သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လာအို ကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်း အပြောင်းလဲလုပ်


ပါတီဝါရင့် ခေါင်းဆောင်ကြီးတဦးဖြစ်တဲ့ Bounnhang Vorachith
ပါတီဝါရင့် ခေါင်းဆောင်ကြီးတဦးဖြစ်တဲ့ Bounnhang Vorachith

လာအိုနိုင်ငံက အာဆီယံ အသင်းကြီးရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးလက်ခံ ကျင်းပဖို့ လုပ်နေချိန်မှာပဲ နိုင်ငံ့အနာဂါတ် အပြောင်းအလဲတွေ ဖြစ်မယ့် လက္ခဏာတွေ ပြလာနေပါတယ်။ ဒါဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry လာအိုကို လာရောက်ချိန်နဲ့လည်း တိုက်ဆိုင်နေတာပါ။

လာအို ကွန်မြူနစ်ပါတီက ဆယ်ကြိမ်မြောက် ပါတီကွန်ဂရက်ကနေ အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ပါတီရဲ့ ဝါရင့် ခေါင်းဆောင်ကြီးတဦးဖြစ်တဲ့ Bounnhang Vorachith ကို အတွင်းရေးမှူးချုပ် အသစ်အဖြစ် ရွေးချယ် ခန့်အပ်လိုက်ပါတယ်။ ဗီယင်ကျန်းမှာ ကျင်းပတဲ့ ဒီ ၅ ရက်ကြာ ပါတီကွန်ဂရက်ကို တက်ရောက်သူ ကိုယ်စားလှယ်တော် ၇၀၀ ဟာ ပါတီဝင် ၂ သိန်းကို ကိုယ်စားပြုသူတွေ ဖြစ်ပါတယ်။ Bounnhang ဟာ လွန်ခဲ့တဲ့ ဆယ်နှစ် တာဝန်ထမ်းဆောင်ခဲ့သူ Choummaly Sayasone နေရာကို ဆက်ခံခဲ့သူဖြစ်ပြီး၊ ကျောင်းသားဘဝနဲ့ရော စစ်သင်တန်းတက်တဲ့ အချိန်ကပါ ဗီယက်နမ်နဲ့ ကာလကြာရှည်စွာ ဆက်ဆံရေး ထူထောင်ခဲ့သူလည်း ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး လာအိုကိုအလည်မလာခင်မှာပဲ အမေရိကန်နဲ့ ၂ နိုင်ငံဆက်ဆံရေး ပြန်လည်ထူတောင်နိုင်ခဲ့တဲ့ အရင် နိုင်ငံခြားရေးဝန်ကြီး Thongloun Sisoulith ကိုလည်း ဝန်ကြီးချုပ်အဖြစ် ရာထူးတိုးပေးခဲ့ပါတယ်။

အခုလို ခေါင်းဆောင်သစ်နဲ့ အစိုးရသစ် အပြောင်းအလဲတွေလုပ်နေပေမယ့် လူ့အခွင့်ရေး ချိုးဖေါက်မှု တွေအတွက် အဝေဖန်ခံနေရတဲ့ လာအိုနိုင်ငံအတွက် မူဝါဒတွေကတော့ သိသိသာသာ ပြောင်းလဲဖို့ မမြင်ဘူးလို့ ချူလာလောင်ကောင်း တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပညာရှင်တဦးက ဝေဖန်လိုက်ပါတယ်။

ဒါပေမယ့် တရုတ်လိုလားတဲ့ ပေါလစ်ဗျူရို အဖွဲ့ဝင် ၂ ဦးကို အနားပေးလိုက်တာကတော့ တရုတ်ရဲ့ ကြီးထွားလာနေတဲ့ သြဇာ အရှိန်အဝါကို လျော့ကျစေတယ်လို့ ဝေဖန်သူတွေက သုံးသပ်ကြပါတယ်။ ဒါ့အပြင် အာဆီယံ အလှည့်ကျ ဥက္ကဌ ရာထူး လက်ခံယူမယ့် လာအိုနိုင်ငံဟာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ခံလာနေရပြီး နိုင်ငံရဲ့ ကွန်မြူနစ်ပါတီကတော့ တရုတ်နဲ့ ဗီယက်နမ်တို့ကြား ဆက်ဆံရေးကို ချိန်ခွင်လျှာ ညှိဖို့အပြင် စီးပွါးရေးတိုးတက်လာစေဖို့ ဦးတည်လုပ်ဆောင်နေတာပါ။

XS
SM
MD
LG