လာအိုနိုင်ငံ Vang Vieng (ဗန်ဗီရန်း) မြို့မှာ မက်သနော အဆိပ်သင့်ပုံရလို့ နိုင်ငံခြားသားခရီးသွားဧည့်သည် ၆ ဦး သေဆုံးခဲ့ရမှုအတွက် လွန်စွာမှ စိတ်မကောင်း ဖြစ်တယ်လို့ လာအိုအစိုးရက ပြောကြားလိုက်ပါတယ်။ သေဆုံးခဲ့ရသူတွေအတွက် စိတ်မကောင်း ဖြစ်ရကြောင်းနဲ့ ကျန်ရစ်သူမိသားစုအတွက် အထူးဝမ်းနည်ကြောင်း လာအိုနိုင်ငံခြားရေးဌာနက ဒီနေ့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ သေဆုံးခဲ့ရမှုတွေအတွက် စုံစမ်းစစ်ဆေးနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ကျောပိုးအိတ်နဲ့ လှည့်လည်ခရီးသွားသူတွေ အလာများတဲ့ Vang Vieng မြို့မှာ နိုဝင်ဘာ ၁၂ ရက်နေ့က ဒါဇင်နဲ့ချီတဲ့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားတွေ အဆိပ့်သင့်ခဲ့ပြီးနောက်၊ သေဆုံးသူဟာ ၆ ဦး ရှိသွားပါပြီ။ သေဆုံးသူတွေထဲမှာ ဒိန်းမတ်နိုင်ငံသား ၂ ဦး၊ အမေရိကန်နိုင်ငံသား ၁ ဦး၊ ဗြိတိန်နိုင်ငံသား ၁ ဦးနဲ့ သြစတြေးလျားနိုင်ငံသား ၂ ဦးတို့ ပါဝင်ပါတယ်။ ဒိန်းမတ်၊ ယူကေနဲ့ သြစတြေးလျားနိုင်ငံတွေက သူတို့နိုင်ငံသားတွေ သေဆုံးခဲ့ကြောင်း ကြေညာချက်တွေ ထုတ်ပြန်ထားကြပါတယ်။
မက်သနော အဆိပ်သင့်မှုတွေကြောင့် သေဆုံးသူတွေရှိနေတဲ့အတွက် အမေရိကန်အစိုးရကလည်း အမေရိကန်တွေအနေနဲ့ လာအိုမှာ အရက်သောက်သုံးရင် သတိထားကြဖို့ သတိပေးနှိုးဆော်ထားပါတယ်။
သေဆုံးခဲ့သူတွေဟာ မက်သနောအဆိပ်သင့်တဲ့ အရက်တွေ သောက်သုံးမိပြီး သေဆုံးခဲ့ကြတယ်လို့ ယူဆထားကြပါတယ်။ Vang Vieng (ဗန်ဗီရန်း) မြို့က Nana တည်းခိုဆောင် ပိုင်ရှင်နဲ့ မန်နေဂျာတို့ကို ရဲက ခေါ်ယူစစ်ဆေးနေပေမဲ့ အခုချိန်ထိရော အမှုဖွင့် အရေးယူတာတော့ မရှိသေးပါဘူး။ Vang Vieng (ဗန်ဗီရန်း) မြို့မှာတော့ နိုင်ငံတကာ ခရီးသွားတွေ အလာမပျက် ပုံမှန်အတိုင်းပဲလို့ အဲဒီမှာရှိနေသူတွေက ပြောပါတယ်။
Forum