သုံးရလွယ်ကူစေသည့် Link များ

လက်ပံတောင်းအရေး တရုတ်သံရုံးရှေ့ ကန့်ကွက်ဆန္ဒပြ


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တရုတ်ကုမ္ပဏီတွေ ထွက်သွားရေး သံဃာနဲ့ ပြည်သူတချို့ ချီတက် ဆန္ဒပြနေကြစဉ်။ (ဒီဇင်ဘာလ ၁ ရက်၊ ၂၀၁၂)။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တရုတ်ကုမ္ပဏီတွေ ထွက်သွားရေး သံဃာနဲ့ ပြည်သူတချို့ ချီတက် ဆန္ဒပြနေကြစဉ်။ (ဒီဇင်ဘာလ ၁ ရက်၊ ၂၀၁၂)။
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်တွင်း မှာရှိတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို လုပ်ဆောင်နေတဲ့ တရုတ်ကုမ္ပဏီတွေ မြန်မာနိုင်ငံက ထွက်သွားရေး တောင်းဆိုတဲ့အနေနဲ့ ရန်ကုန်မြို့က တရုတ်သံရုံးရှေ့ကို ရာနဲ့ချီတဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေဟာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ သံရုံးရှေ့မှာတော့ လုံထိန်းရဲတွေက လုံခြုံရေးအပြည့် ယူထားပြီး ဆန္ဒပြသူတွေဘက်ကလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတာပါ။ ဒီအခြေအနေကို ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ မနက်ပိုင်းက မုံရွာမှာ ကြေးနီတောင် စီမံကိန်းရပ်ဆိုင်းရေး ဆန္ဒပြတောင်းဆိုကြတဲ့ သံဃာတော် တွေရဲ့ သပိတ်စခန်းတွေကို အာဏာပိုင်တွေဘက်က မျက်ရည်ယိုဗုံး၊ မီးလောင်းဗုံးတွေ အသုံးပြုပြီး အကြမ်းဖက် ဖြိုခွင်းခဲ့ပြီး နောက်ပိုင်း ဒီလုပ်ရပ်ကို ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်မှာ ဒုတိယမြောက်နေ့အဖြစ် စနေနေ့မှာ သံဃာ အပါး ၅၀ လောက်နဲ့ လူအင်အား ၂၀၀ ကျော်ကနေ ဆက်လက် ဆန္ဒပြခဲ့ကြတာပါ။ အဓိကကတော့ တရုတ်ကုမ္ပဏီတွေ မြန်မာနိုင်ငံကနေ ထွက်ခွာသွားရေးနဲ့ နောင်အခါ အခုလို အာဏာပိုင်တွေဘက်က ဓာတုပစ္စည်းတွေ အသုံးပြုပြီး ဖြိုခွင်းတာမျိုးကို လက်မခံကြောင်း၊ ဒီကိစ္စတွေကို အာဏာပိုင်တွေဘက်ကနေ တာဝန်ယူပေးရမယ် ဆိုတာတွေကို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဦးပဉ္စင်း ဦးဇောတိပါလ က အခုလို မိန့်ကြားခဲ့ပါတယ်။

“ကြေးနီတောင်စီမံကိန်း ဆန္ဒပြတဲ့ သံဃာတွေကို ရက်ရက်စက်စက် လူသားမဆန် အာဏာရှင်ဆန်ဆန် လုပ်တဲ့အတွက်ကို ဦးပဉ္စင်း တို့က ရင်ထဲမှာ မချိလွန်းတဲ့အတွက်ကို လာပြီးတော့ ဆန္ဒထုတ်ဖော်တာပါ။ ဗုဒ္ဓဘာသာ နိုင်ငံ ဖြစ်တဲ့အတွက်ကြောင့် ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကို ဒီလိုလုပ်တယ်ဆိုတာဟာ သူတို့က ဘာလူမျိုးတွေလဲ၊ ဘယ်လို နိုင်ငံသားတွေ လဲ။ ပြည်ပနိုင်ငံသားတွေလည်း မဟုတ်ဘဲနဲ့ ကိုယ့်လူမျိုး ကိုယ့်ဘာသာ လူတွေက ကိုယ့်ဗုဒ္ဓဘာသာ သာသနာ့ ခေါင်းဆောင်တွေကို ဒီလို လုပ်တယ်ဆိုတာ ဘယ်လိုမှ လူသားမဆန်တဲ့ အတွက်ကြောင့်မိုလို့ ဦးပဉ္စင်းတို့က ရင်ထဲ မချိလွန်းလို့ မိုလို့ တရုတ်နိုင်ငံ သံရုံးကို လာပြီးတော့ ဦးပဉ္စင်းတို့က တောင်းပန်တာပါ။ မလုပ်ပါနဲ့။ နောက် အစိုးရ ဝန်ထမ်းတွေ သံဃာ့ဒဏ်တွေ မသင့်ပါစေနဲ့လို့ ဆိုပြီးတော့ ဦးပဉ္စင်းတို့ကနေ ပြီးတော့ မေတ္တာရှေ့ထားပြီးတော့ လာပြီး ဆန္ဒထုတ်ဖော်ပြီး တားမြစ်တာပါ။”

တရုတ်သံရုံးရှေ့မှာတော့ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတယ်လို့လည်း အဲ့ဒီမှာ ကိုယ်တိုင်သတင်းယူခဲ့တဲ့ ပြည်တွင်းသတင်းထောက်တဦးက အခုလို ပြောပြပါတယ်။

“လုံထိန်းအဖွဲ့ကလည်း အေးအေးဆေးဆေး ပါပဲ။ သူတို့ဘာမှ ပြဿနာ မရှာဘူးလေ။ အဲဒီသံရုံး အရှေ့ကိုတော့ မလာဖို့တော့ ဝါယာတွေ ချပြီး တားထားတယ်။ သံရုံး အရှေ့မှာတော့ လုံခြုံရေး လုံထိန်းကားတွေ ရပ်ထားတာ တွေ့တယ်။ လုံထိန်းကား ဆိုတာ လုံထိန်း အရာရှိ ကားတွေပေါ့ဗျာ။ နစ်ဆန်းပက်ထရို တို့၊ ဟိုင်းလက် တို့ အဲဒီလိုကားမျိုးတွေကို ရပ်ထားတယ်။ ဒီဘက်မှာတော့ လုံခြုံရေးအဖွဲ့က လမ်းကို ပိတ်ထားတာ ဆိုရင်တော့ ခန့်မှန်းချေ အင်အား ၂၀ လောက် ရှိမှာပေါ့လေ။ အဲဒါကတော့ လမ်းကို ဖြတ်ပြီးတော့ ပိတ်ထားပြီးတော့ ရှေ့မှာ ဝါယာ တားထားတယ်။ အဲဒီတော့ ကျနော်တို့နဲ့ ဒီဘက်က ဘုန်းကြီးတွေနဲ့ လုံထိန်းတွေနဲ့ မျက်နှာချင်းဆိုင်ပဲ ပြောကြတယ်ဗျာ။ ဟိုဘက်က လုံထိန်းတွေ ဘက်ကတော့ ဘာမှ ပြန်မပြောကြဘူး။”

အစောပိုင်း တရုတ်သံရုံးရှေ့ကို ချီတက်ချိန်မှာတော့ အာဏာပိုင်တွေဘက်က နှောင့်ယှက်တာ မရှိသေးပေမဲ့ ဆက်မလုပ်ဖို့တော့ ဟန့်တားမှုတွေ လုပ်ခဲ့တယ်လို့လည်း အဲ့ဒီ သတင်းထောက်က ပြောပြခဲ့ပါတယ်။ ဆန္ဒပြသူတွေဘက်ကတော့ ဒီကြေးနီတောင် စီမံကိန်းကြီး မရပ်မချင်း ဆက်လက်ဆန္ဒပြသွားမှာ ဖြစ်တယ်လု့ိလည်း ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ကိုခိုင်နေလင်း က ပြောပြခဲ့ပါတယ်။

“လက်ပံတောင်းတောင် ကိစ္စက ရပ်တန်းက မရပ်သ၍ ကျနော်တို့ လှုပ်ရှားမှုတွေက ရပ်မှာမဟုတ်ပါဘူး။ အမြဲတမ်း ကျနော်တို့က ကြိုးစားနေမှာပါ။”

ဒါကတော့ ဒီကနေ့ ရန်ကုန် တရုတ်သံရုံးရှေ့မှာ ဆန္ဒပြနေကြတဲ့အကြောင်းပါ။ မနေ့ကတော့ သံဃာ နဲ့ လူအင်အား ၄၀ လောက်ဟာ ဆူးလေဘုရား ရင်ပြင်တပတ်ပတ်ပြီး လမ်း ၅၀ ထိပ်က မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီရုံးချုပ်ရှေ့ကို ချီတက်ခဲ့ပါသေးတယ်။ လက်ပန်းတောင်းတောင် စီမံကိန်း ကန့်ကွက်ဆန္ဒပြပွဲမှာ အာဏာပိုင်တွေ အကြမ်းဖက်မှုကြောင့် မီးလောင်ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့ သံဃာတော်တွေရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ထားကြပြီး ဦးပိုင်ကုမ္ပဏီ အလိုမရှိဆိုတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်၊ ပခုက္ကူဒေသ သံဃာတော်တွေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အပါအဝင် တက်ကြွလှုပ်ရှားသူတွေက စနေနေ့မှာပဲ ကြေညာချက်တွေ ထုတ်ပြန် ရှုတ်ချခဲ့ကြပါတယ်။ အပြင်းအထန် နှိမ်နင်းမှုအတွက် တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ မုံရွာမြို့မှာ စနေနေ့က သံဃာအဖွဲ့အစည်းတွေနဲ့ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ အကြီးအကဲ ဦးဆောင်တဲ့ လုံခြုံရေး တပ်ဖွဲဝင်တွေ တွေ့ဆုံမှု အတွင်းမှာတော့ ဆန္ဒပြပွဲတွေကို နှိမ်နင်းမှုတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တယ်လို့ ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း သံဃာတော်တွေ ထိခိုက်ဒဏ်ရာ ရခဲ့တဲ့အပေါ်မှာတော့ တောင်းပန်လိုကြောင်း လျှောက်ထားသွားခဲ့တယ် လို့ ဒေသခံတွေက ပြောပြခဲ့ပါတယ်။
XS
SM
MD
LG