သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပန်းတောင်းတောင် စီမံကိန်း ရပ်တံ့ရေး ရန်ကုန်မြို့လည်မှာ ဆန္ဒပြ


လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး ဆန္ဒဖော်ထုတ်ပွဲ ရန်ကုန်ဆူးလေတဝိုက်တွင် ဖြစ်ပွားစဉ်။ ( နိုဝင်ဘာ ၂၆၊ ၂၀၁၂။)
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး ဆန္ဒဖော်ထုတ်ပွဲ ရန်ကုန်ဆူးလေတဝိုက်တွင် ဖြစ်ပွားစဉ်။ ( နိုဝင်ဘာ ၂၆၊ ၂၀၁၂။)
တရုတ်နဲ့ ဦးပိုင်ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းမှာရှိတဲ့ လက်ပန်းတောင်းတောင် ကြေးနီးစီမံကိန်း ရပ်ဆိုင်းရေးအတွက် ရန်ကုန်မှာ ဒီကနေ့ ဆန္ဒပြနေပါတယ်။ လက်ပန်းတောင်းဒေသခံတွေ၊ ကျောင်းသားတွေ၊ တိုင်းရင်းသားနဲ့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးသမားအဖွဲ့တွေ့ တရုတ်ပြည်သူသမ္မတ သံရုံးနဲ့ မြန်မာစီးပွားရေးဦပိုင်ကုမ္ပဏီလီမီတက် ရုံးချုပ်မှာ မူလက ဆန္ဒပြဖို့ စီစဉ်ခဲ့တာပါ။
ဒါပေမဲ့ အာဏာပိုင်တွေဘက်က စီစဉ်ထားတဲ့သူတွေထဲက ၄ဦးကို ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဆန္ဒပြသူတွေဟာ ရန်ကုန်ဆူးလေ အနီးအဝိုက်မှာရှိတဲ့ မဟာဗန္ဓုလပန်းခြံကို ပတ်ပြီး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ ဒီအခြေအနေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မအေးအေးမာက ပြောပြပေးထားပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေးအတွက် ရန်ကုန်ဆူးလေတဝိုက်က မဟာဗန္ဓုလပန်းခြံကို ညနေ သုံးနာရီအချိန်လောက်မှာ လက်ပန်းတောင်းတောင် ဒေသခံတွေနဲ့ အတူ၊ ကျောင်းသားလူငယ်တွေ ၊ တိုင်းရင်းသားလူငယ်တွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ ဆန္ဒပြနေကြပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်သူတဦးဖြစ်တဲ့ လက်ပန်းတောင်ဒေသ ပြည်သူ့အကျိုးစီပွား ကာကွယ်ရေးကော်မတီရဲ့ တာဝန်ခံတဦးလည်းဖြစ် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဟန်ဝင်းအောင်ကို ဆန္ဒပြတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

“ ဒီနေ့မနက်မှာ ဆယ်နာရီခွဲလောက်မှာ စတင်ပြီးတော့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂက ကိုသီဟဝင်းတင်ရယ်၊ ကိုအောင်ဝင်းကို ABSDF ကျောင်းသားဟောင်းရယ်၊ ကိုရဲလင်း နိုင်ငံရေးအကျဉ်းသားဟောင်းရယ်၊ ကိုဘိုဘိုဦးရယ် လေးယောက်ကို စတင်ဖမ်းဆီးလိုက်ပါတယ်။ အဲ့တာက ရန်ကုန်တိုင်း တိုင်းရုံးကပေါ့ဗျာ။ ဗိုလ်မှူးကြီး ဦးကျော်ကျော်နိုင်ရယ်၊ ဗိုလ်မှူးဦးနိုင်ဝင်းရယ်က ဖမ်းလိုက်တယ်။ ဖမ်းပြီးတော့ နေ့လည် တစ်နာရီမှာ လွှတ်ပေးခဲ့ပါတယ်။လောလောဆယ်ရှိနေတဲ့ ပထမ၊ မူလစီစဉ်ထားတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးရှေ့နဲ့ ဦးပိုင်ရုံးချုပ်ရှေ့မှာတော့ သူတို့လုံခြုံရေးအင်အားတွေ အပြည့်အဝကို ချထားတဲ့အတွက် ကျနော်တို့က ငြိမ်းချမ်းစွာနဲ့ပဲ ဆန္ဒဖော်ထုတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိပြီးသား ဖြစ်တဲ့အတွက် ထိပ်တိုက်မဖြစ်ချင်တာနဲ့ အကြမ်းဖက်မှုတွေ၊ ရုန်းရင်းဆန်ခတ်မှုတွေကို ရှောင်လွှဲတဲ့အနေနဲ့ ကျနော်တို့ ဒီနေ့ညနေ သုံးနာရီခွဲမှာ စပြီးတော့ ဆူးလေဘုရားရှေ့မှာ စုရုံးပြီးတော့ ကျနော်တို့ ငြိမ်းချမ်းစွာ ဆန္ဒပြနေပါတယ်။ အခုလောလောဆယ် ကျနော်တို့ မဟာဗန္ဓုလပန်းခြံကို ပတ်ပြီးတော့ ဆန္ဒဖော်ထုတ်နေပါတယ်။”

မေး။ ။ အခုဆန္ဒပြမူက လက်ပန်းတောင်ကြေးနီစီမံကိန်းရပ်ဖို့ ရည်ရွယ်ချက် တခုတည်းလားရှင်။
“အဓိက ကျနော်တို့ ဆန္ဒဖော်ထုတ်ရတာကတော့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး အမျိုးမျိုး၊ အထွေထွေပြောနေပါတယ်။ အဲ့သလိုပြောဆိုနေမှု က လူထုကို ကိုယ်စားပြုတဲ့အသံ၊ လူထုကို ကိုယ်စားမပြုတဲ့ အသံ နှစ်မျိုးရှိပါတယ်။ ၂၃ရက် ၁၁လက ဝန်ကြီးဦးအောင်မင်း သပိတ်စခန်းမှာ ပြောသွားတာမျိုးတွေပေါ့လေ။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ကျေးဇူးတရားရှိလို့ ပေးရမယ်ဆိုတာမျိုးက ကျနော်တို့ပြည်သူတွေကို ကိုယ်စားမပြုတဲ့အသံမျိုးတွေပါ။ နောက်တခုက ကျနော်တို့ပြည်သူတွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကိုယ့်အခွင့်အရေးကို ကိုယ် တောင်းဆိုမှုတွေလုပ်ခဲ့ပေမဲ့ သူတို့က စေ့စပ်ညှိနှိုင်းမှုတွေ မလုပ်ခဲ့ပါဘူး။ လျစ်လျူရှု့ခဲ့ပါတယ်။ အခုကျမှ ဒါတွေဟာ ဆူပူတာတွေ၊ အကြမ်းဖက်တာတွေလို့ စွတ်စွဲပုတ်ခတ်လာတဲ့ အတွက် ကျနော်တို့ ပြည်သူ့အသံစစ်စစ်ဆိုတာ ဘာလဲဆိုတာ ရန်ကုန်မှာရှိတဲ့ ပြည်သူတွေကနေပြီးတော့ လက်ပန်းတောင်းမှာရှိတဲ့ ပြည်သူတွေနဲ့ တသားတည်းရှိတယ်ဆိုတာကို ဖော်ထုတ်တာပါ။ အဲ့တော့ ပြည်သူ့အသံက ဘာလဲ။ ပြည်သူ့ဘက်က မပါတဲ့အသံက ဘာလဲ ဆိုတာ ကွဲပြားခြားနားသွားအောင် ကျနော်တို့ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပါတယ်။
နောက်တခုကတော့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေးကို အလိုရှိတယ်ဆိုတာကို ကျနော်တို့တင်ပြခြင်းဖြစ်ပါတယ်။”

မေး။ ။ဆန္ဒပြနေတဲ့ နေရာကိုရော လုံခြုံရေးတွေက တားဆီးတာမျိုးရော ရှိပါသလား။
“လုံခြုံရေးတွေက စောင့်ပြီးတော့ ကျနော်တို့ စတင်ချီတက်ခါနီးမှာ လာရောက်ပြီး တားမြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်းကို ဖော်ထုတ်သွားမယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က လုပ်သင့်လုပ်ထိုက်တာကို လုပ်ပါလို့ ကျနော်တို့ပြောပြီးတော့ ကျနော်တို့လုပ်ငန်းကို ကျနော်တို့ပြန်စတင်နေပါတယ်။ အခုအချိန်ထိတော့ ဝင်ရောက်ဟန့်တားနှောင့်ယှက်တာမရှိသေးပါဘူး။”

မေး။ ။ ဆန္ဒပြတဲ့အထဲမှာ ဒေသခံတွေအပြင် ဘယ်လိုအင်အားစုမျိုးတွေက အဓိက ပါဝင်သလဲရှင့်။
“ အဓိက ကျနော်တို့ အခုလုပ်တဲ့ပုံစံကတော့ အဖွဲ့အစည်းတခုချင်း၊ အကြောင်းအရာတခုချင်းကို လုပ်ခြင်းမဟုတ်ပဲနဲ့၊ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းကို လိုလားတဲ့ ပြည်သူတွေအားလုံး ပါဝင်နိုင်တဲ့ စုပေါင်းမှုနဲ့ ဆောင်ရွက်တာပါ။ အဖွဲ့အစည်းအလိုက်ပြောမယ် ဆိုရင်တော့ အဖွဲ့အစည်းတော်တော်များများ ပါပါတယ်။"

မေး။ ။ တိုင်းရင်းသားလူငယ်တွေကို ပါဝင်တယ်ဆိုပြီးတော့ တိုင်းရင်သားခေါင်းဆောင်တချို့ ကလည်းပြောပါတယ် ဟုတ်ပါသလား။
“ဟုတ်ကဲ့ခင်ဗျ။ ရှမ်းအဖွဲ့က ကျောင်းသားလူငယ်တွေပါပါတယ်။ အခုလောလောဆယ်မှာ ပူးပေါင်းပါဝင်လာတဲ့အနေအထားအရ ကျနော်တို့ အတိအကျပြောဆိုဖို့တော့ ခက်နေပါတယ်။ ကျနော်တို့ဆန္ဒပြမှု စတင်နေပြီဖြစ်တဲ့အတွက် မြို့လည်မှာလည်း ပြည်သူတွေ ပူးပေါင်းပါဝင်နေပြီး တခြားအဖွဲ့အစည်းတွေပါဝင်လာမှုနဲ့ ကျနော်တို့ အဖွဲ့အစည်းစာရင်းတွေကို အတိအကျပြောဖို့ ခက်နေပါတယ်။"

မေး။ ။အခုဆန္ဒပြမှုက ဆူးလေအနီးတဝိုက် ပန်းခြံအပြင်ကို ဘယ်နေရာထိ ဆက်သွားဖို့စိစဉ်ထားသလဲရှင်။
“ကျနော်တို့ မဟာဗန္ဓုလပန်းခြံကို ၇ ပတ်လောက် ပတ်ပြီးသွားတဲ့အခါ လူထုအနေအထား နဲ့ ဖော်ထုတ်နိုင်မဲ့ အတိုင်းအတာကို ကြည့်ပြီးတော့ ချီတက်မှာပါ။ အဓိကကတော့ ၂၉လမ်း၊ ၂၈လမ်းဖက်၊ ပြည်သူလူထုနဲ့ ပေါင်း စည်းပြီး ချီတက်သွားဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ အခြေအနေအရ အပြောင်းအလဲရှိနိုင်ပါတယ်။”

မေး။ ။ အခုဆန္ဒပြမှုအတိုင်းအတာကရော ဘယ်လောက်အထိရှိလဲရှင့်။
“ပြည်သူအင်အားရော၊ ဆန္ဒပြနေတဲ့အင်အားရောဆိုရင် တစ်ထောင်ကျော်လောက်ရှိပါတယ်။”

ဆန္ဒပြမှုကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ လက်ပန်းတောင်းတောင် ဒေသ ပြည်သူ့အကျိုးစီးပွား ကာကွယ်ရေး ကော်မတီရဲ့ တာဝန်ခံတစ်ဦးလည်းဖြစ်၊ ကျောင်းသားခေါင်းဆောင်တစ်ဦးလည်းဖြစ်တဲ့ ကိုဟန်ဝင်းအောင်ကို ဆန္ဒပြတဲ့အခြေအနေနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG