သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ အလုပ်သမား အခွင့်အရေးနဲ့ လှုပ်ရှားမှု


အလုပ်သမား အခွင့်အရေးတွေ အပြည့်အ၀ မရတဲ့ တိုင်းပြည်ထဲ မြန်မာနိုင်ငံလည်း အပါအ၀င် ဖြစ်ပါတယ်။

ဇွန်လ ၁၃-၂၀၁၁-ကမ္ဘာပေါ်မှာ အလုပ်သမား အခွင့်အရေးတွေ ဖိနှိပ်ခံရတဲ့အထဲ မြန်မာနိုင်ငံလည်း အပါအ၀င် ဖြစ်ပါတယ်။

အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ဖိနှိပ်မှုတွေ၊ စီးပွားရေး လွတ်လပ်ခွင့်တွေ မရှိတဲ့ တိုင်းပြည်တွေအနက် မြန်မာနိုင်ငံလည်း တနိုင်ငံအဖြစ် ပါဝင်နေတယ်လို့ နိုင်ငံတကာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (ITUC) ရဲ့ နှစ်စဉ် အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။ မကြာသေးခင် ရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံက စက်ရုံတချို့မှာ အလုပ်သမားတွေ လုပ်ခလစာတိုးရရေးနဲ့ လုပ်ငန်းခွင် အခြေအနေ တိုးတက်ဖို့ တောင်းဆို ဆန္ဒပြမှုတွေ ပေါ်ပေါက် လာနေတာတွေဟာလည်း ဒီလို နိမ့်ကျမှုမရှိတာတွေကို ရောင်ပြန်ဟပ်နေတယ်လို့ အလုပ်သမားရေး လှုပ်ရှားနေသူတွေက ပြောနေကြတာပါ။ မြန်မာအလုပ်သမားတွေရဲ့ ရပိုင်ခွင့် အဆင့်အတန်းတွေ ဘယ်အခြေအနေမှာ ရှိနေသလဲ ဆိုတာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။

ကမ္ဘာတ၀န်းနိုင်ငံတွေအနက် အာရှ-ပစိဖိတ်ဒေသမှာ လုပ်သားတွေနဲ့ အလုပ်သမား သမဂ္ဂတွေအပေါ် အပေါ် ဖိနှိပ်မှုတွေဟာ ပိုများလာပြီး၊ မြန်မာနိုင်ငံမှာတော့ အလုပ်သမား သမဂ္ဂတွေလို အသင်းအပင်းမျိုးတောင် ဖွဲ့စည်းခွင့် မရှိတဲ့ အခြေအနေတွေ ကြုံနေရတယ်လို့ ITUC က ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်အတွက် ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ စစ်တမ်းထဲမှာတော့ အာရှ-ပစိဖိတ် ဒေသက အစိုးရတွေ၊ လုပ်ငန်းရှင်တွေက အလုပ်သမား လှုပ်ရှားမှုတွေကို ကြမ်းကြမ်းတမ်းတမ်း နှိမ်နင်းခဲ့ရာမှာ ဒေသတွင်းက လူပေါင်း ၁,၀၀၀ ကျော်လောက် ထိခိုက်ဒဏ်ရာရ၊ ဖမ်းဆီးခံရတာတွေနဲ့ ကြုံခဲ့ရတယ်လို့ ဖော်ပြလိုက်တာပါ။

မြန်မာနိုင်ငံမှာလည်း အလုပ်သမားရေး လှုပ်ရှားသူတွေ ဖမ်းဆီးအရေးယူ ခံထားရသလို ဒါတွေကို ဟန့်တားနိုင်မယ့် အခြေအနေတွေကလည်း ရေရေရာရာ မရှိလှဘူးလို့ ITUC ရဲ့ အထွေထွေ အတွင်းရေးမှူး ရှာရန် ဘာရိုး (Sharan Burrow) က ပြောပါတယ်။
“မြန်မာနိုင်ငံမှာ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့် ရှိသလားဆိုတာ မေးစရာတောင် မလိုပါဘူး။ မြန်မာအစိုးရက အလုပ်သမား သမဂ္ဂဆိုင်ရာ ဥပဒေတွေ ထုတ်ပြန်ချင်တဲ့ အရိပ်လက္ခဏာမျိုး ပြောပါတယ်။ ဒါပေမဲ့လည်း ဒီကိစ္စကို လျို့ဝှက်ထားပြီး အများပြည်သူ ရှေ့မှာ တိုင်ပင်နှီးနှောတာမျိုး မရှိပါဘူး။ ဒါဟာ ရွေးကောက်ပွဲလိုပဲ အတုအယောင် လုပ်ငန်းတခု ဖြစ်နေတာမို့ အလုပ်သမားတွေ အတွက် ဘာမှ ပိုပြီး သာယာဝပြောလာမှာ မဟုတ်ပါဘူး။”

မြန်မာနိုင်ငံမှာ အလုပ်သမားတွေ တရားဝင် အသင်းအဖွဲ့ ဖွဲ့စည်းပြီး လှုပ်ရှားခွင့်တောင် မရှိတဲ့ကြားကပဲ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းကစလို့ ရန်ကုန်မြို့က စက်ရုံ အလုပ်ရုံတွေမှာ အလုပ်သမားပေါင်း ထောင်ဂဏန်းချီပြီး တောင်းဆိုဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တာကိုလည်း အစီရင်ခံစာမှာ မှတ်တမ်းတင်ထားပါတယ်။ ဒီအထဲက လှိုင်သာယာ စက်မှုဇုန်မှာရှိတဲ့ စက်ရုံတွေက ဆန္ဒပြပွဲကိုတော့ အာဏာပိုင်တွေက လုံထိန်းရဲတွေ စေလွှတ်ထိန်းသိမ်းဖို့ ကြိုးပမ်းခဲ့တာတွေကိုလည်း ဖော်ပြခဲ့တာပါ။ လုပ်ခလစာ နည်းပါးတာ၊ လုပ်ငန်းခွင် အခြေအနေတွေ တိုးတက်မှု မရှိတာတွေကြောင့် ဆန္ဒပြပွဲတွေဟာ ဒီနှစ်ထဲမှာအထိ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

လှိုင်သာယာ စက်မှုဇုန် အမှတ် ၄ က Tailor Garmet အထည်ချုပ် စက်ရုံမှာ ဇွန်လ ပထမပတ်ထဲ ဆန္ဒပြခဲ့ ကြရာမှာတော့ အခြေခံရပိုင်ခွင့်တွေကို အလုပ်သမား ၁၀၀ ကျော်က တောင်းဆိုခဲ့ကြတာလို့ အလုပ်သမားရေး လှုပ်ရှားနေသူ ရှေ့နေဦးဖိုးဖြူ က ပြောပါတယ်။
“တနင်္ဂနွေပိတ်ရက် လုံးဝ မနားရဘူး ဖြစ်သွားတယ်။ ဒါက တချက်ပေါ့။ ည ၇ နာရီခွဲ၊ ၈ နာရီ အထိ အလုပ်ဆင်းရတယ်။ သို့သော်လည်း တနာရီကို ၄ ကျပ်၊ ၅ ကျပ်ပဲ ရတယ်။ ကျွမ်းကျင်လုပ်သားကျတော့ တနာရီကို ၈၀ ရတယ်။ တနေ့ကိုမှ သူတို့က ၁၃၀ ကျော်၊ ၂၀၀ ၀န်းကျင်လောက်လေးပဲ အချိန်ပိုကြေးက ရသလို ဖြစ်နေတယ်။ အခြေခံလစာကျတော့ သိပ်နည်းလွန်းတဲ့ သူတွေက အများစု ဖြစ်နေတယ်။ တချို့ဆိုရင် ၂၀,၀၀၀ ကျော်ပဲ ရတယ်။ အဲဒီလို အခြေခံလစာ သိပ်နည်းလွန်းတဲ့သူက အများစု ဖြစ်နေတယ်။”

ရန်ကုန်မြို့က ဆန္ဒပြပွဲနဲ့ မရှေးမနှောင်းဆိုသလိုပဲ ပဲခူးမြို့မှာလည်း အလုပ်သမားတွေ ဆန္ဒပြခဲ့ကြတာပါ။ ပြီးခဲ့တဲ့နှစ်ထဲကစလို့ အလုပ်သမားတွေရဲ့ အခွင့်အရေး တောင်းဆိုလှုပ်ရှားမှု အတော်များများဟာ စေ့စပ်ညှိနှိုင်းမှုတွေနဲ့ အဆုံးသတ်ခဲ့ကြတာပါ။ ဒါပေမဲ့လည်း လတ်တလော အခြေအနေမှာ အလုပ်သမားနဲ့ အလုပ်ရှင်ကြား အပြန်အလှန် ညှိနှိုင်းပိုင်ခွင့်တွေကို တရားဝင် အသိအမှတ်ပြု မထားသလို၊ အလုပ်သမား ပြဿနာတွေ ကြုံရတဲ့အခါ၊ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ မကိုက်ညီတဲ့ သတ်မှတ်ချက်တွေနဲ့ ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှု အက်ဥပဒေ အောက်မှာသာ ဖြေရှင်းကြရတယ်လို့လည်း ITUC က ပြောပါတယ်။ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO) ရှဲ့ဇွန်လဆန်းပိုင်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ အစည်းအဝေးပွဲ အတွင်းမှာလည်း မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းခွင့်မရှိပဲ ဖြစ်နေရတဲ့ ကိစ္စကို အာရုံစိုက် ဆွေးနွေးခဲ့ကြတာပါ။

ILO ရဲ့ ရန်ကုန်အခြေစိုက် ဆက်သွယ်ညှိနှိုင်းရေးအရာရှိ စတိဗ် မာရှဲလ် (Steve Marshall) ကတော့ ဒီနှစ်ဆန်းပိုင်းမှာပဲ စစ်အစိုးရကနေ ပြောင်းလဲလာခဲ့တဲ့ အရပ်သား အစိုးရရဲ့ အကြီးအကဲ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် အလုပ်သမားတွေ အခွင့်အရေး အကာအကွယ်ပေးဖို့ ကတိပေးထားတာမို့ အခြေအနေတွေ တိုးတက်လာမယ်လို့ မျှော်လင့်တဲ့ အကြောင်း ပြောပါတယ်။
“လူတိုင်းသိထားတဲ့ အချက်က မြန်မာအစိုးရက အလုပ်သမား သမဂ္ဂ အသင်းအပင်းတွေ ဖွဲ့စည်းခွင့် ပေးရေးနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ မကြာတော့တဲ့ အနာဂတ်မှာ တင်သွင်းတော့မယ်လို့ ပြောခဲ့တဲ့ အချက်ပါပဲ။ ILO ထံကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေ ပြဋ္ဌာန်းရေးနဲ့ ပတ်သက်လို့ အကြံဥာဏ်တွေ တောင်းခံထားတာ ရှိပါတယ်။ ဒီကနေတဆင့် ILO နဲ့ မြန်မာအစိုးရအကြား အပြန်အလှန် ဆွေးနွေးနိုင်ဖို့ကိုလည်း ကျနော်တို့က မျှော်လင့်ပါတယ်။ အလုပ်သမား သမဂ္ဂတွေ၊ အဖွဲ့အစည်းတွေကို မြန်မာအစိုးရက ဖွဲ့စည်းခွင့်ပြုမယ် ဆိုတဲ့ အပြုသဘောဆောင်တဲ့ အရိပ်လက္ခဏာရပ်တွေ တွေ့ရတဲ့ အတွက်လည်း ဒီကနေတဆင့် ပိုမိုကျယ်ပြန့်တဲ့ ကိစ္စရပ်တွေဖြစ်တဲ့ မြန်မာနိုင်ငံအတွင်း အလုပ်သမား အခွင့်အရေးတွေ ရရှိဖို့ လမ်းဖွင့်ပေးရာ ရောက်မယ်လို့ ဆိုရမှာပါ။”

ITUC ရဲ့ ဆန်းစစ်ချက်မှာတော့ အလုပ်သမားတွေ အခွင့်အရေးကို အကာအကွယ်ပေးဖို့ လိုအပ်တဲ့ ဥပဒေတွေ ထုတ်ပြန်မယ်လို့ မြန်မာအစိုးရရဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပေမဲ့ ဘယ်လို ဥပဒေတွေလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ပြောမထားဘူးလို့ ထောက်ပြထားတာပါ။ ဒီအတွက်ကြောင့် မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေ တိုးတက်မှုရှိအောင် အာဏာပိုင်တွေက ဆောင်ရွက်မယ်လို့ ပြောနေတာဟာ သံသယဖြစ်စရာ ကောင်းနေဆဲပဲလို့ ITUC ရဲ့ အထွေထွေ အတွင်းရေးမှူး ရှာရန် ဘာရိုး က မြင်ပါတယ်။
“ILO နဲ့အတူ အလုပ်သမား သမဂ္ဂတွေအတွက် ဥပဒေတွေ ရေးဆွဲဖို့၊ ဒီဥပဒေတွေကို စောင့်ကြည့်ပြီး အလုပ်ရှင်တွေကို အရေးယူ အပြစ်ပေးတာမျိုးတွေ လုပ်နိုင်မယ့် အလုပ်သမား ဈေးကွက်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ဖွဲ့စည်းဖို့ ကိစ္စတွေမှာ အစိုးရအနေနဲ့ အလေးအနက် သဘောထားတယ် ဆိုရင်တော့၊ ကျမတို့ အနေနဲ့လည်း ဒီထက်ပိုပြီး အကောင်းမြင်လာမှာပါ။”

ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေရဲ့ အဓိက မောင်းနှင်အားဖြစ်တဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ပစ်ပယ်ခံနေရရုံ သာမက တကယ်တော့ မြန်မာနိုင်ငံမှာ၊ လုပ်အားခတောင် မရပဲ အဓမ္မ လုပ်အားပေး စေခိုင်းခံရတာမျိုးလို၊ ပြဿနာတွေဟာလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေတုန်းပဲလို့ ITUC က ပြောပါတယ်။ နိုင်ငံပေါင်း ၁၄၂ နိုင်ငံက အခြေအနေတွေကို ဆန်းစစ်လေ့လာထားတဲ့ နှစ်စဉ် အစီရင်ခံစာထဲ မှာတော့ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာတ၀န်း အလုပ်သမားရေး လှုပ်ရှားသူ စုစုပေါင်း ၉၀ သတ်ဖြတ်ခံခဲ့ရပြီး၊ ၂,၅၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဖော်ပြထားတာပါ။ မြန်မာနိုင်ငံမှာတော့ အလုပ်သမားရေး လှုပ်ရှားမှုတွေနဲ့ ဆက်စပ် ဖမ်းဆီး ခံထားရသူ အနည်းဆုံး ၆ ယောက်ဟာ ဆိုရင်လည်း အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲ ဖြစ်တယ်လို့လည်း နိုင်ငံတကာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (ITUC) က မှတ်တမ်းတင်ထားတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG