သုံးရလွယ်ကူစေသည့် Link များ

အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) နဲ့ အရှေ့အာရှ ထိပ်သီးအစည်းအဝေးပွဲတွေ တက်ရောက်ဖို့ လာအိုနိုင်ငံ ဗီယမ်ကျန်း မြို့တော်မှာ ရောက်နေတဲ့ အမေရိကန်သမ္မတ Barack Obama က အာရှဒေသမှာ သြဇာချိန်ခွင်လျှာညှိမယ့် အမေရိကန် နိုင်ငံခြားရေး မူဝါဒကို အလေးထား ပြောကြားသွားပါတယ်။

အာရှ-ပစိဖိတ်ဒေသမှာ အမေရိကန်ရဲ့ အကျိုးစီးပွားတွေ ရှိနေတာဟာ အသစ်အဆန်းတော့ မဟုတ်သလို၊ တကြိမ်တခါတည်းနဲ့ ပြီးသွားတဲ့ ကိစ္စမျိုး မဟုတ်ဘဲ အခြေခံ အမျိုးသား အကျိုးစီးပွားတွေကို ရောင်ပြန်ထပ်ဟပ်နေတဲ့ ကိစ္စဖြစ်တဲ့အကြောင်း သမ္မတ အိုဘားမားက ဒီကနေ့ မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။ လာအိုနိုင်ငံ အမျိုးသားယဉ်ကျေးမှု ခန်းမမှာ အစိုးရတာဝန်ရှိသူတွေ၊ လာအိုနဲ့ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကျောင်းသားတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ အမျိုးသမီးရေး အဖွဲ့တွေက လူပုဂ္ဂိုလ်တွေ အပါအ၀င် ပရိတ်သတ် တထောင်လောက်ကို သမ္မတက မိန့်ခွန်းပြောကြားရာမှာတော့ အမေရိကန်ရဲ့ အနာဂတ် သာယာဝပြောရေးနဲ့ လုံခြုံရေးအတွက် အာရှ-ပစိဖိတ် ဒေသနဲ့ ဆက်ဆံရေးဟာ အရေးကြီးတာကိုလည်း အလေးထား ပြောကြားသွားပါတယ်။

အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံကို ပထမဆုံးအကြိမ် အမေရိကန်သမ္မတတဦးရဲ့ သမိုင်းဝင် ခရီးစဉ်အတွင်း လာအိုသမ္မတ Bounnhang Vorachit နဲ့လည်း ဒီကနေ့ အစောပိုင်းက တွေ့ဆုံခဲ့ပါတယ်။ ၁၉၆၀ နဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေက ဗီယက်နမ် စစ်ကာလအတွင်း လာအိုနိုင်ငံကို အမေရိကန်က ကြဲချခဲ့တဲ့ ဗုံးတွေထဲက မပေါက်ကွဲပဲ ကျန်နေတဲ့ဗုံးတွေကို ရှင်းလင်းရေး ၃ နှစ်စီမံကိန်းအတွက် ဒေါ်လာ သန်း ၉၀ ပေးအပ်ဖို့လည်း သမ္မတအိုဘားမားက ကြေညာခဲ့တာပါ။ မြန်မာနိုင်ငံလည်း ပါဝင်တဲ့ အာဆီယံအသင်းရဲ့ ထိပ်သီးညီလာခံကိုတော့ မြန်မာအစိုးရရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်နေပါတယ်။

ဒီကနေ့ အစည်းဝေးတွေမှာတော့ အာဆီယံပေါင်းစပ်ဆက်သွယ်ရေးဆိုင်ရာ ကြေညာချက်၊ သဘာဝဘေးအန္တရာယ် တုံ့ပြန်ကာကွယ်ရေး ကြေညာချက်တွေအတွက် သဘောတူညီမှုတွေ ရရှိခဲ့ကြောင်းလည်း မြန်မာကိုယ်စားးလှယ်အဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG