သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်း အလုပ်သမားများ ချီတက် ဆန္ဒပြမှု ယာယီ ရပ်ဆိုင်း


စစ်ကိုင်းတိုင်း ပတ္တမြားစက်မှုဇုန် Myanmar Veener Plywood Private Co Ltd သစ်အချောထည်စက်ရုံမှ အလုပ်သမားများ ဆန္ဒပြနေစဉ်။
စစ်ကိုင်းတိုင်း ပတ္တမြားစက်မှုဇုန် Myanmar Veener Plywood Private Co Ltd သစ်အချောထည်စက်ရုံမှ အလုပ်သမားများ ဆန္ဒပြနေစဉ်။

စစ်ကိုင်းကနေ နေပြည်တော်ကို ချီတက်ဆန္ဒပြနေတဲ့ အလုပ်သမားသမားတွေဟာ အစိုးရနဲ့ ညှိနှိုင်းမှု ရလဒ်အရ သူတို့ဆန္ဒပြချီတက်မှုကို ၅ ရက် ရပ်နားလိုက်ပါတယ်။ စစ်ကိုင်းတိုင်း သစ်အချောထည်စက်ရုံကနေ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား တရာကျော်ဟာ နေပြည်တော်ကို ချီတက်ဆန္ဒပြနေရာ တပတ်ခန့်အကြာ၊ အလုပ်သမားခေါင်းဆောင်တွေနဲ့ အစိုးရ ပြည်ထောင်စုဝန်ကြီးတို့ ဒီကနေ့ နေပြည်တော်မှာ ညှိနှိုင်းဆွေးနွေးခဲ့ကြတာပါ။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်းသစ် အချောထည်စက်ရုံက အလုပ်သမား ၁၀၀ကျော် ဟာ စက်ရုံကနေ အလုပ်ထုတ်ပစ်ခဲ့ပြီး ၂လကြာတဲ့အထိ အလုပ်သမား ဝန်ကြီးဌာနနဲ့ အလုပ်ရှင်ဘက်က ဖြေရှင်းပေးမှုမရှိဘူးဆိုကာ နေပြည်တော်သမတရုံးကိုချိတက်ပြီးနောက် ဒီကနေ့ မေလ ၆ရက်နေ့မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူအင်အား ဝန်ကြီးဌာနကတာဝန်ရှိသူတွေက အလုပ်သမား ခေါင်းဆောင်တွေ ကို ခေါ်ယူတွေ့ဆုံခဲ့ရာမှာ အလုပ်သမားတွေဘက် က အချက် ၃ချက် တောင်းဆိုခဲ့ပါတယ်။

ဒီတောင်းဆိုမှုတွေထဲက ၂ ချက်ကိုတော့ ၅ရက်အတွင်း အလုပ်ရှင်နဲ့ ညှိနှိုင်းပေးဖို့ အလုပ်သမားဝန်ကြီးဌာနက ကတိပေးခဲ့တာကြောင့် ဆွေးနွေးနေတဲ့ ၅ရက်မှာ အလုပ်သမားသပိတ် ရပ်နားထားမှာဖြစ်တယ်လို့ အလုပ်သမားခေါင်းဆောင် ကိုနှင်းအောင်ကပြောပါတယ်။

" လုပ်ငန်းခွင် ရပိုင်ခွင့်နဲ့ ကြားကာလ နစ်နာကြေးရရှိရေး နောက်ပြီးတော့ ဥပဒေ ချိုးဖောက်တဲ့ ဥပဒေကို ဘယ်လိုအရေးယူပေးမလဲ။ အချက်နဲ့ပါ ခင်ဗျ။ အလုပ်ပြန်လည် ရရှိရေးပေါ့။ အလုပ်ပြန်လည်ရရှိရေးနဲ့ ကြားကာလ နစ်နာကြေးရရှိရေး ။ သူတို့ အလုပ်ရှင် အလုပ်ထုတ်လိုက်သည့် နေ့မှ စပြီး နောက်ဆုံးနေ့ရက် အထိပေါ့။ နောက်ဆုံးနေ့ရက် ကြာခဲ့တဲ့ အချိန်အထိ ကြားကာလ နစ်နာကြေးကို ပြောတာပေါ့။ အလုပ်ရှင်က အလုပ်သမားတွေကို ဥပဒေမဲ့ အလုပ်ထုတ်လိုက်တဲ့ဟာကို ဥပဒေကြောင်းအရ ဒီဝန်ကြီးဌာနက ဘယ်လိုအရေးယူပေးမလဲဆိုတဲ့ တောင်းဆိုချက်ပါခင်ဗျ။ အားလုံးပေါင်း သုံးချက်ထဲပါ ခင်ဗျ။

အခု တောင်းဆိုချက်တွေကို အလုပ်ရှင်ကို တရားဥပဒေကြောင်းအရ တရားစွဲဖို့ အချိန်ကာလတခု သူတို့ကိုပေးပါ။ သူတို့အဆင့်ဆင့်ပြန်လည်စိစစ်ပြီးတော့ အရေးယူပေးမယ် ဆိုပြီး ပြောလာပါတယ်။ ကျန်တဲ့နှစ်ချက်ကတော့ ကြားကာလ နစ်နာကြေးနဲ့ လုပ်ငန်းခွင်ပြန်လည်ရရှိရေးကတော့ ငါးရက်စောင့်ပါ အလုပ်ရှင်နဲ့သူတို့ ညှိမယ်လို့ ပြောပါတယ်။ ၅ ရက် ကာလအတွင်းမှာ ကျနော်တို့ သပိတ်ကို လက်ရှိ ဒီနေရာမှာပဲ ရပ်နားထားမယ်။ ဒီမှာ စားဖို့နဲ့ နေဖို့ ထိုင်ဖို့ အားလုံးအတွက်ကို ဝန်ကြီးဌာနက တာဝန်ယူမယ်လို့ပြောပါတယ်။ လက်ရှိ ကျနော်တို့ သဘောတူညီ ထားတာကတော့ ဘုန်းကြီးကျောင်းမှာ စားဖို့ နေဖို့အတွက် အကုန်စီစဉ်ပေးမယ်ဆိုပြီး ဝန်ကြီးဌာနဘက်က သဘောတူထားတယ်။ "

ဧပြီလကုန်ကစပြီး တပတ်ခန့် ကြာတဲ့အထိ စစ်ကိုင်းတိုင်းကနေ မန္တလေးတိုင်း နေပြည်တော်ကို ချီတက်နေတဲ့ အလုပ်သမားသပိတ်ကို လမ်းခရီးမှာတော့ အာဏာပိုင်တွေဘက်က တာဆီးပိတ်ပင်ခဲ့ပေမဲ့ ဆက်လက် ချီတက်နေခဲ့တာပါ။

လမ်းခရီးမှာ အလုပ်သမားတွေ ဝင်ရောက်တည်းခိုတဲ့ ဘုန်းကြီးကျောင်းတွေမှာလည်း လက်မခံဖို့ အတွက် ဖိအားပေးမူတွေရှိခဲ့ပါတယ်။ သစ်အချောထည်စက်ရုံက အလုပ်သမားတွေဟာ အလုပ်ထုတ်ခံရပြီး ၂လကြာတဲ့ အထိ စက်ရုံရှေ့မှာ သပိတ်မှောက် ဆန္ဒပြနေကြတာပါ။ သူတို့ကို အလုပ်ရှင်ဘက်ကကော၊ အလုပ်သမားဝန်ကြီးဌာနဘက်ကပါ ဖြေရှင်းပေးမှု မရှိဘူးဆိုပြီး အခုလိုချီတက် လမ်းလျောက်ပြီး ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့ဆိုပါတယ်။

သူတို့ဦးတည်ချက်ကတော့ နေပြည်တော်မှာရှိတဲ့ သမ္မတရုံးကို ဦးတည်ချီတက်နေတာဖြစ်ပြီး အစိုးရသစ်ကို ဆန့်ကျင်တာမဟုတ်ပဲ သူတို့ပြဿနာတွေကို တရားမျှတစွာ ဖြေရှင်းပေးဖို့ တောင်းဆိုဖို့သာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

XS
SM
MD
LG