သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရ နှင့် ပုန်ကန်သူ မြေမြှုပ်မိုင်းသုံးကြ အတူတူ


ကရင်ပြည်နယ်မှ မြေမြှုပ်မိုင်း ထိခံရသူတဦး
ကရင်ပြည်နယ်မှ မြေမြှုပ်မိုင်း ထိခံရသူတဦး

မြန်မာနိုင်ငံမှာ မြှေမြှပ်မိုင်း ဆက်လက်သုံးစွဲမှုတွေ ရှိနေသေးပြီး မြေမြှပ်မိုင်းကြောင့် သေဆုံးသူ အများစုဟာ ရှမ်းပြည်နယ်က ဖြစ်တယ်လို့ မြေမြုပ်မိုင်း အသုံးပြုမှု တားဆီးရေး နိုင်ငံတကာ လှုပ်ရှားမှု အဖွဲ့ ICBL က ပြောဆိုလိုက်ပါတယ်။ ကမ္ဘာတဝှမ်း မြေမြှပ်မိုင်း အသုံးပြုမှုနဲ့ ပတ်သတ်တဲ့ အစီရင်ခံစာကို ICBL က ၂၀၁၇ ခုနှစ် ဒီဇင်္ဘာလလယ်ပိုင်းက ထုတ်ပြန်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ပတ်သတ်လို့ အဓိက ရှင်းလင်းမှုတွေကို ရန်ကုန်မြိ့မှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ပါတယ်။ ဒီအကြောင်း ကိုအောင်အောင်က ဆက်သွယ်မေးမြန်းတင်ပြပေးထားပါတယ်။

မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွေ စတင်လုပ်ဆောင်လာပြီးနောက်ပိုင်းမှာ၂၀၁၁ ခုနှစ်လောက်ကနေစလို့ ၂၀၁၆ ခုနှစ်အတွင်း မြှေမြှပ်မိုင်း အသုံးပြုမှုကြောင့် လူပေါင်း ၁၀၆၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ နိုငံတကာ မြေမြှပ်မိုင်းအသုံးပြုမှု တားဆီးရေး နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ကြီးက ပြောလိုက်ပါတယ်။ ဒီလိုသေဆုံးမှုတွေထဲက အများစုဟာ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသက ဖြစ်တယ်လို့ ICBL အဖွဲ့ ပြောခွင့်ရ Yeshua Moser-Puangsuwan က ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ်ဘက်မှာလည်း မြေမြှပ်မိုင်းတွေ သုံးတယ်ဆိုတဲ့ သတင်းတွေ ကြားသိရပါတယ်။ တိုင်းရင်းသားဒေသတွေထဲမှာတော့ စိုးရိမ်အကောင်းဆုံးဒေသဟာ ရှမ်းပြည်နယ် မြောက်ပိုင်းဖြစ်ပြီးသတင်းတွေမှာ သိတ်မတွေ့ရပေမယ့် သေဆုံးသူအများအပြားရှိပါတယ်။ ဒီအစီရင်ခံမထုတ်ပြန်ခင်ကလအတွင်း သေဆုံးသူတွေထဲက တဝက်နီးပါးဟာ ရှမ်းပြည်မြောက်ပိုင်းပဋိပက္ခတွေအတွင်းက ဖြစ်ပါတယ်။”

၂၀၁၆ ခုနှစ်အတွင်း မြေမြှပ်မိုင်းကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၀၀ လောက် ရှိတယ်လို့လည်း ICBL က ပြောပါတယ်။ မြန်မာနိုင်ငံမှာ မြေမြှပ်မိုင်းကို အစိုးရတပ်ဘက်ကရော လက်နက်ကိုင် တိုင်းရင်းသားအင်အားစုတွေဘက်ကပါ အသုံးပြုနေကြတာကြောင့် ဒီအခြေအနေကို အဆုံးသတ်ပစ်ဖို့လည်း အစီရင်ခံစာကိုပြုစုသူ Moser-Puangsuwan က တိုက်တွန်းပါတယ်။

“မြန်မာနိုင်ငံမှာ မြေမြှပ်မိုင်းရှင်းလင်းတာတွေ မရှိသေးတာကြောင့် ဒါကို အခုချက်ချင်းစတင်ဖို့လိုနေပါတယ်။ နယ်စပ်ဒေသ တော်တော်များများမှာ မြှေမြှပ်မိုင်းတွေရှိနေတာကြောင့် ဒေသခံတွေအတွက် အန္တရယ်ရှိပြီး စိုက်ပျိုးရေးအတွက်လည်း အခက်ကြုံနေကြပါတယ်။”

မြန်မာပြည်က နှစ် ၆၀ ကြာ ပြည်တွင်းစစ်ဒဏ်ကြောင့် အထူးသဖြင့် တိုင်းရင်သားဒေသတွေမှာ မြေမြှပ်မိုင်းတွေ အဓိကအသုံးပြုကြပြီး မြေမြှပ်မိုင်းနင်းမိပြီဆိုတာနဲ့ သူတို့ရဲ့ မိသားစုဝင်တွေပါ အဖက်ဖက်က ဒုက္ခရင်ဆိုင်ရတဲ့အကြောင်း ရှင်းပြသူကတော့ ကယားပြည်နယ်အတွင်း မြေမြှပ်မိုင်းနင်းမိသူတွေအတွက် ခြေတုတပ်ဆင်နိုင်ရေး အကူအညီပေးနေတဲ့ ကိုစိုးမိုးအောင်ပါ။

“ထိတဲ့ လူတော်တော်များများကတော့ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာ သွားလာတဲ့သူတွေပေါ့နော်။ အကြောင်းအမျိုးမျိုးကြောင့် တချို့ကလည်း ပေါ်တာဆွဲခံရပြီး ထိတဲ့သူတွေလည်းရှိတယ်။ မိုင်းထိတဲ့လူ တော်တော်များများကတော့ အိမ်ထောင်ဦးစီး အမျိုးသားတွေဖြစ်တဲ့အတွက် မိုင်းထိပြီးနောက်ပိုင်း သူ့မိသားစုရဲ့ စားဝတ်နေရေးပဲဖြစ်ဖြစ်၊ ပညာရေး၊ ကျန်းမာရေးပဲဖြစ်ဖြစ် ဒါတွေကတော့ အများကြီး အခက်အခဲဖြစ်သွားတာပေါ့နော်။ နောက်တခုအခက်အခဲကတော့ ခြေတုပြန်လုပ်လုပ်လို့ ရတယ်ဆိုပေမယ့် စိတ်ပိုင်းဆိုင်ရာတွေကို ပြုစုပျိုးထောင်ပေးဖို့က တော်တော်ခက်သေးတယ်။”

ကယားပြည်နယ်အတွင်း မြှေမြှပ်မိုင်းဒဏ်သင့်သူဦးရေဟာ ၁၀ နှစ်အတွင်း ၂၃၀ လောက်ရှိခဲ့ပြီး ခြေတု တပ်ဆင်ပေးခဲ့ရသူတွေထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်တွေ၊ ကျေးရွာသားတွေနဲ့ အစိုးရတပ်ကလည်းပါတယ်လို့ ကိုစိုးမိုးအောင်က ပြောပါတယ်။ အခုလို ဘေးအန္တရယ်တွေကို အဆုံးသတ်ဖို့အတွက်ဆိုလျင်တေ့ာ မြေမြှပ်မိုင်း အသုံးပြုမှုကို ရပ်တန့်ဖို့ လိုတယ်လို့ သူကပြောပါတယ်။

“မြေမြှုပ်မိုင်းကို အသုံးမပြုဖို့ ကတော့ တောင်းဆိုချင်ပါတယ်။ အသုံးမပြုဖို့ အပြင် လက်ရှိရှိနေတဲ့ မိုင်းတွေကို ဖယ်ရှားပစ်ဖို့ လည်းတောင်းဆိုချင်တယ်။ ဒါတွေရှိနေတော့ တောင်ယာလုပ်တာပဲဖြစ်ဖြစ်၊ သွားလာတဲ့အခါမှာ အဟန့်အတားတွေက အများကြီးရှိနေပါတယ်။”

လူသားတွေအနေနဲ့ အခုလို ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ မြေမြှပ်မိုင်းအသုံးပြုမှုကို တားဆီးနိုင်ဖို့ Ottawa ညီလာခံကနေ ၁၉၉၇ ခုနှစ်မှာ မြေမြှပ်မိုင်း အသုံးပြုမှု တားဆီးပိတ်ပင်ရေး စာချုပ်ကို ချုပ်ဆိုရာမှာ ကမ္ဘာ့နိုင်ငံပေါင်း ၈၀ ရာခိုင်နှုန်းဖြစ်တဲ့ ၁၆၄ နိုင်ငံက လက်မှတ်ရေးထိုးထားပြီး မြန်မာအပါအဝင် နိုင်ငံပေါင်း ၃၂ နိုင်ငံကတော့ လက်မှတ်ရေးထိုးထားခြင်း မရှိသေးဘူးလို့ Moser- Puangsuwan က ပြောပါတယ်။

“မြန်မာအစိုးရအနေနဲ့ မြေမြှပ်မိုင်း အသုံပြုရေးမူဝါဒနဲ့ ပတ်သတ်ပြီး အလေးအနက်စဉ်းစားနေပါတယ်။ ဘယ်လောက်ကြာကြာ အချိန်ယူမလဲဆိုတာနဲ့ အဖြေက ဘာဖြစ်မလဲဆိုတာကိုတော့ မသိနိုင်သေးပါဘူး။ ဒါပေမယ့် ပြောဆိုဆွေးနွေးမှုတွေအရတော့ တကယ့်ကို လေးလေးနက်နက် စဉ်းစားနေပုံရပါတယ်။”

မြေမြှပ်မိုင်း အသုံးပြုမှု တားဆီးရေး စာချုပ်ထဲမှာ မိုင်းအသုံးပြုမှု၊ ထုတ်လုပ်မှု၊ စုဆောင်းမှုနဲ့ သယ်ယူပို့ဆောင်မှု စတာတွေကို တားမြစ်ထားပါတယ်။ ဒါ့အပြင် မိုင်းရှင်းလင်းဖယ်ရှားရေးဆောင်ရွက်နေတဲ့ နိုင်ငံတွေ၊ မိုင်းဒဏ်သင့်သူတွေကို ကူညီဖို့နဲ့ စုဆောင်းထားတဲ့ မြေမြှပ်မိုင်းတွေကို ဖျက်ဆီးရေးစတဲ့အချက်တွေလည်း ပါဝင်ပါတယ်။ ဒီလို မြေမြှပ်မိုင်း အသုံးပြုမှုတားဆီးရေး စာချုပ်မှာ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ ရုရှား တို့က ပါဝင်လက်မှတ်ရေးထိုးမထားပေမယ့်လည်း ဒီလိုအခြေအနေဟာ မြှေမြှပ်မိုင်းတားဆီးရှင်းလင်းရေး ဆောင်ရွက်နေတဲ့ နိုင်ငံတွေရဲ့ ဆောင်ရွက်မှုအပေါ် ထိခိုက်နိုင်မှာ မဟုတ်ဘူးလို့ ICBL အဖွဲ့ကြီးက ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG