သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်း ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်များ တင်းမာ


ဒေသခံများ ဆန္ဒပြနေစဉ်။
ဒေသခံများ ဆန္ဒပြနေစဉ်။
စစ်ကိုင်းတိုင်း မုံရွာခရိုင်ဆားလင်းကြီးမြို့နယ်ထဲ လက်ပန်းတောင်းတောင် မိုးကြိုပြင် တောင်ရွာဘက်မှာ ကြာသပတေး ည၈နာရီကျော် အချိန်ကစပြီး ကြေးနီတောင် စီမံကိန်းကို စောင့်နေတဲ့ ရဲတွေနဲ့ ဒေသခံတွေကြား တင်းမာမူတွေဖြစ်ပြီး ရဲတွေကသေနတ်နဲ့ ပစ်ခတ်မူတွေကြောင့် လူ ရဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့တယ်လို့ဆိုပါတယ်။ မအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း မုံရွာခရိုင်ဆားလင်းကြီးမြို့နယ်ထဲက လက်ပန်တောင်းတောင်ကြေးနီ စီမံကိန်းကြောင့် သိမ်းဆည်း ထားတဲ့မြေယာတွေပြန်ရရေးတောင်းဆိုနေကြတဲ့ ဒေသခံတွေနဲ့ စီမံကိန်းကို တာဝန်ယူပေးထားတဲ့ ရဲတပ်ဖွဲတွေကြားတင်းမာမူတွေ ဖြစ်ပြီးနောက် ည၈နာရီကျော်အချိန်ကစပြိး ပစ်ခတ်မူတွေလုပ်ခဲ့တာပါ။

ဒေသခံတွေရှိရာကို သွားရောက်သတင်းယူသူလည်းဖြစ် မျက်မြင်တွေ့ရှိသူလည်းဖြစ်တဲ့ ယူနီတီဂျာနယ်က သတင်းထောက်ကိုကျော်နိုင်ကို ပစ်ခတ်မူ အခြေအနေကိုမေးမြန်းကြည့်ခဲ့ပါတယ်။

ကိုကျော်နိုင်။ ။ ဒီမှာ ၇ယောက်၊ လောလောဆယ်တွေ့တာ ၇ယောက်ရှိပါတယ်။

မအေးမာ။ ။ ဆေးရုံတင်ရမယ့် လူနာတွေများ ပါသလားရှင့်။

ကိုကျော်နိုင်။ ။ သူတို့တွေကတော့ ဆေးရုံမတက်ချင်ဘူးလို့ ပြောတယ်။ အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့ အနေအထားမဟုတ်ပေမဲ့ ဒဏ်ရာတွေကတော့ ရတယ်။

မအေးမာ။ ။ကိုကျော်နိုင်တို့ကိုရော ရဲတွေက စစ်ဆေးတာတွေရော လုပ်ပါသလား။

ကိုကျော်နိုင်။ ။ ဟုတ်ကဲ့ခင်ဗျ။ ကျနော်တို့ကို စစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်ခင်ဗျ။ ကျနော်တို့ကလည်း ရွာထဲကလည်း သူတို့ကို အဝင်မခံတဲ့အပြင် ရဲတွေကလည်း ပစ်ကြခတ်ကြတော့ ကျနော်တို့က ရဲတွေဘက်ကို လှည့်ပြန်ပါတယ်။ ရဲတွေက ကျနော်တို့ဆိုင်ကယ်ကို တားတဲ့အချိန် ကျနော်တို့က မီဒီယာကလို့ပြောတဲ့အခါ ကျနော်တို့ဆီက ကင်မရာတွေတောင်းတယ်။ ဝန်ထမ်းကဒ်တွေ တောင်းတယ်။ ကျနော်တို့က မီဒီယာလို့ပြောတော့ ကျနော်တို့ဆီက မှတ်တမ်းဓာတ်ပုံတွေ ဖျက်ခိုင်းတယ်။ မီဒီယာမှန်းသိရက်နဲ့ရိုင်းပြစွာ ဆက်ဆံတာတွေ၊ ကင်မရာကို အတင်းဆွဲတာမျိုး၊ ဆိုင်ကယ်ဘောက်စ်ကို အတင်းဖွင့်တာမျိုး၊ လုပ်တာမျိုးတွေ ကျနော်တို့ ရင်ဆိုင်ခဲ့ရပါတယ်။

မအေးမာ။ ။ကိုကျော်နိုင်တို့ ရိုက်ထားတဲ့ ဓာတ်ပုံတွေ အဖျက်ခံလိုက်ရလားရှင့်။

ကိုကျော်နိုင်။ ။ ဖျက်ပေးခဲ့ရပါတယ်။ ကျနော်တို့ရိုက်ထားတဲ့ ဓာတ်ပုံတွေ အကုန် သူတို့ရှေ့မှာ Delete လုပ်ပေးခဲ့ရပါတယ်။

မအေးမာ။ ။ အဲ့တော့ သူတို့က ဓာတ်ပုံတွေဖျက်လိုက်တော့ ရိုက်ထားတဲ့ ဓာတ်ပုံတွေထဲမှာ ဘယ်လိုဓာတ်ပုံတွေ ပါလဲရှင့်။

ကိုကျော်နိုင်။ ။ သူတို့သေနတ်ပစ်ဖောက်နေတဲ့ ဓာတ်ပုံတွေပါတယ်။ ကားမီးထိုးတဲ့အချိန်မှာ ကျနော်တို့က ရိုက်ရတဲ့အတွက် ကားတွေအဖြတ် ကားမီးထိုးတဲ့အချိန်မှာ သူတို့သေနတ်ပစ်ဖောက်တာတွေ၊ သူတို့တပ်ဖွဲ့တွေ ပုံစံယူထားတဲ့ဟာတွေ၊ သတင်းမှတ်တမ်းယူထားတယ်။ ရွာသားတွေဘက်ကိုလည်း ဓာတ်ပုံမှတ်တမ်းတွေ လှမ်းရိုက်ထားတွေရှိတယ်။ အဲ့တာတွေ အကုန် ကျနော်ဖျက်ပေးခဲ့ရပါတယ်။

မအေးမာ။ ။ ပစ်ခတ်မှုက ဘယ်အချိန်လောက်က စတင်တာလဲရှင့်။

ကိုကျော်နိုင်။ ။ ၈နာရီ ၁၅လောက်မှာ စပြီး ပစ်ခတ်တယ်ခင်ဗျ။ ကျနော်ရေထားတာ ၂၇ချက်ခင်ဗျ။ ဒီ့ထက်ပိုရင်လည်း ပိုလိုက်မယ်။

မအေးမာ။ ။ ရွာသားတွေနဲ့ သူတို့ ဘယ်လို ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်တာလဲရှင့်။

ကိုကျော်နိုင်။ ။ ကျနော်တို့က ထိပ်တိုက်တွေ့ပြီးမှ ရောက်တဲ့ အနေအထားဆိုတော့ ရွာသားတွေကိုမေးမြန်းတော့ ရွာသားတွေ ပြောပြတာက သူတို့ရွာထဲကို လုံထိန်းရဲတွေက အတင်းဝင်ဖို့ ကြိုးစားတဲ့အချိန် ဝါးလုံးတွေနဲ့ တားမြစ်တယ်။ အဲ့သလို တားမြစ်တဲ့အချိန် ရဲတွေဘက်က ဘက်ခွတွေနဲ့ စပစ်တယ်။ ရဲတွေက အတင်းဝင်ဖို့ လုပ်တဲ့အချိန် သူတို့ဘက်ကလည်း တားမြစ်ဖို့ လုပ်တယ်။ နောက် ဝမ်ပေါင်ဆိုက်ထဲကနေ ရဲကားတွေ အများကြီး ဝင်လာပြီး ရဲကားတွေပေါ်က လုံထိန်းရဲတွေက ခုန်ဆင်းလာပြီးတော့ ဒိုင်းတွေနဲ့ သေနတ်တွေနဲ့ပစ်ဖောက်ခဲ့တာတွေ ကျနော်တို့ တွေ့ခဲ့ပါတယ်။"
ပစ်ခတ်မူတွေ မဖြစ်ခင်ကတည်းက ဒေသခံ အနည်းဆုံး ၃ဦးလောက်ကို အာဏာပိုင်တွေက ဖမ်းဆီးမူတွေလုပ်ခဲ့တာပါ။ ဒါအပြင် စီမံကိန်းနယ်မြေထဲမှာ ပါပြီး ပုဒ်မ ၁၄၄ထုတ်ထားတဲ့ လယ်တီဆရာတော်ဘုရားကြီးရဲ့ သာသနာမြေ အတွင်းမိုင်းခွဲနေမူတွေကြောင့် ကန့်ကွက်တဲ့အနေနဲ့ အင်ကြင်းတောင်ဘက်မှာလည်း သံဃာတော်တွေနဲ့ဒေသခံတွေက သပိတ်စခန်း တခုဖွင့်လှစ်ထားပါတယ်။

မိုးကြိုးပြင်ရွာထိပ်မှာတော့ ရဲ ကင်းစောင့်ပြီး သပိတ်စခန်းကို သွားတဲ့ လမ်းတွေနဲ့ ဒေသခံတွေ စိုက်ပျိူးထားတဲ့ သီးနှံစိုက်ခင်းတွေဆီ သွားမရအောင်
ဗုဒ္ဓဟူးနေ့ ကစပြီး အာဏာပိုင်တွေဘက်က ပိတ်ဆို့ထားတဲ့အတွက် နှစ်ဖက် တင်းမာမူတွေဖြစ်ပြီး ဆန္ဒပြမူတွေနဲ့ ရုန်းရင်းဆန်ခတ်မူတွေ ၂ရက်ဆက်တိုက်ဖြစ်ခဲ့တာပါ ။

ပစ်ခတ်မူတွေနဲ့ပတ်သက်လို့ ကြေးနီစီမံကိန်းက တာဝန်ရှိသူတွေနဲ့ အာဏာပိုင်တွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

ဒီစီမံကိန်းကို မြန်မာစီပွားရေးဦးပိုင်ကုမ္ပဏီလီမီတက်နဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီတို့ပူပေါင်းလုပ်ဆောင်ခဲ့တာပါ။ ကြေးနီစီမံကိန်းကြောင့် ဒေသခံတွေရဲ့လယ်မြေ
ဧကပေါင်း ၇၈၀၀ကျော် သိမ်းယူခဲ့ပြီး ရွာပေါင်း ၄ရွာကို ဖယ်ရှားခိုင်းခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း သပိတ်စခန်းဖွင့်ထားတဲ့ သံဃာတော်တွေကို မီးလောင်ဗုံးတွေနဲ့ အကြမ်းဖက်ဖြိုခွဲမူတွေ လုပ်ခဲ့တဲ့အတွက် သံဃာ အတော်များများ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပါတယ်။
XS
SM
MD
LG