သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေမြှုပ်မိုင်း အသုံးပြုမှု အဆုံးသတ်ဖို့ ဒေါ်စု တိုက်တွန်း


မြေမြှုပ်မိုင်း အသုံးပြုမှု အဆုံးသတ်ဖို့ ဒေါ်စု တိုက်တွန်း
မြေမြှုပ်မိုင်း အသုံးပြုမှု အဆုံးသတ်ဖို့ ဒေါ်စု တိုက်တွန်း

တိုင်းရင်းသားလူမျိုးစုံ နေထိုင်တဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းမှု ရှိဖို့ဆိုရင် မြေမြှုပ်မိုင်း ပပျောက်ရေးကို ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အစိုးရတပ်တွေရော လက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့တွေပါ မြေမြှုပ်မိုင်းတွေ အသုံးပြုနေတဲ့ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်း သုံးစွဲမှု ရပ်တန်းက ရပ်ပါလို့ နိုင်ငံတကာမှာ မြေမြှုပ်မိုင်း သုံးစွဲမှု ပပျောက်ရေး လှုပ်ရှားနေတဲ့ အဖွဲ့ကတဆင့် ပြောကြားထားတာ ဖြစ်ပါတယ်။ အကြောင်းစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ICBL ဆိုတဲ့ နိုင်ငံတကာ မြေမြှုပ်မိုင်း သုံးစွဲမှု ပပျောက်ရေး လှုပ်ရှားမှု အဖွဲ့ကတဆင့် ဗွီဒီယိုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ထဲမှာ သာမန် အရပ်သား ပြည်သူတွေ၊ လက်နက်ကိုင် စစ်သားတွေ၊ တိုင်းရင်းသား အဖွဲ့တွေပါ ထိခိုက်သေကျေ ဒဏ်ရာရစေတဲ့ မြေမြှုပ်မိုင်းတွေကို ဆက်မသုံးကြဖို့ တောင်းဆိုထားပါတယ်။ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ မြေမြှုပ်မိုင်း ပပျောက်ရေးဟာ အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာပါ။

“ကျမတို့ အားလုံးဟာ လူသားချင်း စာနာတဲ့ စိတ်ဓာတ်နဲ့ ဆက်ပြီးတော့ မလုပ်သွားဘူးဆိုရင် ကျမတို့ ပြည်ထောင်စုကြီးကို ငြိမ်းချမ်းအောင် လုပ်ဖို့ဆိုတာ အင်မတန်မှ ခက်ပါလိမ့်မယ်။ မြေမြှုပ်မိုင်းသုံးတဲ့ကိစ္စ ဆိုတာဟာ သူ့ဟာသူ ထီးထီးကြီး ရှိနေတဲ့ ကိစ္စတခု မဟုတ်ပါဘူး။ ကျမတို့ရဲ့ ပြည်ထောင်စုကြီး တခုလုံးနဲ့ဆိုင်တဲ့ ကိစ္စ ဖြစ်တာကြောင့် အားလုံးဟာ တတ်နိုင်သမျှ မြေမြှုပ်မိုင်း သုံးတဲ့ အလေ့အကျင့်ကို အမြန်ဆုံး ပပျောက်အောင် လုပ်ကြပါစို့လို့ ကျမအနေနဲ့ ဆန္ဒပြုချင်ပါတယ်။”

ICBL အဖွဲ့ရဲ့ စာရင်းအရ ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်း ပပျောက်ရေး စာချုပ်မှာ ပါဝင် လက်မှတ်ထိုးထားတဲ့ နိုင်ငံပေါင်း ၁၅၆ နိုင်ငံ ရှိပါတယ်။ ဒါပေမဲ့ အဲဒီထဲမှာ မြန်မာနိုင်ငံကတော့ ပါဝင် လက်မှတ်ထိုးထားခြင်း မရှိသေးပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းကို အစိုးရတပ်တွေ ကိုယ်တိုင်က အမြောက်အမြား ပုံမှန်အသုံးပြုတဲ့ ကမ္ဘာပေါ်က တခုတည်းသောနိုင်ငံ ဖြစ်တယ်လို့လည်း ICBL က ပြောပါတယ်။ ဒါ့အပြင် လက်ရှိ အများဆုံး ထုတ်လုပ်နေတဲ့ ၃ နိုင်ငံထဲက တနိုင်ငံလည်း ဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ အစိုးရကို တော်လှန် တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကလည်း မြေမြှုပ်မိုင်းတွေကို အသုံးပြုနေကြတာပါ။

“လက်နက်ကိုင် တော်လှန်ရေး တပ်များဟာ မိမိတို့ရဲ့ လူမျိုးစုများ၊ မိမိတို့ရဲ့ ဒေသကို ကာကွယ်ချင်လို့ ဆိုပြီးတော့ လက်နက်ကိုင်ထားတယ် ဆိုရင် မိမိတို့ရဲ့ တိုင်းရင်းသား လူမျိုးစုတွေကို ထိခိုက်မယ့် နည်းတွေတော့ မသုံးသင့်ဘူးလို့ ကျမတော့ ထင်ပါတယ်။ မြန်မာ့တပ်မတော် အနေနဲ့လည်း ကိုယ့်ရဲ့ တိုင်းရင်းသားတွေကို ထိခိုက်မယ့်၊ ရိုးရိုး သာမန် အရပ်သား တိုင်းရင်းသားတွေကို ထိခိုက်မယ့် နည်းတွေကို မသုံးသင့်တဲ့အပြင် တပ်မတော်သားတွေကို အများကြီး ထိခိုက်တယ် ဆိုတာကိုလည်း ဆင်ခြင်သင့်ပါတယ်။ တပ်မတော်သားတွေလည်း ဘဝတွေ အများကြီး ပျက်သွားကြပါတယ်။”

မိုင်းထိလို့ ကိုယ်၊ လက် ထိခိုက်ဒဏ်ရာ ရသွားသူတွေရဲ့ ဘဝတွေ ပြန်လည်ထူထောင်လာဖို့ ပြည့်ဝတဲ့ အကူအညီ ပေးနိုင်တဲ့ အခြေအနေ မရှိသေးတဲ့ မြန်မာနိုင်ငံမှာ တဘက်က မြေမြှုပ်မိုင်းသုံးတာ ရပ်မှ ကိုယ့်ဘက်ကလည်း ရပ်မယ်ဆိုတာမျိုး စောင့်မနေသင့်ပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ICBL အဖွဲ့ကတဆင့် တိုက်တွန်းထားပါတယ်။

“ကျမတို့ မြန်မာနိုင်ငံဟာ ကမ္ဘာမှာဆိုရင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်နစ်နာမှု အများဆုံးရတဲ့ နိုင်ငံ ၃ ခုထဲမှာ အပါအဝင် ဖြစ်တယ်။ အဲတော့ ကိုယ့်ရဲ့ နိုင်ငံသူ နိုင်ငံသားတွေကို အင်မတန်မှ ထိခိုက်စေတဲ့ လက်နက်တွေ သုံးဖို့ ရှောင်တယ်ဆိုတာဟာ တာဝန်သိတဲ့ လက်နက်ကိုင်တပ်တိုင်း လုပ်ရမယ့် ကိစ္စပါပဲ။ မြန်မာ့တပ်မတော်ကလည်း လုပ်ရပါလိမ့်မယ်။ လက်နက်ကိုင် တခြား တော်လှန်ရေး တပ်တွေကလည်း လုပ်ရပါလိမ့်မယ်။

“သာမန် အရပ်သားတွေကို ထိခိုက်အောင် လုပ်တယ်ဆိုတာ တကယ်တော့ စစ်သည်ကောင်းများရဲ့ ကျင့်ဝတ်နဲ့လည်း မကိုက်ညီပါဘူး။ ကျမတို့ရဲ့ နိုင်ငံအပေါ်မှာ၊ ကျမတို့ရဲ့ လူမျိုးအသီးသီးပေါ်မှာ ထားသင့်တဲ့ သစ္စာတရားနဲ့လည်း မကိုက်ညီပါဘူးလို့ ကျမ ပြောချင်ပါတယ်။ ဒါကြောင့် ကျမကတော့ မြေမြှုပ်မိုင်းသုံးတဲ့ အလေ့အကျင့်ကို အမြန်ဆုံး ကိုယ့်ဘက်ကနေပြီးတော့ တဘက်က လုပ်ဖို့ မစောင့်ဘဲနဲ့ ကိုယ့်ဘက်ကနေ တာဝန်သိသိနဲ့ လုပ်နိုင်သလောက် လုပ်သွားစေချင်ပါတယ်။”

နိုင်ငံတကာ မြေမြှုပ်မိုင်း သုံးစွဲမှု ပပျောက်ရေး လှုပ်ရှားမှုအဖွဲ့ (ICBL) အဖွဲ့က ရသလောက် ပြုစုထားတဲ့ စာရင်းအရ ၂၀၀၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် ၂၆၂ ယောက် သေဆုံးခဲ့ပြီး အဲဒီထဲက ၂၅၉ ယောက်ဟာ အရပ်သားတွေ ဖြစ်ကြပါတယ်။ စနစ်တကျ စာရင်းကောက်ဖို့ ခက်ခဲတဲ့ မြန်မာနိုင်ငံမှာ တကယ် သေဆုံးသူ အရေအတွက်ဟာ ဒီထက် အများကြီး များနိုင်တယ်လို့ ကုလသမဂ္ဂ အဖွဲ့ကြီးကတော့ ပြောပါတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက မသန်စွမ်းသူတွေကို အကူအညီတချို့ ပေးတာမျိုး ရှိပေမဲ့ မြေမြှုပ်မိုင်း ထိထားတဲ့ ဒုက္ခသည်တွေရဲ့ ဘဝတွေ ပြန်လည်ထူထောင် ရပ်တည်နိုင်လာအောင် ကူညီပေးတဲ့ အစီအစဉ်မျိုး မြန်မာနိုင်ငံမှာ အခုချိန်ထိ မရှိသေးပါဘူး။

XS
SM
MD
LG