သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒဏ်ရာရသံဃာတော်တွေအတွက် ဆေးဝါးအလှူ လက်မခံ


လက်ပန်းတောင်းတောင် ဆန့်ကျင်ကန့်ကွက်ရေး သပိတ်စခန်း အကြမ်းဖက် ဖြိုခွဲမှုကြောင့် မီးလောင်ဒဏ်ရာရတဲ့ သံဃာတော်တစ်ပါး မုံရွာဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ်။
လက်ပန်းတောင်းတောင် ဆန့်ကျင်ကန့်ကွက်ရေး သပိတ်စခန်း အကြမ်းဖက် ဖြိုခွဲမှုကြောင့် မီးလောင်ဒဏ်ရာရတဲ့ သံဃာတော်တစ်ပါး မုံရွာဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ်။
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေး ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ သပိတ်စခန်းတွေကို နိုဝင်ဘာလ ၂၉ ရက် ကြာသပတေးနေ့က အာဏာပိုင်တွေ အကြမ်းဖက် နှိမ်နင်းမှုအတွင်း ဒဏ်ရာ အပြင်းအထန် ရခဲ့ကြတဲ့ ရဟန်းသံဃာတော်တွေ မန္တလေး နဲ့ မုံရွာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ဒီသံဃာတော်တွေအတွက် အာဏာပိုင်တွေဘက်က ကျန်းမာရေး စောင့်ရှောက်မှု တစုံတရာ ထောက်ပံ့ပေးခြင်း မရှိသလို မုံရွာဆေးရုံကြီး မှာ ဆေးဝါးကုသမှု ခံယူနေရတဲ့ သံဃာတော်တွေအတွက် အလှူရှင်တွေက ဆေးဝါး အလှူပြုချင်ပေမဲ့လို့ ဆေးရုံက လက်မခံရဲတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။

မန္တလေး ပြည်သူ့ဆေးရုံကြီးမှာတော့ ဆေးကုသမှုခံနေတဲ့ သံဃာ ၄ ပါး ရှိပါတယ်။ ဒီသံဃာတော်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကိုယ်တိုင် ဒဏ်ရာရခဲ့သူ ဖြစ်တဲ့ ရေတော်တိုက်က ဆရာတော် ဦးဝိသုတ က အခုလို မိန့်ပါတယ်။

"ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိတဲ့ ဆရာတော် ဦးတိက္ခညာဏ ဆားလင်းကြီး မြို့နယ်ကို အရေးပေါ် ဆရာဝန်ကြီးတွေ ဆေးကုသမှုခံယူနေပါတယ်။ ဘုရားကြီး အလယ်ထပ်ကြီး ဆရာတော် ဦးဝိသုဒ္ဓစာရ ပြင်းပြင်းထန်ထန် ခံစားနေရတာ ဒကာကြီးတို့ မျက်မှောက် မြင်တဲ့အတိုင်းပါပဲ။ ဦးပါကရကတော့ မျက်စိပျက်မလား၊ ဘယ်လိုအခြေအနေလည်း မသိနိုင်သေးဘူး။"

ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ သံဃာတော်တွေထဲက တပါးဖြစ်တဲ့ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က ဆရာတော် ဦးတိက္ခဉာဏ ကတော့ မျက်ရည်ယိုဗုံးတွေ၊ မီးလောင်ဗုံးနဲ့ မီးခိုးဗုံးတွေ ပေါက်ကွဲခဲ့တဲ့ အခြေအနေနဲ့ သူ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အကြောင်းကို ခုလို မိန့်ပါတယ်။

"တခါတည်း ကွဲခါစမှာ ရှုးခနဲ ပန်းလိုက်တာ ဦးဇင်းနှစ်ထပ်စောင်က အပေါက်ကြီးဖြစ်ပြီး လောင်သွားတယ်။ အထပ်ထပ်မှာ ရေစိုနေရင်းနဲ့ စိုနေတဲ့ရေ ရှိနေတဲ့ဟာကို တချက်တည်းနဲ့ လောင်သွားတာ ဦးဇင်းလည်း သင်္ဃန်းပါ လောင်သွားတယ်။ သင်္ဃန်းတွေလည်း အကုန်လုံးပါသွားတယ်။ အဲ့ဒီ့မှာ ဦးဇင်းလည်း ဘာမှ မမြင်တော့ဘူး။ မီးတွေချည်းပဲ ဖြစ်နေတယ်။ မျက်စိကလည်း ဝါးသွားပြီ။ အဲ့ဒီ့မှာ ထပြီးတော့ လျှောက်ရတာပေါ့။ တချက်တည်း၊ အဲ့ဒီ့တချက်တည်းနဲ့ ဦးဇင်း ညာဘက်တင်ပါးနဲ့ ညာဘက်ခြေထောက်တခုလုံး၊ ညာဘက်လက်ပြင်တွေရယ်၊ ညာဘက်ကျောပိုင်းတွေရယ်၊ ဆရာဝန်ကြီးတွေက ဒီရောက်တော့ ၈၀ ရာခိုင်နှုန်း မီးလောင်သွားတယ်လို့ ဆိုကြတယ်။ "

မန္တလေးဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ ဒီသံဃာတော်တွေကို မိသားစုတွေနဲ့ အလှူရှင်တွေကပဲ အဓိက တာဝန်ယူ ကုသပေးနေတာ ဖြစ်ပါတယ်။ သံဃာတော်တချို့ ဟာ ခန္ဓာကိုယ်ရဲ့ တဝက်နီးပါး၊ အတွင်းပိုင်း ကြွက်သား လောင်ကျွမ်းတဲ့အထိ ဒဏ်ရာ အပြင်းအထန် ရခဲ့ကြတာပါ။ ဒီလို သံဃာတော်တွေကို ကုသရေးမှာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေရဲ့ ကုသမှု လိုအပ်သလို ပြည့်စုံတဲ့ အစောင့်အရှောက်တွေလည်း အထူး လိုအပ်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီသံဃာတော်တွေအတွက် အာဏာပိုင်တွေဘက်က တစုံတရာ ဆေးဝါး နဲ့ ကျန်းမာရေး စောင့်ရှောက်မှု တစုံတရာ ထောက်ပံ့ပေးတာမျိုး မရှိသလို မုံရွာ ဆေးရုံကြီးမှာ ဆေးဝါး ကုသခံနေရတဲ့ သံဃာတော်တွေကို အလှူရှင်တွေက ဆေးဝါးလှူဒါန်းချင်တာတောင်မှ လှူဒါန်းလို့မရတဲ့ အခြေအနေတွေမှာ ရှိနေတယ်လို့ သံဃာတော်တွေကို ဆေးဝါး လှူဒါန်းဖို့ သွားခဲ့တဲ့ နာရေးကူညီမှုအသင်း ရန်ကုန် ဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။

"ကျနော်တို့ဆေးဝါးကူဖို့ ဆေးရုံကိုသွားတော့ ဆေးရုံအုပ်ကြီးက ဆေးဝါးလုံလောက်တယ်။ ကုသမှု လုံလောက်တယ်ဆိုပြီး ပြောတယ်။ ဒါပေမဲ့ သံဃာတော်တွေရဲ့အနေအထားက ဒဏ်ရာတွေက အတော်ပြင်းထန်တယ်။ အသားတွေက အထဲအထိ လှိုက်စားနေတာတွေ့တယ်။ ဆေးလှူဖို့က ဆရာဝန်ကြီးတွေက ဒီဟာအတွက်ဆို မလှူပါနဲ့လို့ ပြောတော့ ကျနော်တို့ ဆေးလှူလို့မရတော့ ဝတ္တူငွေပဲ ပေးခဲ့ရတယ်။ ဆေးရုံမှာ ရှိတဲ့ ဆရာဝန်တွေ၊ နပ်စ်မတွေကလည်း တော်တော်ဂရုတစိုက် ကုပေးကြပါတယ်။ ကျနော်သွားတော့လည်း ကျနော်တို့ကို တော်တော်လေး အားပေးကြတယ်။ လာတာကို ကျေးဇူးတင်တယ် ပြောကြတယ်။ ဒါပေမဲ့ အနေအထားက ဒီကိစ္စအတွက် လာလှူတယ်ဆိုရင်တော့ လက်ခံလို့မဖြစ်တဲ့ အနေအထားမျိုးတွေ ပြောနေတော့ ကျနော်တို့လည်း စိတ်မကောင်းရဘူးပေါ့လေ။"

အခုလို မီးလောင် ဒဏ်ရာရထားတဲ့ ဆန္ဒပြ သံဃာတော်တွေနဲ့ ပြည်သူတွေ ထဲမှာ ဆေးရုံ တက်ပြီး ဆေးဝါးကုသမှုရသူတွေ ရှိသလို ဖမ်းဆီး ခံရမှာ စိုးရိမ်လို့ ရွာတွေထဲမှာ ပုန်းရှောင်နေရသူတွေလည်း ရှိနေတာကြောင့် ဒီလိုလူတွေနဲ့ သံဃာတော်တွေရဲ့ ကျန်းမာရေး စိုးရိမ်ရတယ်လို့လည်း ဦးကျော်သူက ပြောပါတယ်။

လောလောဆယ်မှာ ဒဏ်ရာ အပြင်းအထန် ရထားသူတွေကို မုံရွာနဲ့ မန္တလေးက ဒေသခံပြည်သူတွေနဲ့ လူမှုကူညီပေးရေး စေတနာ့ဝန်ထမ်း အဖွဲ့တွေက လိုအပ်တဲ့ ဆေးဝါး အကူအညီတွေ ပေးနေတာ ဖြစ်ပါတယ်။
XS
SM
MD
LG