သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းတောင် စုံစမ်းရေး ဒေါ်စုအတွက် စိန်ခေါ်မှု


ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင်အရေး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။
ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင်အရေး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။
စစ်ကိုင်းတိုင်း မုံရွာမြို့နားက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မီတီရဲ့ အစီရင်ခံစာ ထွက်ပေါ်လာဖို့ နှောင့်နှေးနေချိန်မှာပဲ လုပ်ငန်းတွေ ဆက်လုပ်ဖို့ လိုလားသူတွေနဲ့ ဆန့်ကျင်သူတွေရဲ့ ဖိအားတွေလည်း တိုးလာနေပါတယ်။ စုံစမ်းမှုတွေကတော့ ပြုပြင်ပြောင်းလဲရေး လုပ်မယ်လို့ ကတိပေးထားတဲ့ အစိုးရအတွက်သာမက၊ စုံစမ်းစစ်ဆေးရေး ကော်မီတီကို ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက်ပါ စိမ်ခေါ်မှု ဖြစ်မယ်လို့ အကဲခတ်တွေက မြင်နေကြတာပါ။ လက်ပံတောင်းတောင် စီမံကိန်းကနေ နိုင်ငံရေးခေါင်းဆောင်တွေအပေါ် ရိုက်ခတ်လာနိုင်တဲ့ အလားအလာတွေကိုတော့ ဗွီအိုအေ သတင်းထောက် Daniel Schearf ရဲ့ သတင်းပေးပို့ချက်နဲ့အတူ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မီတီရဲ့ အစီရင်ခံစာတစောင် ဇန်နဝါရီလကုန်မှာ ထုတ်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပေမဲ့ ထွက်ပေါ် မလာနိုင်ပဲ ဖြစ်နေရတာပါ။ စစ်တပ်ပိုင် မြန်မာဦးပိုင် လီမိတက်နဲ့ တရုတ်နိုင်ငံက မြန်မာဝမ်ဘောင် ကုမ္ပဏီတို့ရဲ့ ပူးတွဲ စီမံကိန်းကြောင့် ဒေသခံတွေ လယ်မြေတွေ နစ်နာဆုံးရှုံးရသလို၊ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ရတယ်ဆိုပြီး ကန့်ကွက်မှုတွေ အကြီးအကျယ် ကြုံခဲ့ရတဲ့နောက် ၂ လအတွင်း အပြီး စုံစမ်းစစ်ဆေးဖို့ သမ္မတက ညွှန်ကြားထားတာ ဖြစ်ပါတယ်။ ဒေသခံတွေနဲ့ သံဃာတော်တွေ အပါအဝင် တက်ကြွလှုပ်ရှားသူတွေ စီမံကိန်း ရပ်ဆိုင်းရေး ကန့်ကွက် ဆန္ဒပြမှုတွေ လနဲ့ချီ ကြုံခဲ့ရပြီးတဲ့နောက် လုံခြုံရေး အာဏာပိုင်တွေက သွေးထွက်သံယို နှိမ်နင်းခဲ့တာပါ။

မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်ရဲ့ ဥပဒေရေးရာကော်မီတီက ဦးသိန်းသန်းဦး ကတော့ လုံခြုံရေး တပ်ဖွဲ့တွေက မီးလောင်ဗုံးတွေကို အသုံးပြုပြီး လိုအပ်တာထက်ပိုပြီး အင်အားသုံး နှိမ်နင်းခဲ့တဲ့ အထောက်အထားတွေကို တွေ့ရတဲ့အကြောင်းနဲ့ နောက်ပိုင်းမှာလည်း ဒီဒေသမှာ လုံခြုံရေးတွေကို တင်းကျပ်ထားလိုက်တဲ့အကြောင်း ပြောပါတယ်။

“လူတွေကို ဘာမှ မထိဖို့ မကိုင်ဖို့ သတိပေးခံခဲ့ရတယ်၊ ဒါဟာ ဦးပိုင်လီမိတက်ပိုင်ဖြစ်တယ်၊ ထိလို့မရဘူးဆိုပြီး ပြောတယ်။ နောက်တခုကတော့ လူတွေကို ချောက်ထားတာပါ။”

ရှေ့နေ ကွန်ယက် အနေနဲ့ကတော့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေသူတွေကို အပြင်းအထန် နှိမ်နင်းဖို့ ဘယ်သူက ညွှန်ကြားသလဲ ဆိုတာကို သိချင်တဲ့ အကြောင်းလည်း သူက ပြောပါတယ်။ သံဃာတော်တွေ အပါအဝင် ဆန္ဒပြသူတွေ ဒဏ်ရာတွေ အပြင်းအထန် ရခဲ့ကြတဲ့အထိ ဖြစ်ခဲ့ရပြီးတဲ့နောက်မှာတော့ သမ္မတက စီမံကိန်းနဲ့ ပတ်သက်လို့ရော နှိမ်နင်းမှု အတွက်ပါ ကော်မရှင်တရပ် ဖွဲ့စည်း စုံစမ်းဖို့ ညွှန်ကြားခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ စီမံကိန်း လုပ်ငန်းတွေကိုသာ စစ်ဆေးဖို့ ပြင်ဆင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်အကဲခတ် အဖွဲ့ဖြစ်တဲ့ Human Rights Watch ရဲ့ အာရှရေးရာ ကျွမ်းကျင်သူ David Mathieson ကတော့ စုံစမ်းစစ်ဆေးရေး အစီအစဉ်ဟာ မြန်မာနိုင်ငံမှာ အရပ်သား တဖြစ်လဲ အစိုးရအတွက်တော့ အသစ်အဆန်းတခု ဖြစ်နေတယ်လို့ ဆိုပါတယ်။

“ဆန္ဒပြပွဲတွေ၊ နှိမ်နင်းမှုတွေနဲ့ လက်ပံတောင်းတောင်နဲ့ ပတ်သက်တဲ့ တခြားကိစ္စတွေ၊ ကြေးနီထုတ်လုပ်ရေး စီမံကိန်း ကိစ္စတွေ ဒါတွေအားလုံးဟာ သူ့အတိုင်းအတာနဲ့သူ အရေးကြီးပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ အာဏာပိုင်တွေ အနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေ၊ မြေယာပိုင်ဆိုင်မှု ကိစ္စတွေမှာ ဘယ်လို ရင်ဆိုင် ကိုင်တွယ်မလဲ ဆိုတဲ့ စမ်းသပ်မှု တခုအဖြစ်နဲ့လည်း အင်မတန်မှ အရေးကြီးပါတယ်။”

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိုတော့ အရင်စစ်အစိုးရ လက်ထက်မှာ စတင်ခဲ့တာမို့ ပွင့်လင်းမြင်သာမှုတွေ အားနည်းခဲ့တာပါ။ အခုအခါ စုံစမ်းစစ်ဆေးရေး ကော်မီတီရဲ့ အကြီးအကဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒေသခံတွေရဲ့ အခွင့်အရေးကို အကာအကွယ် ပေးဖို့ လိုအပ်ကြောင်း အသိအမှတ်ပြု ပြောဆိုထားပေမဲ့၊ ပြည်ပလုပ်ငန်းတွေနဲ့ ချုပ်ဆိုထားတဲ့ ကတိကဝတ်တွေကို အိမ်ရှင်တိုင်းပြည် အနေနဲ့ လေးစားဖို့ လိုမယ်လို့လည်း ပြောဆိုထားတာပါ။ လူ့အခွင့်အရေး အဖွဲ့က သုတေသီ Mathieson ကတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာဟာ ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း စမ်းသပ်မှုတခု ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“အင်မတန် အရေးကြီးတဲ့ ကိစ္စတခုကို စုံစမ်းစစ်ဆေးတဲ့သူ တဦးအဖြစ်နဲ့ သာမကပါဘူး၊ သူနဲ့အတူ နိုင်ငံရေး အသွေးအရောင်စုံ အဖွဲ့ဝင်တွေလည်း ပါဝင်နေကြတာပါ။ ဒါကြောင့်လည်း ဒီလုပ်ငန်းစဉ်မှာ နိုင်ငံရေး ခေါင်းဆောင် တယောက် အဖြစ်နဲ့ ဘယ်လောက် ထိရောက်အောင် ဆောင်ရွက်နိုင်မလဲ ဆိုတာကိုလည်း တွေ့ရလိမ့်မယ် ထင်ပါတယ်။”

အကဲခတ် တချို့ကတော့ ဒေါ်အောင်ဆန်းစုကြည် ကို ကော်မီတီထဲ ထည့်သွင်းတာဟာ လူလက်ခံအောင် လုပ်တာသာ ဖြစ်တယ်လို့ မြင်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ပြောခွင့်ရသူ တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ကတော့ နောက်ဆုံး အစီရင်ခံစာ ထွက်ပေါ်လာတဲ့အခါ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အခန်းကဏ္ဍကို တွေ့ရမှာ ဖြစ်တယ်လို့ ပြောခဲ့တာပါ။

“ဘယ်လို ဖိအားတွေ ရှိမလဲ၊ လက်ပံတောင်း ဒေသခံတွေ အကျိုးခံစားရအောင် ဘာတွေ လုပ်နိုင်သလဲ ဆိုတာတွေကတော့ နောက်ဆုံး အစီရင်ခံစာ ထွက်ပေါ်လာတဲ့ အချိန်အထိ စောင့်ကြည့်ရမှာပါ။”

တချိန်တည်းမှာပဲ လက်ပံတောင်း ဒေသခံတွေနဲ့ တက်ကြွသူတွေကတော့ စီမံကိန်း အဆုံးသတ်ရေး ဆက်လက် ဆန္ဒပြခဲ့ကြသလို၊ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ကလည်း မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဒီသီတင်းပတ်တွင်း တွေ့ဆုံချိန်မှာ ဖိအားပေး ပြောဆိုတာတွေ ရှိခဲ့တာပါ။ တရုတ်သံရုံးရဲ့ ကြေညာချက်ထဲမှာတော့ မြန်မာနိုင်ငံ သတ္ထုတွင်း ဝန်ကြီးဌာန ဝန်ကြီးတွေနဲ့ တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံတွင်း တရုတ်နိုင်ငံက စီးပွားရေး လုပ်ငန်းတွေကို အကာအကွယ်ပေးဖို့နဲ့ ပြဿနာတွေ ရှိတယ်ဆိုရင်လည်း ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG