လာအိုနိုင်ငံမှာ ရေအားလျှပ်စစ် ထုတ်လုပ်ရေး ရေကာတာ ပြိုကျရာက လူအများအပြား သေဆုံးပြီး၊ ရာနဲ့ချီ ပျောက်ဆုံးနေကြောင်း အစိုးရပိုင် သတင်းက ဖော်ပြပါတယ်။ နိုင်ငံ အရှေ့တောင်ပိုင်းက Attapeu ရေကာတာမှာ မနေ့နှောင်းပိုင်းက Xepian-Xe Nam Noy ရေကာတာ ပြိုကျရာမှာ ကုဗမီတာ သန်း ၅ ထောင်လောက် ပမာဏရှိတဲ့ ရေတွေကျိုးပေါက်ကျခဲ့ပြီး၊ ရာချီတဲ့အိမ်တွေ ရေနောက်မျောပါခဲ့သလို၊ ဒေသခံတွေလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတာပါ။ ရေကာတာ မတော်တဆမှုဒဏ် ခံခဲ့ရသူတွေကို အကူအညီပေးဖို့လည်း အရေးပေါ် ကူညီကယ်ဆယ်ရေး ဝန်ထမ်းတွေ ကြိုးပမ်းနေကြပါတယ်။
ပြိုကျသွားတဲ့ ရေကာတာကိုတော့ လာအို၊ တောင်ကိုရီးယားနဲ့ ထိုင်းနိုင်ငံက ကုမ္ပဏီတွေ ပူးတွဲ တည်ဆောက်ခဲ့ကြတာပါ။ ရေကာတာတည်ဆောက်ရေး လုပ်ငန်းတွေကိုတော့ ဒီနှစ်ထဲ အဆုံးသတ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
လာအိုနိုင်ငံဟာ ပြည်တွင်းမှာရှိတဲ့ မြစ်ကြောင်းတွေမှာ ရေအားလျှပ်စစ် ထုတ်လုပ်ရေး ရေကာတာတွေ တည်ဆောက်ပြီး၊ ရရှိလာတဲ့ လျှပ်စစ်စွမ်းအင်ကိုတော့ အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့ရောင်းချ ဝင်ငွေရှာနေရာမှာ အများစုကိုတော့ ထိုင်းနိုင်ငံက ဝယ်ယူနေတာပါ။ ဒါပေမဲ့လည်း လာအိုနိုင်ငံရဲ့ ရေကာတာ စီမံကိန်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုနဲ့ ဒေသခံလူမှုအသိုင်းအဝန်းအပေါ် စီးပွားရေးအရ အကျိုးဆက်တွေ ရိုက်ခတ်လာမှာကို စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။