သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရည်အချင်းပြည့်မီသူနည်းလို့ ပြုပြင်ရေးနှေးကွေး


ဝန်ထမ်းနဲ့ကျောင်းသားအင်အားမမျှတတဲ့ အလယ်တန်းစာသင်ဆောင်မြင်ကွင်း။
ဝန်ထမ်းနဲ့ကျောင်းသားအင်အားမမျှတတဲ့ အလယ်တန်းစာသင်ဆောင်မြင်ကွင်း။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး ပြုပြင် ပြောင်းလဲမှုတွေ စတင် အကောင် အထည် ဖော်ကတည်းက အရည် အချင်း ပြည့်ဝသူတွေ အလုံအလောက် မရှိတဲ့ အတွက် ပြောင်းလဲမှုတွေ နှေးကွေးနေတဲ့အကြောင်း ဗွီအိုအေ သတင်းထောက် Oliver Snow ရန်ကုန်မြို့ ကနေ သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံက အစိုးရဝန်ထမ်းတွေဟာ အစဉ်အလာအားဖြင့် အကောင်းမြင် ခံရလေ့ မရှိပါဘူး။ ဆယ်စုနှစ်ပေါင်း များစွာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ စစ်တပ် ကလည်း သူတို့ လုပ်ခဲ့သမျှတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတာကြောင့် ပြည်သူလူထုအကြား ယုံကြည်မှု ကင်းမဲ့တဲ့ အစဉ်အလာကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် ၂၀၁၁ ခုနှစ်ကစလို့ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ် ဒီမိုကရေ စီ နည်းလမ်းအရ ရွေးကောက် တင်မြှောက်ခံခဲ့ကြရတဲ့ အစိုးရ အဆက်ဆက်ဟာ လူထုအကြား ယုံကြည်မှု တည်ဆောက်နိုင်ရေးအတွက် အများပြည်သူနဲ့ဆိုင်တဲ့ လုပ်ငန်းတွေကို ပိုမို ထိရောက် အကျိုးရှိစေဖို့ ပြောင်းလဲမှုတွေကို အကန့်အသတ် နဲ့ စတင် အကောင်အထည်ဖော်ခဲ့ပါတယ်။

အစိုးရဘက်က မှားယွင်းတဲ့ လုပ်ရပ်တွေနဲ့ပတ်သက်လို့ ပထမဆုံးအကြိမ်အဖြစ် သမ္မတ ဦးသိန်းစိန်က ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှာ ပြောကြားတဲ့ မိန့်ခွန်းအတွင်း ဝန်ထမ်းတွေဟာ မောက်မာတယ်၊ အကျင့်ပျက်ခြစားတယ်၊ လုပ်ငန်း ကျွမ်းကျင်ခြင်း မရှိဘူးဆိုပြီး ဝေဖန် ပြောကြားခဲ့ပါတယ်။

ပြန်ကြားရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနတို့က လက်ဝါးကြီးအုပ်ထားခဲ့တဲ့ ဆက် သွယ်ရေးဆိုင်ရာ လုပ်ငန်း တွေကို ဖွင့်ပေးတာအပါအဝင် ပြည်နယ်နဲ့ တိုင်း ဒေသကြီးတွေနဲ့ဆိုင်တဲ့ ဗဟိုအစိုးရရဲ့ လုပ်ပိုင်ခွင့်တွေကို ဦးသိန်းစိန် အစိုးရက ဖြေလျော့ပေးခဲ့ပါတယ်။

NLD အစိုးရဟာလည်း ၂၀၁၆ ခုနှစ်မှာ အာဏာရလာပြီးတဲ့နောက် အဲဒီ ပြုပြင် ပြောင်းလဲမှုတွေကို ဆက်လက် အကောင်အထည်ဖော် ကြိုးစားခဲ့ပါတယ်။

ပါတီအနေနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို တရားမျှတစွာ ခုခံကာကွယ်ပေး သွားမယ်လို့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ပြည်သူလူထုရဲ့ အကျိုးကို ရှေ့ရှုပြီး အစိုးရအသုံးစားရိတ် သက်သာအောင် ဝန်ကြီးဌာနတွေ လျော့ချတာ၊ အကျင့်ပျက် ခြစားမှုကို တိုက်ဖျက်တာနဲ့ လွှတ်တော် အတွင်း ဥပဒေတွေ ပြင်ဆင် ရေးဆွဲတာတွေ လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ ပါတယ်။

လက်ရှိသမ္မတ ဦးဝင်းမြင့်ကလည်း အစိုးရအဖွဲ့အတွင်း ပြောင်းလဲမှုတွေ ဆက်လက် လုပ်ဆောင်ဖို့ တိုက်တွန်း ပြောဆိုထားပါတယ်။

“အုပ်ချုပ်ရေးအဖွဲ့ဟာ ဖိနှိပ်ချုပ်ခြယ်တဲ့ စက်ယန္တရားသဖွယ် မဖြစ်သင့်ကြောင်း၊ လူ့အခွင့်အရေးကို ကာကွယ် ရမှာ ဖြစ်သလို အစိုးရအနေနဲ့ ပြည်သူ လူထုရဲ့ လွတ်လပ်မှုနဲ့ လုံခြုံရေးကို အကာကွယ်ပေးဖို့ လိုအပ်ကြောင်း၊ ပြည်သူ့ ဝန်ထမ်းတွေအနေနဲ့ တာဝန်သိ ဝန်ထမ်းကောင်း ပီသစွာ ပွင့်လင်းမြင်သာပြီး ပူးပေါင်း ဆောင်ရွက်မှုနဲ့ စံပြအဖြစ် လုပ်ဆောင်ကြဖို့ လိုအပ်”ကြောင်း သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့ပါတယ်။

အစိုးဘက်က နိုင်ငံရေးအရ ပြုပြင် ပြောင်းလဲလိုစိတ် ရှိပေမယ့်လည်း ပြောင်းလဲ မှုတွေ စတင်တာ နှစ်ကာလ မကြာသေးတဲ့အတွက် လုပ်နိုင်ကိုင်နိုင်စွမ်းနဲ့ ရွေးကောက်တင်မြောက်ခံဖို့ အရည်အချင်း ပြည့်ဝသူ၊ တာဝန်ခံမှု တာဝန်ယူမှုရှိတဲ့ အစိုးရ အရာရှိအရေအတွက် နည်းနေသေးတယ်လို့ ဆိုပါတယ်။

လူ့စွမ်းအားအရည်အသေးမြင့် အဖွဲ့အစည်းက အမှုဆောင်ညွန်ကြားရေးမှူး ဒေါ်ရည်မွန်စုကတော့ - အရည် အချင်းရှိတဲ့သူ အရေအတွက် အားနည်းနေတဲ့ အပေါ် ပြည်သူလူထုက စိတ်ပျက်နေကြောင်း၊ အစိုးရအရာရှိ တွေကလည်း သူတို့ မလုပ်ချင်တဲ့ကိစ္စဆိုရင် အဲဒီဘက်ကိုဘဲ အကြောင်းပြပြီး ရှောင်နေတတ်ကြောင်း ပြောပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ သက်ဆိုင်ရာ ဌာနအလိုက် တိုးတက် ကောင်းမွန်အောင် ကြိုးစား ဆောင်ရွက်နေကြတဲ့ အရာရှိတွေလည်း အများအပြား ရှိကြောင်းနဲ့ ဘယ်ကဏ္ဍတွေမှာ ပြုပြင် ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာကိုလည်း ထောက်ပြ ပြောဆိုနေကြကြောင်း ဒေါ်ရည်မွန်စုက ပြောပါတယ်။

အရင်အစိုးရလက်ထက်မှာ စက်မှုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦး စိုး သိန်းကို ဥပမာပေးပြီး ပြောတာမှာတော့ - ဦးစိုးသိန်းအနေနဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ အရည်အသွေး မြင့်တက်လာအောင်နဲ့ သူတို့တွေ လုပ်ငန်းတွေအတွက် ငွေကြေးလွယ်ကူအောင် ဥပဒေတွေကို ဖြေလျော့ပေးခဲ့တာတွေ ရှိကြောင်းလည်း ဒေါ်ရည်မွန်စုက ပြောပါတယ်။

ဦးနိုင်ကိုကိုဟာ အစိုးရအဖွဲ့အစည်းတွေအတွင်း အကျင့်ပျက် ခြစားမှုနဲ့ဆိုင်တဲ့ အကြောင်းအရာကို PhD စာတမ်း ပြုစု ရေးသားနေသူပါ။ သူက NLD အစိုးရ အနေနဲ့ တချို့ကဏ္ဍတွေမှာ တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး ကျင့်ဝတ် သိက္ခာနဲ့ညီညွတ်တဲ့ အရာရှိတွေ ပေါ်ထွက်အောင် ကြိုးစား လုပ်ဆောင်ကြောင်း ပြောပါတယ်။

နိုဝင်ဘာလအတွင်း အစိုးရက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဖွဲ့စည်း ခဲ့ပြီး မကြာခင်မှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းအနေနဲ့ အဂတိ လိုက်စားမှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက် ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။

အဲဒီ ဖြစ်ရပ်ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးပိုင်းမှာ သိသာတဲ့ ပြောင်းလဲ မှုဖြစ်တယ်လို့ ဦးနိုင်ကိုကိုက ပြောပါတယ်။ ဒါပေမယ့် ပြုပြင် ပြောင်းလဲမှုတွေကို လုပ်နိုင်တဲ့ အရည်အချင်းပြည့်ဝသူ အရေအတွက် နည်းနေသေးတယ်ဆိုတာကို သူက ဝန်ခံပြောဆိုပါတယ်။

“လက်ရှိအစိုးရက ဝန်ထမ်းတွေနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေမှာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် လုပ်ရမယ် လုပ်ငန်းနယ်ပယ်က ကြီးမားလွန်းပါတယ်။ သူတို့မှာ အစီအစဉ်ရှိပေမယ့် လူမရှိတဲ့အတွက် လက်တွေ့ အကောင်အထည် ဖော်တဲ့အပိုင်းမှာ ပြဿနာရှိနေတယ်။”

ဒီကိစ္စနဲ့ပတ်သက်လို့ NLD အစိုးရကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါ ဘူး။ NLD အစိုးရ လက်ထက် အတွင်း လုပ်ဆောင်နေတဲ့ ပြောင်းလဲမှုတွေအပေါ် လေ့လာသူတချို့က ဝေဖန် ပြောဆိုတာတွေလည်း ရှိနေပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG