သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းတောင် တလပြည့် ဆုတောင်းပွဲ


လက်ပံတောင်းတောင် အကြမ်းဖက်မှုကို ရန်ကုန်မြို့ရှိ သံဃာတော်များ ကန့်ကွက်ဆန္ဒပြခဲ့ကြစဉ်။ (နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၁၂)။
လက်ပံတောင်းတောင် အကြမ်းဖက်မှုကို ရန်ကုန်မြို့ရှိ သံဃာတော်များ ကန့်ကွက်ဆန္ဒပြခဲ့ကြစဉ်။ (နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၁၂)။
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး တောင်းဆိုနေကြတဲ့ သံဃာတော်တွေ နဲ့ ဒေသခံပြည်သူတွေကို အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ တလပြည့်နေ့ အထိမ်းအမှတ် အဖြစ် သံဃာတော်များက မေတ္တာသုတ်များ ရွတ်ဖတ်ခြင်းတွေ လုပ်ခဲ့သလို ရာနဲ့ချီရှိတဲ့ ဒေသခံတွေ ကလည်း စီမံကိန်း ဖျက်သိမ်းရေး အပါအဝင် သူတို့ရဲ့ တောင်းဆိုချက်တွေရဖို တုံရွာ သပိတ်စခန်းကနေ ညောင်ပင်ကြီးဆိပ် အထိ ချီတက် ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဒီဇင်ဘာလ ၂၉ ရက်နေ့ နေ့လယ်ပိုင်းက စတင်ပြီး လက်ပံတောင်းတောင် ဒေသက သံဃာတော်တွေနဲ့ ပြည်သူအင်အား ၅၀၀ ကျော်ဟာ လမ်းလျှောက် ချီတက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ဆန္ဒပြ ချီတက်ရာမှာ ဦးဆောင် သံဃာတပါးဖြစ်တဲ့ ဦးအာလောက ကတော့ အခုလို မိန့်ကြားပါတယ်။

“နိုဝင်ဘာလ ၂၉ ရက်နေ့က အာဏာပိုင်တွေကနေပြီးတော့ အကြမ်းဖက် ဖြိုခွဲတာဟာ သံဃာတော်တွေအပေါ် လူမဆန်စွာ ရက်စက်ခဲ့တာတွေ တလပြည့်တဲ့ အထိန်းအမှတ် အနေနဲ့ ဦးပဉ္စင်းတို့ သံဃာတွေနဲ့ ပြည်သူတွေကနေပြီးတော့ ထိုင်းနိုင်ငံမှာ ဆေးဝါးကုသနေတဲ့ သံဃာတော်တွေရော၊ မန္တလေး၊ ရန်ကုန် ဆေးဝါးကုသနေတဲ့ သံဃာတော်တွေ၊ ကျန်းမာ ချမ်းသာဖို့ ဘုရားရဲ့ ပရိတ်တော်တွေ ရွတ်ဖက်တယ်။ ဒေသခံတွေ အနေနဲ့လည်း ချီတက်ပြီးတော့ စီတန်းလှည့်လည်ပြီးတော့ တလပြည့်အနေနဲ့ ဦးပဉ္စင်းတို့ ဆန္ဒထုတ်ဖော်ခဲ့တာပေါ့။”

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း သပိတ်စခန်း ၆ ခုကို ဖြိုခွဲခဲ့တဲ့အတွက် ဒေသခံတွေက တလပြည့်တဲ့နေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ ကြတာပါ။

“လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုံး၀ ဖျက်သိမ်းရေး၊ ဒို့အရေး…ဒို့အရေး။”
“လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုံး၀ ဖျက်သိမ်းရေး၊ ဒို့အရေး….ဒို့အရေး။”

တုံရွာထိပ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး သပိတ်စခန်းကနေ ညောင်ပင်ကြီး သင်္ဘောဆိပ်အထိ ငြိမ်းချမ်းစွာ ချီတက် လမ်းလျှောက်ပြီး တောင်းဆိုမှုများ ပြုလုပ်ခဲ့တယ်လို့လည်း ဦးအာလောက က အခုလို မိန့်ကြားပါတယ်။

“အဓိက ကတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံး၀ ဖျက်သိမ်းရေးပေါ့လေ။ စုံစမ်းစစ်ဆေးရေး ကော်မရှင် စုံစမ်းနေစဉ် ကာလအတွင်းမှာ စီမံကိန်းလုပ်ငန်း အားလုံးကို ရပ်ဆိုင်းထားလို့ရှိရင် သပိတ်စခန်းကို ခေတ္တနားပေးမယ် ဆိုပြီး ပြောထားတယ်။ အဓိက ကတော့ ဦးပဉ္စင်းတို့ ၂၉ ရက်နေ့က အစိုးရတပ်ဖွဲ့ရဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေ အပေါ် အကြမ်းဖက် ဖြိုခွဲခဲ့တဲ့အပေါ် လူမဆန်စွာ ရက်စက်ခဲ့တဲ့ အပေါ်ကို ဒါက တာဝန်ရှိသူတွေက အားလုံးကို အမြန်ဆုံး ဖော်ထုတ်ပြီးတော့ အရေးယူပေးဖို့ ဆိုပြီးတော့ တောင်းဆိုထားတာ ရှိပါတယ်။ နောက်ပြီးတော့ လက်ပံတောင်းတောင် အရေးနဲ့ ပတ်သက်ပြီးတော့ မြန်မာပြည် အနှံ့အပြားမှာ ဖမ်းဆီးထားတဲ့ ကျောင်းသားနဲ့ အရပ်ဘက် အကုန်လုံးပေါ့လေ၊ ခံဝန်ချက် အာမခံနဲ့ မဟုတ်ဘဲ ချွင်းချက်မရှိ လွှတ်ပေးဖို့ဆိုပြီး ဦးပဉ္စင်းတို့က နိုင်ငံအနှံ့မှာ အစိုးရ ဌာနတွေ၊ ကုမ္ပဏီများဆီက မတရား သိမ်းယူထားတဲ့ လယ်ယာတွေ၊ သက်ဆိုင်ရာ တောင်သူ လယ်သမားတွေကို ပြန်ပေးရန် ဆိုပြီးတော့ တောင်းဆိုချက်တွေ ရှိတယ်။ ပြည်သူလူထု က ရွေးချယ်ထားတဲ့ ပြည်သူ့အစိုးရအဖွဲ့က ပြည်သူဘက်မှ ကာကွယ်ရန် ဆိုပြီးတော့ ဦးပဉ္စင်းတို့ ပြောဆိုထားတာတွေ ရှိပါတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ ရဲတပ်ဖွဲ့၊ ပြည်သူတရပ်လုံးရဲ့ အခွန်စားတွေက ပြည်သူတရပ်လုံးဘက်မှာ ရပ်တည်ပေးဖို့ အခုလို တသီးပုဂ္ဂလ ကုမ္ပဏီတွေကို အကာအကွယ် ပေးနေတာတွေကို ရပ်ဆိုင်းဖို့ ဆိုပြီးတော့ ဦးပဉ္စင်းတို့ ဆန္ဒထုတ်ဖော်ခဲ့တာပါ။”

အာဏာပိုင်တွေကို ခွင့်ပြုချက် တောင်းတာ မလုပ်တဲ့ ဆန္ဒထုတ်ဖော်ပွဲနဲ့ ပတ်သက်လို့ အာဏာပိုင်တွေဘက်က ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင် ရဲတွေက လာရောက် စောင့်ကြည့်ခဲ့ပြီး မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။
“ဘေးကနေပြီးတော့ အခြေအနေ စောင့်ကြည့်တာ ရှိတယ်။ နောက်ပြီးတော့ ရဲတွေက သူတို့ရဲ့ ကင်မရာတွေနဲ့ ဓာတ်ပုံတွေ ရိုက်တာ ရှိပါတယ်။”

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို စစ်တပ်ပိုင် မြန်မာ့ဦးပိုင် ကုမ္ပဏီ လိမိတက်နဲ့ တရုတ် ကုမ္ပဏီ ဖြစ်တဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပြီး ဒေသခံတွေရဲ့ လယ်မြေဧကပေါင်း ၇,၈၀၀ ကျော်ကို သိမ်းယူခဲ့ကြောင်း၊ ရွာ ၄ ရွာကိုလည်း ပြောင်းရွှေ့ခိုင်း ခဲ့ကြောင်း ဒေသခံတွေက ပြောဆိုထားပါတယ်။ ဒေသခံတွေကတော့ သဘာ၀ ပတ်ဝန်းကျင် ရေမြေ ပျက်စီးဆုံးရှုံးမှုတွေနဲ့ သိမ်းဆည်းခံရတဲ့ လယ်မြေတွေဟာ သူတို့ဘ၀ ရှင်သန် ရပ်တည်ရေး အတွက် ဖြစ်တာကြောင့် စီမံကိန်းကို ဖျက်သိမ်းပေးဖို့ကိုသာ တောင်းဆိုနေပါတယ်။
XS
SM
MD
LG