သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျူရှုးရောက် မြန်မာတွေ ငလျင်ဘေးကင်း


ဂျပန်နိုင်ငံတောင်ပိုင်းက ငလျင်ကြီး ၂ ကြိမ်လှုပ်ခတ်ခဲ့တဲ့ ကျူရှူးကျွန်း၊ ကူမာမိုတိုခရိုင်က ကူမာမိုတိုတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ မြန်မာကျောင်းသားတွေနဲ့ မိသားစုဝင်တွေဟာ ကျူးရှုးမြို့က JICA နိုင်ငံတကာဌာနမှာ ဘေးကင်းလုံခြုံစွာ ရှိနေတယ်လို့ တိုကျို မြန်မာသံရုံး ဖေ့စ်ဘုတ်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ကျူးရှုးတက္ကသိုလ်နဲ့ ဆာဂါ တက္ကသိုလ်တွေမှာ ပညာသင်ကြားနေသူတွေနဲ့ မြန်မာအသိုင်းအဝိုင်းဟာ ဘေးကင်းလုံခြုံမှုရှိပြီး လိုအပ်တဲ့ အကူညီတွေ အချိန်နဲ့ တပြေးညီပေးနိုင်အောင် ကျိုးစားနေတယ် လို့လည်း ဆိုပါတယ်။

ဂျပန်တောင်ပိုင်း ကျူရှူးကျွန်းရှိ ကူမာမိုတိုခရိုင်မှာ ကြာသပတေးနေ့က ပြင်းအား ၆.၅ ရှိတဲ့ ငလျင်လှုပ်ခဲ့အပြီး စနေနေ့ မနက်ပိုင်းမှာလည်း ပြင်းအား ၇.၃ ရှိတဲ့ ငလျင်ထပ်မံလှုပ်ခတ်ခဲ့တာပါ။ ကြီးမားတဲ့ ငလျင်ကြီး ၂ ခုကြောင့် သေဆုံးရသူ အနဲဆုံး ၄၁ ဦးရှိပြီး ၁၁ ဦးပျောက်ဆုံးနေ သလို လူပေါင်း ၈၀၀ ကျော် ဒဏ်ရာရခဲ့ကြတယ်လို့ ဂျပန်အစိုးရနဲ့ ပြည်တွင်း သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

အဲဒီဒေသက ငလျင်ဒဏ်ခံရသူတွေအတွက် ဂျပန်ကယ်ဆယ်ရေး အဖွဲ့တွေနဲ့အတူ အိုကီနာဝါ ရေတပ် အခြေစိုက်စခန်းက အမေရိကန် တပ်ဖွဲ့ဝင်တွေက ပူးပေါင်းလုပ်ဆောင် ပေးနေတယ်လို့ ဂျပန်နိုင်ငံက အမေရိကန်တပ်တွေရဲ့ တပ်မှုးဖြစ်တဲ့ လေတပ် ဒုတိယဗိုလ်ချုပ်ကြီး John Dolan ကပြောပါတယ်။ အတက်အဆင်းလွယ်ကူတဲ့ V-22 Osprey အမျိုးအစား လေယာဉ် ၄ စင်း ကို တနင်္ဂနွေနေ့မှာ စေလွှတ်ပြီး ဂျပန်တပ်ဖွဲ့ ကယ်ဆယ်ရေး လုပ်ဆောင်မှုတွေအတွက် အကူညီပေးနေတာပါ။

ကျူရှုးကျွန်းမကြီးအတွက် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ကိစ္စရပ်တွေမှာ အကူညီပေးဖို့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe က ကာကွယ်ရေးတပ်သား ၂ သောင်းခွဲအထိ တိုးမြှင့်ချထားပေးခဲ့ပါတယ်။

ရာသီဥတု ဆိုးဝါးနေတဲ့အပြင် မြေပြိုမှုတွေ၊ နောက်ဆက်တွဲ ငလျင်တွေ ဆက်ပြီး လှုပ်နေတာမို့ ကယ်ဆယ်ကူညီနေသူတွေအတွက် အခက်အခဲတွေ တွေ့နေရပြီး ပြိုကျနေတဲ့ အဆောက်အဦးတွေရဲ့ အောက်မှာ အသက်မသေကျန်ရစ်သူတွေ ရှိနေနိုင်တယ်လို့ ယုံကြည်နေကြတာပါ။

XS
SM
MD
LG