လူကိုအန္တရာယ်ဖြစ်စေတဲ့ မြေမြှုပ်မိုင်း တားဆီးရေး သဘောတူစာချုပ်ကို အမေရိကန်ပြည်ထောင်စုအနေနဲ့ လက်မှတ်ရေးထိုး ထောက်ခံဖို့ အမေရိကန်သမ္မတ အိုဘားမားကို နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ၁၆ ဦးတို့က တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
အမေရိကန်သမ္မတ အိုဘားမားထံ ပေးပို့ခဲ့တဲ့ တိုက်တွန်းလွှာကိုတော့ အမျိုးသမီး နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင်များအဖွဲ့ Nobel Women’s Initiative က ဦးဆောင်ရေးသား ပေးပို့ခဲ့တာပါ။ အစကနဦးမှာတော့ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူး၊ မြေမြှုပ်မိုင်း တားဆီးကာကွယ်ရေးစာချုပ် ချုပ်ဆိုနိုင်ဖို့ အဓိက ကြိုးပမ်းရာကနေ နိုဘဲလ် ငြိမ်းချမ်းရေးဆု ချီးမြင့်ခံခဲ့ရတဲ့ ဂျိုဒီ ဝီလျံတို့အပါအဝင် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ၁၅ ဦးက ဒီစာချုပ် ချုပ်ဆိုခဲ့တဲ့ ၁၀ နှစ်ပြည့် အထိမ်းအမှတ်နေ့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ အမေရိကန် သမ္မတ အိုဘားမားထံ တိုက်တွန်းစာ ရေးပို့ခဲ့ကြတာဖြစ်ပြီး မကြာသေးခင်ကမှ နေအိမ်အကျယ်ချုပ်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ပါ အခုအခါ ပါဝင်လာခဲ့တာဖြစ်တယ်လို့ Nobel Women’s Initiative က ဆက်သွယ် ရေးတာဝန်ခံ Rachel Vincent က ပြောပြပါတယ်။
“အခုတိုက်တွန်းစာကို သမ္မတ အိုဘားမားဆီ ပို့ပြီးတဲ့နောက်ပိုင်းမှာ ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူးရော၊ ဂျိုဒီ ဝီလျံ ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းနဲ့ ဆက်သွယ် စကားပြောခွင့် ရခဲ့ကြပါတယ်။ အဲဒီလို ပြောခွင့်ရတုန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီတိုက်တွန်းစာကို ထောက်ခံတဲ့အကြောင်းနဲ့ သူ့နာမည်ကိုပါ ထည့်သွင်းပေးဖို့ ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံမှာက မြေမြှုပ်မိုင်းတွေကို အခုထိ ကျယ်ကျယ်ပြန့်ပြန့် သုံးနေ တုန်းဖြစ်ပြီး အထူးသဖြင့် အရပ်သား ပြည်သူတွေအတွက် ပိုပြီးအန္တရာယ်များတဲ့ ဒီမြေမြှုပ်မိုင်းတွေ ရှင်းလင်း ဖယ်ရှားဖို့ အလိုအပ်ဆုံး တိုင်းပြည်တွေထဲမှာ မြန်မာနိုင်ငံက တခုအပါအဝင် ဖြစ်နေလို့ပါပဲ။”
မြန်မာစစ်အစိုးရက မြေမြှုပ်မိုင်း အသုံးပြုမှု၊ ထုတ်လုပ်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာကို ရှင်းလင်း ထုတ်ဖော် ပြောဆိုခြင်းမရှိတာကြောင့် မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းတွေ ဘယ်လောက်ထိရှိသလဲဆိုတာ အတိအကျ မသိရပေမဲ့ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းတွေ ကျယ်ကျယ်ပြန့်ပြန် အသုံးပြုနေတာကတော့ သေချာ တယ်လို့လည်း Rachel Vincent က ပြောပါတယ်
“ပြည်သူတွေအပေါ် ဖိနှိပ်နေတဲ့ မြန်မာစစ်အစိုးရဟာ လူတွေကိုထိခိုက်စေတဲ့ မြေမြှုပ်မိုင်း အသုံးပြုမှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို နိုင်ငံတကာကို ထုတ်ဖော် ပြောဆိုလေ့မရှိပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းတွေကို ဘယ်လို အသုံးပြုနေတယ်၊ ဒီမြေမြှုပ်မိုင်းတွေကြောင့် ကလေးငယ်တွေ အပါအဝင် အပြစ်မဲ့ အရပ်သား ပြည်သူတွေ သေကျေပျက်စီးနေတာ၊ ဒဏ်ရာရပြီး ခန္ဓာကိုယ် အစိတ်အပိုင်း တွေ စွန့်လွှတ်ရတဲ့ အခြေအနေတွေ ရှိနေတာကို ကျမတို့သိပါတယ်။
“ဒါကြောင်မို့လဲ မြေမြှုပ်မိုင်းအသုံးပြုမှုနဲ့ပတ်သက်ပြီး ရှေ့ထွက်ပြောဆိုလေ့ရှိတဲ့ အမေရိကန်လို နိုင်ငံမျိုးက ဒီမြေမြှုပ်မိုင်း ကာကွယ်တားဆီးရေးစာချုပ် လက်မှတ်ရေးထိုးလာဖို့ တိုက်တွန်းနေတာပါ။ ဒါမှလည်း မြေမြှုပ် မိုင်းတွေ ကျယ်ကျယ်ပြန့်ပြန့်သုံးနေတဲ့ မြန်မာနိုင်ငံအပေါ်မှာ ပြည်သူတွေအတွက် သိပ်ကို အန္တရာယ်ကြီးတဲ့ မြေမြှုပ်မိုင်း သုံးစွဲမှုတွေရပ်ဖို့ ပိုပြီး ဖိအားပေးနိုင်မှာဖြစ်သလို ကမ္ဘာတဝန်း တခြားဒေသတွေမှာပါ အပြစ်မဲ့ အရပ်သား သေကျေပျက်စီးမှုတွေကို ဝိုင်းဝန်းတားဆီးနိုင်မှာဖြစ်ပါတယ်။”
အမေရိကန်ပြည်ထောင်စုရဲ့ စစ်ရေးမဟာမိတ်နိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၁၅၆ နိုင်ငံက လက်မှတ်ရေးထိုး ထောက်ခံထားပြီးဖြစ်တဲ့ ဒီ မြေမြှုပ်မိုင်းတားဆီးရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်းအားဖြင့် ကျင့်ဝတ်နဲ့အညီ ရပ်တည်တယ်ဆိုတဲ့ အမေရိကန်ရဲ့ ဂုဏ်သိက္ခာကို ဖော်ပြရာရောက်သလို ကမ္ဘာတဝန်း အပြစ်မဲ့ အရပ်သား သေကျေပျက်စီးမှုတွေကို ဝိုင်းဝန်းတားဆီးနိုင်မှာမို့ ကမ္ဘာကြီးတခုလုံးအတွက်ပါ အကျိုးရှိမယ့် လုပ်ရပ် ဖြစ်တယ်လို့လည်း အမျိုးသမီး နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များအဖွဲ့ Nobel Women’s Initiative ရဲ့ ဆက်သွယ်ရေးတာဝန်ခံ Rachel Vincent က ပြောပါတယ်။
လူကိုအန္တရာယ်ဖြစ်စေတဲ မြေမြှုပ်မိုင်း တားဆီးရေးစာချုပ် လက်မှတ် မရေးထိုးရသေးတဲ့ နိုင်ငံ ၃၉ နိုင်ငံ ထဲမှာ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား စတဲ့နိုင်ငံတွေနဲ့အတူ မြန်မာနိုင်ငံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အစိုးရကိုယ်တိုင်က လူကိုအန္တရာယ်ဖြစ်စေတဲ့ မြေမြှုပ်မိုင်း ထုတ်လုပ်တဲ့ တခုတည်းသောနိုင်ငံလည်းဖြစ်ပါတယ်။