သုံးရလွယ်ကူစေသည့် Link များ

မော်ချီးမြေပြိုမှု သေဆုံးသူ ၁၃ ဦးထက် မနည်းရှိပြီ


ကယားပြည်နယ် ဖားဆောင်းမြို့နယ် မိုးများမြေပြိုမှုဖြစ်။ သတင်းဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန။

ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးသတ္တုတွင်း ထဲ မိုးများမြေပြိုမှုကြောင့် အခုဆို အနည်းဆုံး လူ၁၃ ဦး သေဆုံးသွားပြီဖြစ်ပြီး ဆက်ပြီး ထပ်ဆင့်မြေပြိုမှုတွေဖြစ် လာနိုင်တဲ့အတွက် အန္တရာယ်ရှိတဲ့ နယ်မြေအဖြစ် သတ်မှတ်ပြီး တပ်မတော်ဘက်က အဲ့ဒီ့ဒေသကို လုံခြုံရေး ယူထားလိုက်ပြီဖြစ်ပါတယ်။ မြေပြိုဒုက္ခသည်ဦးရေက တစ်ထောင်လောက်ဖြစ်လာလို့ အရေးပေါ်ရိက္ခာနဲ့ ရေသန့်တွေ အရေးကြီး လိုအပ်နေပါတယ်။အလားတူ ကောလင်းရေကြီးမှုကြောင့်လည်း လမ်းပမ်းဆက်သွယ်ရေး အခက်ခဲရှိပြီး ရေဘေးသင့်ပြည်သူတွေ အတွက် စားစရာနဲ့ ရေသန့် အခက်အခဲတွေ ရှိနေပါတယ်။ ရေကြီး၊ မြေပြိုကျမှုတွေနဲ့ ပတ်သက်လို့ ပြည်သူတွေ ဘယ်လို အခက်အခဲကြုံနေကြရသလဲ ဆိုတဲ့ သတင်း အသေးစိတ် မဆုမွန် ဆက်သွယ်စုံစမ်းတင်ပြထားပါတယ်။

ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးသတ္တုတွင်း တူးဖော်ရာ ဒေသတွင်း ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ရက်နေ့ စနေမနက်ပိုင်းကစလို့ မိုးဆက်တိုက်ရွာသွန်းလို့ တနင်္ဂနွေညနေပိုင်းမှာ မြေပြိုကျမှုတွေ ဖြစ်ပါတယ်။ မြေပြိုကျတဲ့အတွက် တောင်စောင်းတွေမှာ နေထိုင်တဲ့ တောင်ပေါ်ရွာက နေအိမ်တွေ မြေကျွံပြီး အကုန် ပြိုကျခဲ့သလို လူအသေအပျောက်တွေရှိခဲ့ပါတယ်။ ဒီနေ့အောက်တိုဘာလ ၁၃ရက်နေ့အထိဆိုရင်တော့ မြေပြိုကျမှုကြောင့် အနည်းဆုံး လူ၁၃ဦး အထိ သေဆုံးသွားပြီဖြစ်ပြီး လူငါးဦးထက် မနည်း ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေတဲ့ ကရင်နီပြည်လူငယ်များသမဂ္ဂက ဗဟိုကော်မတီဝင် ကိုကျော်ထင်အောင်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ရွာသူရွာသားတွေအနေနဲ့က ၁၈ ဦးလောက်ဆုံးတယ်ဆိုတဲ့အနေအထားနဲ့ကို ဓါတ်ပုံသက်သေ အနေအထားမရသေးဘူးပေါ့လေ။ အလောင်းဖော်ပြီးအနေနဲ့ကို ၁၃ ဦးကတော့ ဓါတ်ပုံအထောက်အထားတွေနဲ့ confirm ဖြစ်သွားပါပြီခင်ဗျာ။ ၁၀ နာရီအထိကို ၁၃ ဦး confirm ဖြစ်သွားပါပြီ။ တကယ်တမ်းကတော့ နောက်ထပ် ၅ ဦးလောက်ကို သူတို့တူးဖော်နေတယ်။ နောက်ထပ် ၅ ဦးလောက် လည်း ပျောက်ဆုံးနေသေး တယ် ဆိုပြီးမှကို ဒေသခံတွေကနေပြီးတော့မှ ရရှိပါတယ်။ သို့သော် ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ ကျင်းလုပ်သားတွေ ရဲ့ စာရင်းက အခုထိမငြိမ်မှုကြောင့်မို့လို့ ပြည်မကနေ လာအလုပ်လုပ်တဲ့ ရွှေ့ပြောင်းအလုပ်သမား၊ ကျင်းလုပ်သားတွေကနေ တိကျသေချာတဲ့ စာရင်းကတော့ မရနိုင်ဘူး ခင်ဗျာ။”

မော်ချီးဒေသတွင်း မိုးရွာသွန်းနေဆဲဖြစ်လို့ ထပ်ဆင့်မြေပြိုကျမှုတွေ ဖြစ်လာနိုင်လို့ အဲ့ဒီ့နေရာကို အန္တရာယ်ရှိတဲ့နယ်မြေအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ပြီး ကယ်ဆယ်ရေးမှ အပ သွားလာခွင့် ပိတ်ပင်လိုက်ပြီဖြစ်တယ်လို့ ကူညီကယ်ဆယ်သူတွေကပြောပါတယ်။

“လက်ရှိတောင်ပေါ်မှာ မနေရဲပဲနဲ့ ဆင်းပြေးလာတဲ့အနေအထားတရပ် အိမ်တွေသော့ခတ် ထားရတဲ့အပေါ်မှာ လုံခြုံရေးအရကတော့ တပ် ကနေပြီးတော့မှ တောင်ပေါ်ကို တက်ခွင့်မပြုတော့ပဲနဲ့ အန္တရာယ်နယ်မြေအဖြစ် သတ်မှတ်ထားပြီးတော့ ဆင်းလာတဲ့လူမှန်သမျှကို ဆင်းခွင့်ပြုတယ်။ အလောင်း ရှာဖွေဖို့တော့ ရာသီဥတုအပေါ်မှာ မှုတည်ပြီးတော့ စိတ်ချရတဲ့နေရာတွေကိုသာလျှင် ခွင့်ပြုမှုတွေရှိပါတယ် ခင်ဗျာ။”

မြေပြိုကျမှုကြောင့် နေအိမ်တွေကနေ တိမ်းရှောင်လာသူ ဒုက္ခသည် ၈၀၀ကနေ တစ်ထောင်လောက်အထိ ဖြစ်လာနေပြီဖြစ်ပြီး မြေပြိုကျမှုဒဏ်ကြောင့် လမ်းပမ်း ဆက်သွယ်ရေးကလည်း အတော်လေးကို အခက်အခဲဖြစ်နေလို့ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်သူတွေကပြောပါတယ်။

“အဓိကတော့ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲနေတဲ့အတွက်ကြောင့်မို့လို့ကို ကယ်ဆယ်ရေးစခန်းတွေမှာ ပံ့ပိုးမှုတွေ၊ ကူညီမှုတွေကိုပဲတွေ့ရှိရပြီးတော့ လက်ရှိတောင်ကုန်းနဲ့ဆိုရင်တော့၊ ၈၀၀ နဲ့ ၁၀၀၀ ကြားလောက် အထိကို အောက်ကို ရွှေ့ပြောင်းဆင်းလာတယ် ဆိုတဲ့ အနေအထားရှိတယ်။

နောက်ထပ် အခက်အခဲဖြစ်သွားတာက မိုးရွာသွန်းမှုနဲ့ မြေပြိုထားတဲ့ မြေစာ အပျော့တွေက အခုတောင်အောက်က လမ်းကြောင်းတွေ၊ တောင်ပတ်လမ်းတွေကို ဖုံးလွှမ်းသွားတာဖြစ်တဲ့အတွက် လမ်းကြောင်းတွေက ၁ ပေ ခွဲလောက်၊ ဒူးလောက်အထိကို ရုန်းပြီးတော့ သွားနေရတယ်ပေါ့လေ။ အဲဒီအတွက်ကြောင့် လိုခါးလို ကျေးရွာ အပေါ်ပိုင်း၊ ဘုရားကျောင်းနဲ့ အလက ကျောင်းတွေမှာရှိနေတဲ့ ဒုက္ခသည် ၄၀၀ နီးပါးလောက်ကတော့ ကားလမ်းမကြီးကို ထွက်ဖို့အတွက်ဆိုရင် ပေ ၈၀၀ လောက် ရွံ့ဘွက် ရုန်းရတဲ့အနေအထားဖြစ်ပြီးတော့၊ မထွက်နိုင် ပဲဖြစ်နေပြီးတော့ ပိတ်မိနေ သလိုဖြစ်တဲ့အတွက် ရိက္ခာမပျက်အောင်လုပ်ဖို့ ကျနော်တို့ စီစဉ်နေရတဲ့အနေအထားပါ ခင်ဗျာ။”

ပြီးခဲ့တဲ့ရက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့လို့-စစ်ကိုင်းတိုင်းမှာ လည်း ကောလင်းမြို့နယ် မှာ အဆိုးရွားဆုံး ရေကြီးမှုဖြစ်ခဲ့ပါတယ်။ ဆယ်စုနှစ်တွေ အတွင်း အဆိုးဆုံးရေလွှမ်းမိုးမှုဖြစ်ပြီး ဒီလို တကျော့ပြန် ရေကြီးမှုကြောင့် ဆေးရုံက လူနာတွေ စာသင်ကျောင်း ကျောင်းသူကျောင်းသားတွေနဲ့ ရဲစခန်းက အချုပ်သားတွေ အပါအဝင် ရေဘေးဒုက္ခသည်တွေ အကြီးအကျယ် ဒုက္ခရောက်ခဲ့ကြရပါတယ်။

အခုလောလောဆယ် အနေအထားမှာတော့ ကောလင်းမြို့ ထဲ ရေအနည်းငယ် ကျသွားပြီဖြစ်ပေမဲ့လို့ စိတ်ချရတဲ့အနေအထား မဟုတ်သေး ပဲ နေအိမ်တွေရေနစ်မြုပ်နေဆဲ အနေအထားဖြစ်ပြီး စားနပ်ရိက္ခာ နဲ့ သောက်ရေသန့်တွေ အရေးပေါ် လိုအပ်နေတယ် လို့ ရေဘေးသင့် ပြည်သူတွေ အတွက် စားနပ်ရိက္ခာနဲ့ ရေဘေး ကယ်ဆယ် ထောက်ပံ့ရေး နဲ့ ပြန်လည် ထူထောင်ရေးအဖွဲ့က ဦးအောင်မျိုးဝေက ဗွီအိုအေကို ပြောပါတယ်။

“အခုရေကတော့ ကျနော်တို့ ဒီလိုမြို့လယ်ခေါင်ဘက်မှာ တော်တော် ကျသွားပါပြီခင်ဗျာ။ မြို့စွန်ပိုင်းမှာတော့ အိမ်ခြေ ၂၀၀ ကျော်လောက် မှာတော့ ရေတွေရှိသေးတယ်ခင်ဗျာ။ အခက်အခဲကတော့ စားစရာပေါ့။ စားနပ်ရိက္ခာ အခက်အခဲရှိတယ်။ ဒီကောလင်း ကျနော်တို့မြို့နယ်ရေဘေးကော်မတီကတော့ ဆန်ကိုတော့ ထောက်ပံ့ပေးနေပါတယ်။ သောက်သုံးရေရရှိရေးအတွက် ကျနော်တို့ရေတွင်းတွေ လိုက်ပြီးတော့မှ လုပ်ပေးထားတာရှိတယ်။ လက်တလော အဲဒါပဲ ထောက်ပံ့ပေးနေပါတယ်။”

တချိန်တည်းမှာပဲ ပြီးခဲ့တဲ့အခေါက် ရေကြီးမှုဒဏ်အဆိုးရွားဆုံး ခံခဲ့ရတဲ့ ဒေသ တခုဖြစ်တဲ့ ကလေးမြို့မှာလည်း နောက်ထပ် မိုးသည်းထန် ရေကြီးမှုတွေ ကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ အခက်အခဲတွေ ရှိနေသလို ပြန်လည်ထူထောင်ရေး အခက်အခဲတွေရှိနေဆဲပါ အခုလတ်တလော ရေဘေးသင့်ပြည်သူတွေအတွက်လည်း စားနပ်ရိက္ခာနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အရေးပေါ် လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတွေက ပြောပါတယ်။

XS
SM
MD
LG