သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာဂစ္စတန် လူမျိုးရေး အဓိကရုဏ်း နှိမ်နင်းဖို့ ကုလ တောင်းဆို

ကာဂစ္စတန်နိုင်ငံ တောင်ပိုင်းမှာ လူ ၂၇၅,၀၀၀ လောက် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ လူမျိုးရေး အကြမ်းဖက်မှုတွေကို အဆုံးသတ်အောင် လုပ်ဖို့နဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့ အတွက် ကုလသမဂ္ဂက ကာဂစ္စတန် အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အမြန်ဆုံး ပြန်လည်ရရှိအောင် မလုပ်ရင် အိမ်နီးချင်း ဥဇဘက်ကစ္စတန် နိုင်ငံဆီ ထွက်ပြေးနေသူတွေ ပိုပြီး များသွားလိမ့်မယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး ပြောခွင့်ရသူက ဒီနေ့မှာ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက စတင်ခဲ့တဲ့ အဓိကရုဏ်းတွေက မြန်မြန်ဆန်ဆန် အကြမ်းဖက်မှုအသွင် ပြောင်းခဲ့တဲ့ အပေါ်မှာလည်း သူ့အနေနဲ့ အင်မတန်မှ စိုးရိမ်မိတယ်လို့ ပြောပါတယ်။

အော့ရှ် (Osh) နဲ့ ဂျလာလာဘတ် (Jalalabad) မြို့တွေမှာ ဥဇဘက်ခ်လူမျိုးတွေ အပေါ် ပစ်မှတ်ထားတဲ့ အဓိကရုဏ်းတွေအတွင်း လူ ၁၇၀ ထက်မနည်း သေဆုံးပြီး ၁,၇၀၀ ကျော် ဒဏ်ရာရသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တကယ်တမ်း သေဆုံးသူ အရေအတွက်က ဒီ့ထက် အများကြီး များနိုင်တယ်လို့ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။

အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တဲ့ ဒေသတွေဆီ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေက အကူအညီတွေ ဒီနေ့ အင်္ဂါနေ့မှာ စတင်ပေးနေပါပြီ။ အကြမ်းဖက်မှုတွေ ရှိနေပေမဲ့ နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအတွက် ဆန္ဒခံယူပွဲကို စီစဉ်ထားတဲ့အတိုင်း လုပ်သွားမယ်လို့ ကြားဖြတ်သမ္မတ ရိုဇာ အိုတန်ဘာယီဗာ (Roza Otunbayeva) က ပြောပါတယ်။

This item is part of
XS
SM
MD
LG