သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုင်းတားဆီးရေး ရခိုင်မှာ တိုးမြှင့်ဆောင်ရွက်


မြေမြှုပ်မိုင်း
မြေမြှုပ်မိုင်း

ကမ္ဘာပေါ်မှာ ပြီးခဲ့တဲ့နှစ် အတွင်း မြေမြုပ်မိုင်း အသုံးပြုခဲ့တဲ့ နိုင်ငံ ၂ သာရှိခဲ့ပြီး အဲဒီထဲမှာ မြန်မာနိုင်ငံ ပါဝင်ကြောင်း မြေမြုပ်မိုင်း အသုံးပြုမှုဆိုင်ရာ ၂၀၁၇ ခုနှစ် အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်းက လူနည်းစု တိုင်းရင်းဒေသတွေမှာ မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရသူတွေကို ခြေတုလက်တု တပ်ဆင်ပေးနေကြရဆဲ၊ မြေမြုပ်မိုင်း အန္တရာယ် အသိပညာပေးမှုတွေ ဆောင်ရွက်နေရတဲ့ အခြေအနေမှာ အခုလက်ရှိမှာတော့ ရခိုင်ပြည်နယ်ဘက်မှာပါ မိုင်းအန္တရာယ် တားဆီးရေး ပညာပေး လုပ်ငန်းတွေ တိုးချဲ့လာပါတယ်။ မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း မူဆလင်တွေ အများစု နေထိုင်ရာဒေသတွေမှာ မြန်မာလုံခြုံရေး ကင်းစခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ပြီးနောက်ပိုင်း ဒေသတွင်းမှာ မိုင်းတွေ အသုံးပြုလာကြတာပါ။ မတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသတွင်းမှာ ကိုယ်တိုင်ကွင်းဆင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဘေးဒုက္ခ စီမံခန့်ခွဲရေး ဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်သောင်းရွှေက ပြောပါတယ်။

"မြေမြှုပ်မိုင်းကတော့ မောင်တောမှာ ကျနော် တာဝန် နှစ်လ ထမ်းဆောင်ခဲ့ပါတယ်။ မြေမြှုပ်မိုင်းတော့မဟုတ်ဘူး လက်လုပ်မိုင်းပေါ့ လက်လုပ်မိုင်းတွေ ထောင်ထားတာနဲ့တော့ ကျနော်တို့ ကြုံဖူးပါတယ်။"

အခုနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းက နိုင်ငံတကာ ကြက်ခြေနီအသင်း ICRC နဲ့ ပူးပေါင်းပြီး ရခိုင်ပြည်နယ်တွင်းမှာ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းတွေ တိုးချဲ့ ဆောင်ရွက်နေကြောင်းလည်း ပြောပါတယ်။

" မိုင်း Education ပညာပေးနဲ့ကတော့ ကချင်ရော ရှမ်းရော အဲ့ဒီ့ရခိုင်ဘက်မှာလည်း တလောက ကျနော်တို့ သွားပြီးတော့ မိုင်း Education ပေါ့လေ ICRC နဲ့ ပေါင်းလုပ်တာတွေရှိပါတယ်။"

ဆယ်စုနှစ် ၆ ခုကျော် ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံတွင်းက တိုင်းရင်းသား လူနည်းစု ဒေသတွေမှာ မြေမြုပ်မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုတွေကတော့ ဆက်ပြီး ရှိနေဆဲပါ။ မြန်မာ အစိုးရတပ်တွေဘက်ကရော တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကပါ မြေမြုပ်မိုင်းကို ဆက်လက် သုံးစွဲနေကြဆဲ ဖြစ်သလို မြေမြုပ်မိုင်း တားဆီးရေး နိုင်ငံတကာ စာချုပ်မှာလည်း လက်မှတ်ရေးထိုးခြင်း မရှိသေးပါဘူး။

စစ်ရေး မအေးသေးတဲ့ တိုင်းရင်းဒေသတွေမှာတော့ မိုင်းဒဏ်ကြောင့်သာမက အကြောင်း အမျိုးမျိုးကြောင့် ဒုက္ခိတ ဖြစ်ကြရသူတွေကို မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းက ခြေတု လက်တု တပ်ဆင်ပေးတာကို တိုးချဲ့ လုပ်ဆောင်လာနိုင်တဲ့ အကြောင်းလည်း ဦးအောင်သောင်းရွှေက ပြောပါတယ်။

" အဓိကအားဖြင့်တော့ ဘားအံပေါ့လေ ကရင်ပြည်နယ် ဘားအံရှိပါတယ် အခုဆိုရင် တခြားခြေတုတပ်ဆင်တာကိုလည်း ကျိုင်းတုံတို့ မြစ်ကြီးနားတို့မှာလည်း လုပ်နေပါတယ် အခုနောင်ပိုင်းမှာတော့ ဒီခြေတုတပ်တဲ့နေရာမှာ မိုင်းကြောင့်သော်လည်းကောင်း တခြားအကြောင်းအမျိုးမျိုးကြောင့်သော်လည်းကောင်း ခြေတွေဆုံးရှုံးသွားတဲ့သူတွေကို ပြန်တပ်ဆင်ပေးနေတယ်ပေါ့လေ။ ပေးနေတော့ အခုနောက်ပိုင်းမှာဆိုရင်တော့ ကျနော်တို့ရဲ့ လုပ်ငန်းတွေ ကျယ်ပြန့်လာသလို ခြေတုတပ်ဆင်ပေးရတဲ့ ဦးရေကလည်း ခါတိုင်းထက်တော့ ပိုပြီးတော့ များများဆောင်ရွက်ပေးလာရတယ်ပေါ့။ "

မြေမြုပ်မိုင်း အသုံးပြုမှု တားဆီးရေး နိုင်ငံတကာ လှုပ်ရှားမှု အဖွဲ့ ICBL ရဲ့ လှုပ်ရှားဆောင်ရွက်မှုနဲ့ ဆက်သွယ်ရေး မန်နေဂျာ Firoz Alizada ကတော့ မြန်မာ စစ်တပ်ဟာ ရခိုင်ပြည်နယ်တွင်းမှာ မြေမြုပ်မိုင်းတွေ သုံးနေတယ်လို့ ပြောဆိုပါတယ်။ ကမ္ဘာတဝန်း ပြီးခဲ့တဲ့နှစ်အတွင်း လူပေါင်း ၉ ထောင်လောက် မြေမြုပ်မိုင်းဒဏ်သင့်ခဲ့ပြီး ဒီထဲမှာ လူပေါင်း ၂ ထောင်ကျော် သေဆုံးခဲ့ရတယ်လို့လည်း ICBL ရဲ့ ဒီကနေ့ ထုတ်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

၁၉၉၇ ခုနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ICBL အဖွဲ့ဟာ မြန်မာနိုင်ငံက လက်နက်ကိုင် အဖွဲ့တွေရဲ့ မြေမြှုပ်မိုင်းအသုံးပြုမှုတွေကို အဆုံးသတ်ရေး လှုံ့ဆော်လှုပ်ရှားနေတဲ့ အဖွဲ့တခုလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဒီနှစ်ထဲ အကြမ်းဖက်မှုတွေ တကျော့ပြန် ပေါ်ပေါက်ခဲ့ရာက ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ်ဒေသမှာ မြေမြှုပ်မိုင်း အသုံးပြုမှုတွေ ရှိခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ရာမှာလည်း စိုးရိမ်မကင်းဖြစ်ရကြောင်း ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ အစိုးရတပ်ဖွဲ့တွေ သာမက တခြား လက်နက်ကိုင် အဖွဲ့အစည်းတွေပါ လူသတ်မိုင်းတွေ အသုံးပြုမှုတွေကို စွန့်လွှတ်ဖို့လည်း ICBL အဖွဲ့က တိုက်တွန်းနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG