သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေမြှုပ်မိုင်း ပပျောက်ရေး ပြည်တွင်း ငြိမ်းချမ်းရေး ရဖို့လို


မိုင်းထိသူတစ်ဦး။
မိုင်းထိသူတစ်ဦး။

ကမ္ဘာပေါ်မှာ မြေမြုှပ်မိုင်း အသုံးပြုတဲ့ နိုင်ငံအနည်းအကျဉ်းမှာ မြန်မာနိုင်ငံ ဆက်လက် ပါဝင်နေပြီး၊ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှသာ မိုင်းပပျောက်ရေး အစီအစဉ်တွေ အောင်မြင်နိုင်မယ်လို့ ဒေသခံ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဒီနှစ် ၂၀၁၅ ခုနှစ်ထဲမှာပဲ လက်နက်ကိုင်၆ဖွဲခန့် ရှိတဲ့ ကရင်ပြည်နယ်ထဲမှာ အစိုးရနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေက မိုင်းအသုံးပြုမှုတွေ ဆက်ရှိနေတုန်းပဲလို့လည်း ပြောပါတယ်။ မအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်အရှည်ကြာဆုံးဖြစ်ခဲ့တဲ့ ကရင်ပြည်နယ်တွင်းမှာ အစိုးရနဲ့ ကရင်လက်နက်ကိုင်တွေကြား အပစ်အခပ်ရပ်စဲရေး လုပ်ခဲ့တာဟာ ၃နှစ်ကျော် ရှိပြီဖြစ် သလို ကရင်လက်နက်ကိုင် ၃ဖွဲနဲ့ လည်း တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ် တိုက်ခတ်မူ ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားပြီးဖြစ်ပါတယ် ဒါပေမဲ့လည်း မြေမြုှပ်မိုင်း အသုံးပြုမူတွေဟာ ၂၀၁၅ခုနှစ်အထိ ရှိနေဆဲပဲလို့ ကရင် လူအခွင့်အရေးအဖွဲ့ KHRG က ဆိုပါတယ်။

ဒီ့အတွက် ဘယ်အစိုးရ လက်ထက်မှာပဲဖြစ်ဖြစ် ပြည်တွင်း ငြိမ်းချမ်းရေးကို အမှန်တကယ် တည်ဆောက်နိုင်မှာသာ မိုင်းရှင်းလင်းရေး ကိစ္စတွေ ကို ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ကရင်လူအခွင့်အရေး အဖွဲ့ရဲ့ ပြောရေး ဆိုခွင့်ရှိသူ စောဝေလေးကပြောပါတယ်။

"ကရင်တိုင်းရင်းသားလက်နက်ကိုင်နဲ့ မြန်မာအစိုးရတပ်မတော်ကြား ပစ်ခတ်တာမျိုးတွေ ပပျောက်သွားတာမျိုး တိတိလင်းလင်း မရှိသေးတဲ့ အတွက် မြေမြှုပ်မိုင်းထုတ်တာတော့ ကျနော်တို့ မတွေ့ရှိရသေးပါဘူး။ နောက် လာမယ့်အစိုးရမှာ လည်း လက်နက်ကိုင်တွေ အဖွဲ့ တဖွဲ့နဲ့ တဖွဲ့အကြား ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သေးသရွေ့တော့ ဒီလိုမျိုး မြေမြှုပ်မိုင်းတွေက လာမယ့် အစိုးရပဲဖြစ်ဖြစ် မြေမြှုပ်မိုင်းတွေ ဖယ်ထုတ်ဖို့ အကောင်အထည်ဖော်နိုင်ဖို့အတွက် သူတို့အတွက် နည်းနည်းအခက်ခဲဖြစ်နေတယ်။ ဒီမြေမြှုပ်မိုင်းထုတ်ဖို့က အစိုးရတခုတည်း သူတို့ထုတ်ချင်တိုင်း ထုတ်လို့မရဘူး။ တိုင်းရင်းသား လက်နက်ကိုင်ရော၊ မြန်မာအစိုးရရော နှစ်ဘက်စလုံး သူတို့သဘောတူမှသာလျင် အကောင်အထည်ဖော်နိုင်မှာလေ။"

မြေမြုှပ်မိုင်းရှင်းလင်းရေးနဲ့ ပတ်သက်လို့အစိုးရနဲ့ ကရင်လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ထိထိရောက်ရောက် ရှင်းလင်းဖယ်ရှားတာမျိုးတွေ သိပ်မတွေရဘူးလို့လည်း သူကဆိုပါတယ်။

နိုဝင်ဘာလ ၂၆ရက်နေ့မှာပဲ ကရင် လူအခွင့်အရေးအဖွဲ့က အစီရင်ခံစာတစောင် ထုတ်ပြန်ရာမှာ ၂၀၁၅ခုနှစ်အတွင်းမှာပဲ အစိုးရနယ်ခြားစောင့်တပ်တွေနဲ့ ကရင် လက်နက်ကိုင်တွေ မိုင်းအသုံးပြုမူတွေ ရှိနေသေးကြောင်း ဖော်ပြထားပါတယ်။ ဒီအကြောင်းကိုလည်း စောဝေလေးက ဆက်ပြောသွားပါတယ်။

"မြန်မာ နယ်ခြားစောင့်တပ်ရဲ့ စစ်တပ်စခန်းဘေးမှာလည်း သူတို့ မြေမြှုပ်မိုင်း ထောင်ထားတာမျိုးတွေ ကျနော်တို့ သိရှိရတယ်။ ဘာကြောင့်လို့လဲဆိုတော့ ရွာသားတွေက မြေမြုှပ်မိုင်း ထောင်မထောင် သူတို့မသိဘူး။ ကျွဲက မြေမြှုပ်မိုင်း ထိမိပြီးမှ ကျွဲထိမှ သူတို့သိရတာပေါ့နော်။ ပြောရမယ်ဆိုရင် BGF စစ်တပ်စခန်းက သူတို့ထောင် တာတွေရှိပါသေးတယ်။ အထူးသဖြင့် သူတို့စစ်တပ်စခန်းကို ကာကွယ်ဖို့အတွက်ပေါ့နော်။ အဲ့ဒီ့ရေလှောင်တမံလိုမျိုး အခု အကောင်အထည်တော့ မဖော်ရသေးဘူး။ ၂၀၁၅ အတွင်းမှာပဲ ဟတ်ကြီးရေလှောင်တမံလို မြေမြှုပ်မိုင်း ရှိတယ်။ နောက်ပြီးတော့ တချို့သော နေရာတွေမှာ DKBA နဲ့ မြန်မာစစ်တပ် တိုက်ပွဲ ဖြစ်နေတဲ့အချိန် DKBA က တိုက်လည်းတိုက်တယ်။ တချို့နေရာ မှာ မြေမြှုပ်မိုင်းတွေ ချထားတော့ ရွာသားတွေ မသိဘူးလေ။ မသိတော့ ရွာသားတွေ အဲ့လိုမျိူး ၂၀၁၅ အတွင်းမှာကို မြေမြှုပ်မိုင်း တက်နင်းမိတာရှိတယ်။"

မြေမြှုပ်မိုင်း အသုံးပြုမှု ပိတ်ပင် တားမြစ်ခြင်း နိုင်ငံတကာ စည်းရုံး လှုံ့ဆော်ရေးအဖွဲ့ (ICBL)ရဲ့ အစီရင်ခံစာမှာ လည်း ကရင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံ ရဲ့တိုင်း နဲ့ ပြည်နယ် ၃ခုမှာ မြေမြုှပ်မိုင်း အသုံးပြုမူ အများအပြား ပျံ့နှံ့နေတယ်လို့ ပါရှိပါတယ် ။

ဒေသခံ ကရင်ပြည်သူ အများစုကတော့ ဘဝရှင်သန်ရေးအတွက် လုပ်ကိုင် စားသောက်ဖို့ မြေမြုှပ်မိုင်း ရှင်းလင်းပေးဖို့ တောင်းဆိုနေတယ်လို့ ကရင် လူအခွင့်အရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ စောဝေလေးကဆိုပါတယ်။

" ကရင်ပြည်နယ်မှာက စစ်တပ်တွေ အနည်းဆုံး ခြောက်ဖွဲ့လောက်ရှိတယ်ဆိုတော့ သူတို့ တဖွဲ့နဲ့တဖွဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့အချိန်မှာ ဖြစ်စေ တခြား အကြောင်းအမျိုးမျိုးကြောင့် ဖြစ်စေ သူတို့မြေမြှုပ်မိုင်းတွေ ထောင်တယ်။ သူတို့ကတော့ ရွာသူရွာသားတွေကို ပစ်မှတ်ထားတာမဟုတ်ဘူး။ ဒါပေမဲ့ ကျနော်တို့ရဲ့ သုတေသန ရလဒ်အရ ပြန်ကြည့်လိုက်လို့ရှိရင် အများအားဖြင့် မြေမြှုပ်မိုင်း နင်းမိပြီး သေတာ ဒဏ်ရာရတာ ကို ပြန်ချုပ်ကြည့် လိုက်လို့ရှိရင် ရွာသားတွေ အများကြီး အများဆုံးဖြစ်တဲ့အခါကျတော့ တချို့နေရာတွေမှာ ရွာသားတော်တော်များများ ဘယ်လိုတောင်းဆိုလဲဆိုတော့ ဒီမြေမြှုပ်မိုင်းကို ထုတ်ပေးပါလို့ တောင်းဆိုတယ်။ သူတို့တောင်းဆိုတာက ဘာအတွက် တောင်းဆိုတာလဲဆိုတော့ အသက်မွေးဝမ်းကျောင်း လုပ်တဲ့အချိန်မှာ လိုလိုချင်ချင်ပဲ အလုပ်လုပ်ခွင့်ရဖို့ သူတို့တောင်းဆိုတာ။"

ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်း အသုံးပြုတဲ့ နိုင်ငံ အနည်းအကျဉ်းမှာ မြန်မာနိုင်ငံ ဆက်လက် ပါဝင်နေပြီး ဆယ်စုနှစ် ၆ခုကျော်ကြာ ပြည်တွင်းစစ်ဖြစ်နေတဲ့ ကရင်ပြည်နယ်မှာတော့ ၂၀၁၅ခုနှစ်အထိ မြေမြုပ်မိုင်းတွေကို လက်နက်ကိုင်တွေက အသုံးပြုနေဆဲဖြစ်ပါတယ်။

XS
SM
MD
LG