သုံးရလွယ်ကူစေသည့် Link များ

လက်ပန်းတောင်အရေး စုံစမ်းဖို့ ပြည်သူ့လွှတ်တော်မှာ အတည်ပြု


ပြည်သူလွှတ်တော်
လက်ပန်းတောင်ဒေသခံတွေ ဆန္ဒပြနေတာ လအတန်ကြာလာပြီဖြစ်တဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆိုနေတဲ့ကိစ္စကို ကွင်းဆင်း စစ်ဆေးပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်တဦး ပြည်သူ့လွှတ်တော်ထဲမှာ တင်သွင်းခဲ့တဲ့ အရေးတကြီး အဆိုတရပ်ကို ပြည်သူ့လွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။ အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ဆက်ပြောပြပေးပါမယ်။

ဒီကနေ့ သောကြာနေ့မှာကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ လက်ပန်းတောင်ကြေး နီစီမံကိန်းနဲ့ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဖွဲ့ဖို့ အရေးတကြီးအဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က တင်သွင်းခဲ့တဲ့အဆိုကို လွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။ ဒေါ်ခင်စန်းလှိုင်တင်သွင်းခဲ့တဲ့ အဆိုထဲမှာ လက်ပန်းတောင်ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်အချက်အလက်တွေကို စုဆောင်းပြီး တာဝန်ရှိသူတွေအနေနဲ့ ကျွမ်းကျင်သူပညာရှင်တွေ၊ လူထုလက်ခံနို်င်တဲ့ လူမှုအခြေပြုခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီးတော့ လက်ပန်းတောင် ကြေးနီစီမံကိန်းအထိ ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ အဆိုကို တင်သွင်းခဲ့တာဖြစ်တယ်လို့ လွှတ်တော်ကို တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“လက်ပန်းတောင်ကိစ္စကို လွှတ်တော်မှာ တင်တော့ ဝန်ကြီးဌာနတွေက ပြန်ရှင်းတော့ ဝန်ကြီးဌာနတွေက လက်မခံချင်ဘူး။ သူတင်တဲ့အဆိုကလည်း တကယ့်ကို ထိထိရောက်ရောက်နဲ့ ကော်မတီဖွဲ့ပြီးတော့ စိစစ်ပြီးတော့ ဆက်လုပ်သင့်၊ မလုပ်သင့်ဆိုတာကို သမ္မတကို တိုက်တွန်းတဲ့အဆိုကို တင်တာ။ အဲ့တာကို ဝန်ကြီးဌာနတွေက သူတို့ ဘယ်လိုလုပ်ကိုင်ထားခဲ့တယ်ဆိုတာကို ရှင်းပြတာပေါ့နော်။ ဒါပေမဲ့ အဲ့ဒီ့အဆိုက နိုင်သွားခဲ့တယ်။”

လက်ပန်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်ဒေသခံပြည်သူတွေနဲ့ အစိုးရဦးပိုင်လုပ်ငန်း နောက် ကြေးနီစီမံကိန်းလုပ်ကိုင်နေတဲ့ တရုတ်ဝမ်ပေါင်ကုမဏီတို့ကြား လနဲ့ချီပြီး ကန့်ကွက်ဆန္ဒပြမှုတွေဖြစ်နေခဲ့တာပါ။ ဒေသခံတွေဟာ လယ်သိမ်းမြေသိမ်းကိစ္စတွေအပြင် ကျမ်းမာရေးဆိုင်ရာ ထိခိုက်မှုတွေကြောင့် ဒေသခံတွေကြား မကျေနပ်မှုတွေဖြစ်ပွားနေခဲ့တဲ့ လက်ပန်းတောင်ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ သမ္မတဦးသိန်းစိန်အစိုးရ ဆီကို အနေနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ဖို့အဆိုကို NLDပုလဲအမတ်ဒေါ်ခင်စန်းလှိုင်က အရေးတကြီးအဆိုအဖြစ်နဲ့တင်သွင်းခဲ့ပါတယ်။ တင်သွင်းလာတဲ့အဆိုနဲ့ပတ်သက်ပြီး တက်ရောက်လာတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေဆီက ဆန္ဒခံယူခဲ့တာ အားလုံးက ထောက်ခံခဲ့တဲ့အတွက် ပြည်သူ့လွှတ်တော်ထဲမှာ အဲ့ဒီ့အရေးတကြီးအဆိုကို ဆွေးနွေးကြဖို့အတွက် လွှတ်တော်က အတည်ပြုလိုက်တယ်လို့ ဒေါ်ဖြူဖြူသင်းကပြောပါတယ်။

“ လက်ပန်းတောင်က လက်ရှိဖြစ်နေတဲ့ ကိစ္စတွေလေ၊ အခုလုပ်တဲ့ လုပ်ရပ်တွေကြောင့်မို့လို့ ကျမ်းမာရေး၊ ပညာရေးဘယ်လိုထိခိုက်တယ်။ နောက် သာသနာရေးအဆောက်အအုံတွေ ပျက်စီးတယ်။ နောက် တောင်တွေပြိုသွားတယ်။ အဲ့လိုဖြစ်ပြီးတော့ ဘယ်ကုမ္ပဏီက အရင်ဆုံးယူပြီးတော့ ပြန်ထွက်သွားတယ်။ ဘယ်ကုမ္ပဏီတွေဆက်ပြီးတော့ ဘယ်လောက်ဝင်တယ်။ ငွေရေးကြေးရေးကအစ စာရင်းအချက်အလက် အပြည့်အစုံနဲ့တင်တာပေါ့နော်။ တင်တဲ့အခါကျတော့ ဒါကို စိစစ်ပြီးတော့ တကယ့်ကို ဆက်လုပ်သင့်၊ မလုပ်သင့်။ အခုဆိုရင် ပြည်သူတွေလည်း ဆန္ဒပြမှုတွေ အမြဲတမ်းဖြစ်နေတယ်ပေါ့။ အဲ့တာကြောင့် တတ်သိပညာရှင်တွေနဲ့ ကော်မရှင်ဖွဲ့ပြီးတော့ ဒါကို သေသေချာချာ စိစစ်လေ့လာသုံးသပ်ပြီးတော့မှ ဆက်လုပ်သင့်၊ မလုပ်သင့်ဆိုတာ သမ္မတကိုတင်ဖို့ အဆိုပေါ့နော်။”

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ ဒေသတွင်း ရေတိုရေရှည်ဖြစ်နိုင်တဲ့ အခြေအနေတွေ၊ ဒေသခံပြည်သူတွေအပေါ် သက်ရောက်နိုင်တဲ့ ကျမ်းမာရေးထိခိုက်နိုင်မှု အနေအထားစတာတွေကို အများ ပြည်သူက ယုံကြည်လက်ခံတဲ့ ပုဂိုလ်တွေ၊ ပြည်တွင်းပြည်ပမှ
ကျွမ်းကျင်တဲ့ နည်းပညာရှင်များပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ခုဖွဲ့စည်းပေးသင့်တယ်လို့ ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းထားတဲ့ အဆိဖြစ်ပါတယ်။ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် တင်သွင်းခဲ့ပြီး အဲ့ဒီ့အဆိုအား ဆားလင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစန်းမြင့် ကလည်း ထောက်ခံဆွေးနွေးခဲ့ပါတယ်။ အခုလိုမျိုး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က တင်သွင်းလာတဲ့အရေးပေါ်အဆိုနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကို တက်ရောက်လာတဲ့ ကာကွယ်ရေးဝန်ကြီးဌာနကိုယ်စား ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က အဲ့ဒီ့စီမံကိန်းနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို ပြန်ပြီး ရှင်းလင်းခဲ့ပါတယ်။
လက်ပန်းတောင်အပြင် စံပယ်တောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး လူမှုပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင်အပေါ် ရေတို၊ ရေရှည်အကျိုးသက်ရောက်မှုတွေ သေချာသိရှိနိုင်ဖို့ ကျွမ်းကျင်တဲ့ ပညာရှင်တွေပါဝင်တဲ့ အဖွဲ့ဖွဲ့စည်းဖို့ကိုလည်း ပြည်သူ့လွှတ်တော်ကနေ တဆင့် နိုင်ငံတော်သမ္မတထံ အရေးတကြီးအဆိုကို တင်သွင်းခဲ့ကြတာလည်းဖြစ်ပါတယ်။
XS
SM
MD
LG