲ့ သြဇာညောင်းရာ ဒေသကို လုံခြုံရေး အရန်တပ်ဖွဲ့တွေ စေလွှတ်မယ်လို့ ပြောပါတယ်။ သမ္မတဟောင်းဟာ ဧပြီလ ၇ ရက်နေ့က လူပေါင်း ၈၅ ယောက်အထိ သေဆုံးခဲ့ရတဲ့ အုံကြွမှုတွေမှာ ရာထူးက ဖယ်ရှားခဲ့ခဲ့ရတာပါ။
အခုအခါ ဘဲလာရုစ်နိုင်ငံမှာ ခိုလှုံနေတဲ့ သမ္မတဟောင်းက လူမျိုးစု ပဋိပက္ခတွေကို သူ့ကို ထောက်ခံသူတွေက လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပယ်ချခဲ့ပါတယ်။