သုံးရလွယ်ကူစေသည့် Link များ

လက်ပံတန်း ဆန္ဒပြပွဲနှိမ်နင်းမှု ၇ လပြည့်


လက်ပံတန်းမြို့မှာ အမျိုးသားပညာရေးဥပဒေတောင်းဆိုသူ ကျောင်းသားကျောင်းသူများ အကြမ်းဖက်ဖြိုခွဲခံရစဉ်။ (ဓာတ်ပုံ-သူသူမာfb)

သာယာဝတီအကျဉ်းထောင်တွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သပိတ်မှောက် ကျောင်းသူ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွင်းခံရတဲ့ (၇) လပြည့်နေ့မှာ ဆရာ ဆရာမတွေနဲ့ ကျောင်းသူ ကျောင်းသားတွေက တောင်းဆိုလိုက်ပါတယ်။ လက်ပံတန်း အကြမ်းဖက်မှုအတွင်း ရဲလုံခြုံရေးတွေဘက်က အင်အားသုံး ရိုက်နှက်ဖမ်းဆီးခဲ့တဲ့အပေါ် ပြန်လည်တရားစွဲဆိုဖို့ ပြင်ဆင်နေကြတဲ့အကြောင်း အသေးစိတ်ကို ဆုမွန် စုံစမ်းတင်ပြပေးထားပါတယ်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ပေးဖို့ မန္တလေးကနေ ရန်ကုန်အထိ ခရီးရှည် ချီတက် ဆန္ဒပြခဲ့ကြတဲ့ သပိတ်မှောက် ကျောင်းသူ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို ပြီးခဲ့တဲ့ မတ်လ ၁ဝ ရက်နေ့က ပဲခူးတိုင်း လက်ပံတန်းမြို့ သပိတ်စခန်းမှာ ရဲလုံခြုံရေးတွေဘက်က အကြမ်းဖက် ဖမ်းဆီး ထိန်းသိမ်းခဲ့တာ ဒီနေ့ အောက်တိုဘာ ၁ဝရက်နေ့မှာ (၇) လ တင်းတင်းပြည့်သွားပြီဖြစ်ပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသူကျောင်းသား တွေကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဒီမိုကရေစီပညာရေး သပိတ် စစ်ကြောင်း ဦးဆောင်သူ ကျောင်းသူကျောင်းသားတွေက တောင်းဆိုတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကိုအောင်နေပိုင်က အခုလိုပြောပါတယ်။

“အဓိက-ကတော့ ကျနော်တို့ ကျောင်းသူကျောင်းသားတွေကို မတရား ဖမ်းဆီးထိန်းသိမ်းထားတဲ့အတွက် ကျနော်တို့ကျောင်းသားတွေကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ လိုပါတယ်။ နောက်တခုက ကျနော်တို့ကို ဘယ်လိုပဲ ဖိနှိပ်မှုတွေနဲ့ ကျောင်းသားတွေကို ထောင်ထဲမှာ မတရားဖမ်းဆီး ထိန်းသိမ်းခြင်းခံထားရပေမယ့် ကျနော်တို့နိုင်ငံရဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် ကျနော်တို့ကျောင်းသားတွေအနေနဲ့ ပြန်လည်ပြီးတော့ ဆက်လက် လှုပ်ရှားသွားမှာဖြစ်တယ်၊ ဆက်ပြီးတော့လည်း မတရားဖိနှိပ်ခံထားရတဲ့ ကျနော်တို့ကျောင်းသားတွေကို …..နဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ရဲ့တရားမျှတမှုအတွက် ဆက်ပြီး တိုက်ပွဲဝင်သွားမှာဖြစ်တယ်။ ကျနော်တို့အနေနဲ့ အကြမ်းဖက်မှုကို အလိုမရှိဘူး။ ဒါကြောင့်မို့လို့ မတရားတဲ့ကိစ္စမှန်သမျှကို ဒီနေ့အထိ (၇) လပြည့်အထိ ကျနော်တို့အနေနဲ့ ဆက်ပြီးတော့ ရင်ဆိုင်နေရဆဲဖြစ်တယ်။ ဒါကြောင့် ကျနော်တို့တောင်းဆိုတဲ့ ဒီမိုကရေစီပညာရေးအတွက် ဆက်ပြီးတော့ တောင်းဆို တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။”

ပညာရေးသပိတ်မှောက်ကျောင်းသူကျောင်းသားတွေနဲ့ဝန်းရံပြည်သူတွေကို ဖမ်းဆီးအရေးယူခြင်းမပြုပါဘူးလို့ လွှတ်တော်၊ အစိုးရနဲ့ ပညာရေးဝန်ကြီးဋ္ဌာန တာဝန်ရှိသူတွေ၊ နိုင်ငံလုံးဆိုင်ရာ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကွန်ရက် NNER က ပညာရှင်တွေ၊ ဒီမိုကရေစီပညာရေး ဦးဆောင် ကော်မတီက ကျောင်းသား ကိုယ်စားလှယ်တွေရဲ့ လေးပွင့်ဆိုင် သဘောတူညီချက်ရှိခဲ့ပါရက် အခုလို ထိန်းသိမ်းထားတာဟာ အစိုးရတာဝန်ရှိသူတွေရဲ့ ကတိဖောက်ဖျက်မှု သပ်သပ်သာဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။

ဒါကြောင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့ကိုလည်း ဆရာ၊ ဆရာမများ အဖွဲ့ချုပ်အနေနဲ့ တောင်းဆိုတယ်လို့ မြန်မာနိုင်ငံ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးသုတကပြောပါတယ်။

“ကျနော်တို့လေးပွင့်ဆိုင် သဘောတူညီချက်ကို အစိုးရကနေ မလိုက်နာတာဗျ။ ဒါ အစိုးရရဲ့လေးပွင့်ဆိုင် သဘောတူညီချက်ကို အစိုးရကိုယ်တိုင် ချိုးဖောက်တာပေါ့နော်။ အဲဒီတော့ အခု ကျောင်းသားတွေကို ဒီလို ဆက်ဖမ်းထားတာ လူ့အခွင့်အရေး ချိုးဖောက်တာပါ။ ပြီးတော့ ကျောင်းသားတွေရဲ့ ပညာသင်ကြားခွင့်ကိုလည်း ဆက်လက်ပြီးတော့ ပိတ်ပင်တဲ့သဘောပဲ။ ကျနော်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ်အနေနဲ့ လုံးဝ လက်ခံနိုင်ခြင်း မရှိပါဘူး။ အဲဒါကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ အခု ကျောင်းသားတွေက အစိုးရကို ပုန်ကန်တာလည်းမဟုတ်ဘူး၊ ထောင်ထား ခြားနားတာလည်းမဟုတ်ဘူး။ အာဏာလုတာလည်းမဟုတ်ဘူး။ ဒီ အမျိုးသားပညာရေးဥပဒေကို တောင်းတာကိုတောင်မှ တရားရေးစီရင်ရေးက ဒါလောက်ကြီး မျှတမှုမရှိဘူးဆိုရင် ကျန်တဲ့နေရာတွေမှာ ဘယ်လိုမှ မမျှတနိုင်ပါဘူးခင်ဗျ။”

လက်ပံတန်းအကြမ်းဖက်ဖြိုခွင်းခံရမှု (၇) လပြည့် အထိမ်းအမှတ်အဖြစ် လည်း အခြေခံပညာ ကျောင်းသားများသမဂ္ဂ အကသ ကျောင်းသားတွေက ရန်ကုန်မြို့မှာ ဒီကနေ့ ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ ထိန်းသိမ်းခံကျောင်းသူကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေ၊ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ကို တောင်းဆိုပါတယ်လို့ အကြမ်းဖက်မှုအတွင်း ရဲလုံခြုံရေးတွေ ဘက်က အင်အားသုံးပြီး အကြမ်းဖက် အရိုက်နှက်အဖမ်းဆီးခံခဲ့ရတဲ့ အကသကျောင်းသားအဖွဲ့က ကိုအောင်မင်းခိုင် က ပြောပါတယ်။

“ကျနော်တို့အနေနဲ့တောင်းဆိုတာက နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ဖို့နဲ့ ဒီမိုကရေစီပညာရေးတောင်းဆိုတဲ့ ကျောင်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့။”

ဒီမိုကရေစီပညာရေးပင်မသပိတ်စစ်ကြောင်း လက်ပံတန်းမြို့မှာ အကြမ်းဖက်ဖြိုခွင်းခံရတဲ့ (၇) လပြည့်အထိမ်းအမှတ်အဖြစ် တရားမျှတမှုဆိုင်ရာ ဆွေးနွေး ပွဲနဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း ရန်ကုန်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ထိန်းသိမ်းခံ ကျောင်းသူကျောင်းသားတွေရဲ့ မိဘတွေ၊ ဥပဒေ အကျိုးဆောင်ရှေ့နေတွေ၊ NNER မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲမှု ကွန်ရက်က ပညာရှင်တွေ၊ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ ဒီိမိုကရေစီ အင်အားစုတွေနဲ့အတူ Fortify Rights နဲ့ IHRC, Justice Trust စတဲ့ အဖွဲ့တွေက နိုင်ငံတကာ ဥပဒေပညာရှင်တွေဘက်က လက်ပံတန်းအကြမ်းဖက်မှုမှာ ရဲတွေဘက်က အလွန်အကျွံ အင်အားသုံး ဖြိုခွင်းခံခဲ့ရတယ်ဆိုတာကို ဥပဒေကြောင်းအရ သတင်းမှတ်တမ်းတွေနဲ့ သုံးသပ်ဆွေးနွေးခဲ့ကြတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG