သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းအရေး တိုင်းဝန်ကြီးချုပ် ဖြေရှင်းဖို့ တိုက်တွန်း


 လျော်ကြေးမပေးဘဲ သိမ်းယူထားတဲ့ လယ်ယာမြေတွေအတွက် ဝမ်ပေါင် ကုမ္ပဏီကို တောင်သူလယ်သမားများ ဆန္ဒပြစဉ်။ (ဓါတ်ပုံ- ဒေသခံ)
လျော်ကြေးမပေးဘဲ သိမ်းယူထားတဲ့ လယ်ယာမြေတွေအတွက် ဝမ်ပေါင် ကုမ္ပဏီကို တောင်သူလယ်သမားများ ဆန္ဒပြစဉ်။ (ဓါတ်ပုံ- ဒေသခံ)

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အတွက် ဝမ်ပေါင် ကုမ္ပဏီက လျော်ကြေးမပေးဘဲ သိမ်းယူထားတဲ့ လယ်ယာမြေတွေ ကိစ္စ ဖြေရှင်းပေးဖို့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက တိုက်တွန်းလိုက်ပါတယ်။ ကြေးနီ ထုတ်လုပ်ရေး စီမံကိန်း အတွက် ဧက ရာနဲ့ချီတဲ့ လယ်ယာမြေတွေကို ခြံခတ်သိမ်းယူထားတဲ့ အပေါ် သီးနှံလျော်ကြေးပေးဖို့ ဒေသခံတွေ တောင်းဆိုနေတဲ့ တချိန်တည်းမှာဘဲ တရုတ်နိုင်ငံကလည်း ပြည်ပမှာ လုပ်ကိုင်နေတဲ့ တရုတ် စီးပွားရေး လုပ်ငန်းတွေ စည်းကမ်းလိုက်နာကြဖို့ တိုက်တွန်းလိုက်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

စစ်ကိုင်းတိုင်း၊ ဆာလင်းကြီးမြို့နယ်တွင်းက လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအတွက် လျော်ကြေးမပေးဘဲ သိမ်းယူထားတဲ့ လယ်ယာမြေ ဧက ၁ ထောင်နီးပါး အရေး ဖြေရှင်းဖို့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ဆာလင်းကြီးမြို့နယ် အလုပ်အမှုဆောင် အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ ဆာလင်းကြီး မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဒေါက်တာ သိန်းနိုင်က အခုလို ပြောပါတယ်။

“ပါတီပေါ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဆီ ကျနော်တို့ စာတင်လာတယ်ခင်ဗျ။ ကျနော်တို့က ဒီနေ့ အစည်းအဝေးထိုင်နေတာ အလုပ်အမှုဆောင်အားလုံးပေါ့နော်။ အစည်းအဝေးထိုင်ပြီးတော့ ဒီကိစ္စကို ဝန်ကြီးချုပ်ဆီကို ကျနော်တို့ ဒါ တွေ့ဆုံဖို့ ကျနော်တို့ မေတ္တာရပ်ခံတယ်ပေါ့နော်။ အဓိကတော့ ဖျက်သိမ်းလို့မဖြစ်ဘူး ဆိုတာ ဟိုတနေ့က တွေ့တုန်းကလည်း သူတို့ သိပြီးသားပါ။ ဒါပေမယ့်လည်း သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ ဒါတွေကို အကာအကွယ်ပေးနိုင်တဲ့ အနေအထားနဲ့ အပြန်အလှန်ပေါ့နော် ကုမ္ပဏီရော ၊ ဒေသခံပြည်သူတွေရော နောက်တခုက အစိုးရပိုင်းရော၊ လွှတ်တော်ကိုယ်စားလှယ်တွေရော ၊ ဌာနဆိုင်ရာတွေရော ပွင့်လင်းမြင်သာတဲ့ တွေ့ဆုံမှုမျိုး တွေ့ပြီးလို့ရှိရင်တော့ သူတို့ ဒီအဆင့်ကို မပြောပါဘူး။ ပြောမယ်လို့ မထင်ဘူးပေါ့ဗျာ။”

တရုတ် ကုမ္ပဏီ ဝမ်ပေါင် က ကြေးနီထုတ်လုပ်ရေး စတင်တော့မယ်လို့ ဒီလ ပထမပတ်မှာ ကြေညာခဲ့ပြီးနောက် ဒေသခံတွေရဲ့ ဆန္ဒပြပွဲတွေ တကျော့ပြန် ဖြစ်ပွားလာရတာ ဖြစ်ပါတယ်။ စီမံကိန်းအတွက် လျော်ကြေးမပေးဘဲ သိမ်းယူထားတဲ့ လယ်မြေ ဧက ၁ ထောင်နီးပါး ရှိတယ်လို့လည်း ဆာလင်းကြီး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သိန်းနိုင်က ပြောပါတယ်။

လက်ပန်းတောင်း ဒေသခံတွေကတော့ တရုတ် ကုမ္ပဏီ ဝမ်ပေါင်နဲ့ အရင် မြန်မာ စစ်တပ်ပိုင် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်တို့ ပူးပေါင်းလုပ်ဆောင်တဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဟာ ဒေသခံတွေရဲ့ လယ်မြေတွေကို လျော်ကြေးမပေးဘဲ လုပ်ဆောင်နေသလို ဒေသခံတွေ အတွက်လည်း သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးတွေ ဖြစ်လာမယ့် အရေး စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ ဆန္ဒပြ လယ်သမား တဦးက အခုလို ပြောပါတယ်။

“လျော်ကြေးထုတ်မထားတဲ့လူတွေက သီးနှံလျော်ကြေးရရှိဖို့အရေး ၂၀၁၂ ကနေ ၂၀၁၅ အထိပေါ့။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၊ နောက် ဒေသခံတွေ ဆိုးကျိုးျတွေလာမှာကိုလည်း ကျမတို့ စိုးရိမ်ပြီးတော့ တောင်းဆိုထားပါတယ်။ အစီရင်ခံစာ မလိုက်နာတဲ့အတွက် ကြေးနီစီမံကိန်းလည်း ဖျက်သိမ်းဖို့ရာတောင်းဆိုထားပါတယ်။ အစီရင်ခံစာထဲမှာ အကြံပြုချက်ပါထားတာကတော့ ဧက ၁၉၀၀ ကိုပြန်ပေးဖို့ရာ လယ်သမားတွေ လက်ထဲပြန်အပ်ဖို့အတွက် သူတို့အကြံပြုထားပါတယ်။ အဲဒါကလည်း အခုအချိန်အထိ ပေးထားတာကို လုံးဝမရှိသေးပါဘူး။ အဲဒီအတွက်ကိုလည်း ကျမတို့က နွားစာပြောင်းတွေ ကြဲချင်လို့ တောင်းဆိုထားပါတယ်။”

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက လျော်ကြေးယူမထားတဲ့ လယ်ယာမြေတွေကို သီးနှံ လျော်ကြေးမပေးဘဲ အတင်းအဓမ္မ သိမ်းယူနေတဲ့ အပေါ် ဆာလင်းကြီး ရဲစခန်းကို လယ်သမားတွေ အမှုဖွင့်တာကိုလည်း ရဲစခန်းက အမှုကို လက်မခံခဲ့ဘူးလို့ လယ်သမားတွေက ပြောပါတယ်။ မြန်မာနိုင်ငံတွင်း တရုတ် ရင်းနှီးမြှုပ်နှံမှု အပေါ် ဆန္ဒပြ ကန့်ကွက်မှုတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Lu Kang ကလည်း ဒီကနေ့ တုံ့ပြန်ပါတယ်။

“နိုင်ငံရပ်ခြားမှာ ရင်းနှီးမြှုပ်နှံကြတဲ့ တရုတ် ကုမ္ပဏီတွေ အနေနဲ့ သက်ဆိုင်ရာ နိုင်ငံရဲ့ ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြဖို့၊ နောက် သဘာဝပတ်ဝန်းကျင် ကာကွယ် ထိန်းသိမ်းမှု အပါအဝင် လူမှု အကျိုးစီးပွားအတွက် တာဝန်ယူ တာဝန်ခံ လုပ်ဆောင်ဖို့ တရုတ် အစိုးရက အမြဲတမ်း တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံတွင်း လူမှုရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပြီး နှစ်နိုင်ငံနဲ့ နှစ်နိုင်ငံ ပြည်သူတွေ အတွက်လည်း အကျိုးအမြတ်တွေ ခံစားနိုင်စေဖို့ အတွက် နှစ်ဘက် အကျိုးအမြတ် ရှိစေမယ့် ဒီလို စီမံကိန်း လုပ်ငန်းတွေကို တရုတ် အနေနဲ့ မြန်မာနိုင်ငံနဲ့ တိုးမြှင့်လုပ်ဆောင်လိုပါတယ်လို့ တရုတ် နိုင်ငံခြားရေး ဌာန ပြောခွင့်ရက ပြောဆိုသွားပါတယ်။”

ဆာလင်းကြီးမြို့နယ်တွင်းက လက်ပံတောင်း ကြေးနီစီမံကိန်း အတွင်း လယ်ယာမြေ သိမ်းဆည်းခံနေရတဲ့ လယ်သမားတွေကတော့ လယ်ယာမြေတွေကို အပြီးတိုင် လက်လွှတ်ဆုံးရှုံးမယ့် အရေးကို ရှောင်လွှဲပြီး စီမံကိန်းကာလ အတွင်း နှစ်စဉ် သီးနှံ လျော်ကြေး ပေးဖို့ကို လိုလားနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG