သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေယာသိမ်း ကန့်ကွက်ဆန္ဒပြပွဲ ရဲဖမ်းဆီးမှုနဲ့ပြီးဆုံး


မြေယာသိမ်း ကန့်ကွက်ဆန္ဒပြသူများကို ဖမ်းဆီးလူစုခွဲနေစဉ်။ (ဓာတ်ပုံ-နိုင်နိုင်အောင်)
မြေယာသိမ်း ကန့်ကွက်ဆန္ဒပြသူများကို ဖမ်းဆီးလူစုခွဲနေစဉ်။ (ဓာတ်ပုံ-နိုင်နိုင်အောင်)

တိုင်းရင်းဒေသက မတရားမြေယာသိမ်းဆည်းခံရမှုတွေ ဖြေရှင်းပေးရေး အနိုင်ရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ်ရုံးရှေ့မှာ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြမှုကို လုံခြုံရေးတွေရဲတွေဘက်က လူစုခွဲခဲ့ပြီး ဦးဆောင်ဆန္ဒပြသူတချို့ အဖမ်းဆီးခံခဲ့ရပါတယ်။ တောင်သူလယ်သမား တွေရဲ့အခုလိုငြိမ်းချမ်းစွာ တောင်းဆိုနေမှုတွေကို အင်အားသုံး ဖြိုခွဲမှုတွေကို ကန့်ကွက်လိုက်ပြီး ပြည်သူအသံကို နားထောင်မယ်ဆိုတဲ့ NLD အစိုးရ အနေနဲ့ လူထုကြုံတွေ့နေရတဲ့အခက်အခဲနဲ့ တောင်သူလယ်သားတွေ ရင်ဆိုင်နေရတဲ့ အဓမ္မမြေသိမ်းယာသိမ်းကိစ္စတွေကို အရေးတကြီးကိုင်တွယ်ဖြေရှင်းသင့်ပြီ လို့လည်း မြေယာသိမ်းအရေး တောင်းဆိုလှုပ်ရှားနေတဲ့ တောင်သူလယ်သမားသမဂ္ဂ တာဝန်ရှိ သူတွေကပြောပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ဆက် ပေးထားပါတယ်။

တိုင်းရင်းဒေသတွေက လယ်ယာမြေသိမ်းဆည်းခံရမှုတွေကို မကျေနပ်ကြတဲ့ ကရင် တိုင်းရင်းသား တချို့နဲ့ လယ်ယာမြေသိမ်းဆည်းခံရတဲ့ အရေး လှုပ်ရှား ဆောင်ရွက်နေတဲ့ တောင်သူ လယ်သမားရေးတက်ကြွလှုပ်ရှားသူတွေ စုဝေးပြီး ဒီကနေ့ စနေနေ့ မနက်ပိုင်းမှာတော့ ရန်ကုန်တိုင်းက အနိုင်ရပါတီ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့ မှာ ငြိမ်းချမ်းစွာချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲဦးဆောင်သူတွေက NLD ရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ကြိုတင်အကြောင်း ကြား ခဲ့ပေမဲ့ အခြားနေရာကိုပဲ ဆန္ဒပြဖို့ ခွင့်ပြုခဲ့တာကြောင့် ဆန္ဒပြသူတွေက NLD ရုံးရှေ့ကိုပဲ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

"...တို့အရေး၊ တို့အရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအကြောင်းပြကာ စစ်အုပ်စု အညံ့ခံ မူဝါဒ ပြင်ဆင်ပေးရေး - တို့အရေး၊ တို့အရေး..."

"ပြန်လှည့်သွားဖို့ ကျနော်တို့က မေတ္တာရပ်ခံပါတယ်။"

"အဲဒါကတော့ လုံးဝမဖြစ်နိုင်ပါဘူးရှင်။ ကျမတို့ တိုင်းရင်းသား အရေးပေါ်ကိစ္စဖြစ်နေတဲ့ အတွက်ကြောင့် ကျမတို့က သေရင်သေ၊ ကြေရင်ကြေ၊ ဖမ်းရင်ဖမ်း၊ ဆီးရင်ဆီး၊ ကျမတို့က သေသွားပစေ၊ နောက်မဆုတ်နိုင်ပါဘူး။ ကျမတို့က ဘာဖြစ်လို့ တောခြေအုံဖျားမှာ နေပြီးတော့ မြို့လည်ကောင်မှာ ဆန္ဒပြရတယ်ဆိုတာ ကျမတို့ တိုင်းရင်းသား အရေးပေါ်ကိစ္စကို ဘယ်သူက ဆောင်ရွက်ပေးနိုင်မှာလဲရှင့်။ အဲဒါ ဆောင်ရွက်ပေးနိုင် မယ်ဆိုရင် ကျမတို့ လှည့်ပြီးတော့ ပြန်ထွက်သွားဖို့ အဆင်သင့်ပါရှင့်။"

မတရားမြေယာသိမ်းဆည်းခံရမှုတွေ ဖြေရှင်းပေးရေး -မြေစစ်ကော်မတီဖွဲ့စည်းမှု ပြင် ဆင်ပေး ရေး ကြွေးကြော်သံတွေနဲ့ လမ်းလျှောက်ချီတက် ဆန္ဒပြနေသူတွေကို မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးက အစမှာ မေတ္တာရပ်ခံခဲ့ပြီးနောက်မှာတော့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေဘက်က လူအင်အားသုံးလူစုခွဲခဲ့ပါတယ်။

နိုင်ငံသားတိုင်း လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပိုင်ခွင့်ရှိသလို ဆန္ဒထုတ်ဖော်ဖို့ ကြိုတင် အကြောင်းကြားခဲ့တဲ့အတွက် ဥပဒေဘောင်ကို ကျော်လွန် လုပ်ဆောင်ကြတာမဟုတ်ပဲ တောင်သူရဲ့နစ်နာမှုကိုသာ အနိုင်ရပါတီNLD သိအောင် ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်ခဲ့ကြတာ ဖြစ်တယ်လို့ ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ အတွင်းရေးမှူး ဦးဇော်ရမ်းက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

"'ဒီဖြိုခွဲမှုက ဖွဲ့စည်းပုံအခြေခံဥပဒေပေါ့နော်-၃၅၄ အရ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်ကို အချိုးခံရ တယ်ပေါ့ဗျာ၊ တားဆီးခံရတယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တောင်းဆို ချက်တွေကလည်း ဒီမိုကရေစီလမ်းကြောင်းအပေါ်မှာလည်း သွေဖြည် တာလည်း မရှိဘူးပေါ့နော်၊ ပုဂ္ဂိုလ်ရေးလည်း မပါဘဲနဲ့ တိုင်းပြည်မှာ တကယ်ကို ဖြစ်ပျက်နေ တဲ့ လယ်ယာမြေ ပြဿနာကြီးကို ဖြေရှင်းပေးပါလို့ တောင်းဆိုတာ ဖြစ်တယ်ပေါ့နော်။ အဲဒီတော့ ရဲတပ်ဖွဲ့ အနေနဲ့ပဲဖြစ်ဖြစ်၊ လက်ရှိအစိုးရအနေနဲ့ပဲဖြစ်ဖြစ် ဒါကြီးကို အခုလို ရုပ်ပျက်ဆင်းပျက်ကြီးပေါ့ဗျာ-အတင်းအဓမ္မ ဖြိုခွဲပြီးတော့ ..တာကတော့ ဒီမိုကရေစီစံနှုန်း

နဲ့လည်း မညီဘူးဗျ။ ဖြစ်လည်းမဖြစ်သင့်ဘူးလို့ ဒါကို ပထမ ပြောလိုပါတယ်။ နောက်တချက် ကတော့ လယ်ယာမြေ ပြဿနာတွေက တနိုင်ငံလုံးမှာ ဖြစ်နေတာပေါ့ဗျာ။ မြေစစ်ဗဟိုကော်မတီကနေ ထုတ်ပြန်တဲ့အထဲမှာ အမှုပေါင်း ၆,၃၂၀ မှာ တကယ်တန်း သူတို့ရှင်းနိုင်တာကလေ ၆၆၉ မှုဆိုတော့ ဆယ်ရာခိုင်နှုန်းတောင် မပြည့်ဘူး။ အစိုးရသက်တမ်း -- ရှိသွားပြီ။ အဲဒီတော့ လယ်သမားတွေမှာ တကယ်နစ်နာနေတယ်၊ တကယ် ကို ဆုံးရှုံးနေတယ်။ တိုက်ရိုက် ဒီမိုကရေစီအခွင့်အရေးအရ လူထုက သူတို့ နစ်နာတာတွေကို တိုက်ရိုက်တောင်းဆိုခွင့်ရှိပါတယ်။ အဲဒီအတွက်ကတော့ လုံးဝ မလုပ်သင့် ဘူးလို့ ကျနော်တို့ထင်ပါတယ်။"

မြေယာသိမ်းဆည်းခံနေရတဲ့ နစ်နာသူ တောင်သူလယ်သမားတွေအရေး အလေးထား ဖြေရှင်းပေးဖို့ နိုင်ငံတော်သမ္မတ- နိုင်ငံတော်အတိုင်ပင်ခံနဲ့ သက်ဆိုင်ရာပြည်နယ်တိုင်း အစိုးရတာဝန်ရှိသူတွေ- လွှတ်တော်ကိုယ်စားလှယ်တွေကို တောင်းဆိုလိုပါတယ်လို့- ဦးဇော်ရမ်းကပြောပါတယ်။

"ဒီလယ်ယာမြေ ပြဿနာနဲ့ပတ်သက်ပြီးတော့ ဒီပြဿနာကြီးက ရှင်းကိုရှင်းမှ ရမယ် ပေါ့နော်၊ လူဦးရေ ၇၀ % လောက်ရှိတဲ့ လူတွေရဲ့ဘဝတွေ၊ ရပ်တည်မှုတွေ ဒီမှာ ပါလာ တယ်။ သူတို့အနေနဲ့က ပြည်သူ့အသံကို နားထောင်ရမယ်ပေါ့နော်၊ တကယ်ကို ကျနော်တို့ Activists တွေရှိတယ်။ လယ်ယာမြေအရေး လှုပ်ရှားတဲ့သူတွေ ရှိတယ်။ CSO တွေရှိ တယ်။ ဒါတွေက အချက်အလက်တွေကို သူတို့ဆီကို တောက်လျှောက် ပို့ပေးနေပါတယ်။ လွှတ်တော်မှာ Majority က NLD အစိုးရက ရထားတာလေ။ NLD အစိုးရက ၂၀၁၂ လယ်ယာမြေ ဥပဒေကို ပြင်မယ်၊ မြေလွတ်မြေရိုင်း ဥပဒေတွေကို ပြင်မယ်၊ လုပ်ထုံး လုပ်နည်းတွေ ပြင်မယ်၊ သမ္မတအမိန့်တွေ ထုတ်မယ်၊ ပြတ်ပြတ် သားသား သတ္တိရှိရှိ ပေါ့နော်၊ တာဝန်ရှိတဲ့လူတွေ အားလုံးက စေတနာမှန်မှန်နဲ့ ဒီပြဿနာကြီးက ရှင်းကိုရှင်းမှ ရမယ်ဆိုတဲ့ သံန္နိဌာန်နဲ့ စေတနာပါပါနဲ့လုပ်မယ်ဆိုရင်တော့ ရမယ်ဗျ။"

အခုရက်ပိုင်းမှာမှာတော့ လယ်ယာမြေသိမ်းဆည်းမှုဆန္ဒပြမှုတွေကို အင်အားသုံးဖြိုခွင်းခဲ့ပါ တယ်။ သီလဝါ အထူးစီမံကိန်း မြေယာသိမ်းဆည်းမှု ဆန္ဒထုတ်ဖော်မှုကိုလည်း ရော်ဘာ ကျည်သုံး အကြမ်းဖက်ဖြိုခွဲခဲ့တာအပါအဝင် ဒီကနေ့ NLD ရုံးရှေ့ မြေယာ သိမ်းဆည်းခံရ မှုတွေအပေါ် ဆန္ဒထုတ်ဖော်မှုကို အင်အားသုံးလူစုခွဲခဲ့တာတွေကတော့- ပြည်သူတွေ အထူးသဖြင့် တောင်သူလယ်သမားတွေ ရင်ဆိုင်တွေ့ကြံနေရတဲ့ မြေယာသိမ်းဆည်းမှု အခက်အခဲတွေကို ပြေလည်အောင် ဖြေရှင်းတဲ့ နည်းလမ်း မဟုတ်ဘူးလို့ တောင်သူ လယ်သမားရေးလှုပ်ရှားသူတွေက ဝေဖန်လိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ အရေးပါဆုံး လယ်ယာအခန်းကဏ္ဍက တောင်သူလယ်သမားတွေရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ လယ်ယာမြေသိမ်းဆည်းခံ ရတဲ့အရေး- လယ်သမားတွေ ရဲ့ လူနေမှုဘဝတွေ တိုးတက်ကောင်းမွန်အောင် လယ်ယာမြေ ဥပဒေတွေ ပြင်ဆင် ပြောင်းလဲပေးဖို့ နဲ့ တောင်သူ လယ်သမားတွေအရေး အစိုးရတာဝန်ရှိသူတွေဘက်က အလေးပေးဆောင်ရွက်ပေးဖို့ကို တောင်သူလယ်သမားတွေနဲ့ မြေယာအရေး လှုပ်ရှားဆောင်ရွက်နေသူတွေက တိုက်တွန်းနိုးဆော်နေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG