သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာဂစ္စတန် ဝမ်းနည်းခြင်း ၃ ရက် စတင်



ကာဂစ္စတန် တောင်ပိုင်းက လူမျိုးရေး ပဋိပက္ခတွေကြောင့် လူပေါင်း ၁၉၀ နီးပါး သေဆုံးခဲ့ရတဲ့အတွက် ၃ ရက်ကြာ ဝမ်းနည်းခြင်း အထိမ်းအမှတ် နေ့တွေကို ဒီကနေ့မှာပဲ စတင်လိုက်ပါတယ်။ နိုင်ငံတော် အလံတွေကို တဝက်လွှင့်ထူပြီး ဖျော်ဖြေရေး အခန်းအနားတွေကိုလည်း ဖျက်လိုက်ပါတယ်။

သွေးထွက်သံယို ပဋိပက္ခတွေ အော့ရှ် (Osh) နဲ့ ဂျလာလာဘတ် (Jalalabad) မြို့တွေမှာ ပြီးခဲ့တဲ့တပတ် ကြာသပတေးနေ့က စတင်ဖြစ်ပွားရာက လူပေါင်း ၂၀၀,၀၀၀ လောက်ဟာလည်း အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြရတာပါ။

ဒီကနေ့ အော့ရှ်မြို့ လမ်းတွေပေါ်မှာ လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့တွေ ကင်းလှည့်နေကြပြီး အာဏာပိုင်တွေက အခြေအနေတွေ တည်ငြိမ်အောင် ကြိုးပမ်းနေကြပါတယ်။

ဒီကနေ့မှာပဲ ကာဂစ္စတန် လုံခြုံရေးကောင်စီ အတွင်းရေးမှူး ဖြစ်သူကိုလည်း လူသားချင်း စာနာမှု အကူအညီတွေ မြန်မြန်ဆန်ဆန် ပို့ပေးနိုင်ရေး ထိပ်တန်းအရာရှိတွေနဲ့ ဆွေးနွေးဖို့ ရုရှားနိုင်ငံ မော်စကိုမြို့ကို စေလွှတ်ခဲ့ပါတယ်။

လူမျိုးရေး အဓိကရုဏ်းတွေကနေ ထွက်ပြေးကြတဲ့ ဒုက္ခသည် ထောင်ပေါင်းများစွာအတွက် အကူအညီ အထောက်အပံ့ ပစ္စည်းတွေ တင်ဆောင်လာတဲ့ ပထမဆုံး လေယာဉ်ဟာ အိမ်နီးချင်း ဥဇဘက်ကစ္စတန်နိုင်ငံက အန်ဒီဂျန် (Andijan) လေဆိပ်ကို ဒီကနေ့ပဲ ရောက်လာတယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒုက္ခသည်တွေကတော့ အဓမ္မ ပြုကျင့်ခံရမှုတွေ၊ တွေ့သမျှ၊ မြင်သမျှ သတ်ဖြတ်မှုတွေ ရှိခဲ့တဲ့ အကြောင်းတွေကို ပြန်ပြောပြခဲ့ကြတာပါ။

XS
SM
MD
LG