သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပန်းတောင်း အကြမ်းဖက် ဖြေရှင်းမှု အမြန်စုံစမ်းစစ်ဆေးဖို့ အမေရိကန် တောင်းဆို


လက်ပန်းတောင်း ကြေးနီစီမံကိန်း ရဲနဲ့ဒေသခံတွေရဲ့ ထိပ်တိုက်ရင်ဆိုင်မှု (ဒီဇင်ဘာ ၂၂၊ ၂၀၁၄)
လက်ပန်းတောင်း ကြေးနီစီမံကိန်း ရဲနဲ့ဒေသခံတွေရဲ့ ထိပ်တိုက်ရင်ဆိုင်မှု (ဒီဇင်ဘာ ၂၂၊ ၂၀၁၄)

တနင်္လာနေ့က လက်ပန်းတောင်းတောင် ပစ်ခတ်မှုမှာ မြန်မာရဲတပ်ဖွဲရဲ့ နှိမ်နှင်းပုံဟာ ဥပဒေနဲ့မညီတဲ့အပြင် ဒေသခံအမျိုးသမီးတဦး သေဆုံးခဲ့တာကြောင့် အခြေအနေတွေကို စိုးရိမ်မိကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနကပြောဆိုလိုက်ပါတယ်။ အခုလို လက်ပန်းတောင်း မြေယာကိစ္စနဲ့ပတ်သက်လို့ နှစ်နဲ့ချီကြာမြင့်လာတဲ့ ပြဿနာကို မြန်မာအစိုးရတာဝန်ယူဖြေရှင်းမပေးတာကိုလည်း ဟောင်ကောင်အခြေစိုက် AHRC အာရှလူ့အခွင့်အရေးကော်မရှင်က ဝေဖန်လိုက်ပါတယ်။

အကြောင်းစုံကိုမအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

မုံရွာမြို့အနောက်ဖက်ကမ်း လက်ပန်းတောင်းကြေးနီစီမံကိန်းဒေသမှာ ဒေသခံ ဆန္ဒပြသူတွေကိုနှိမ်နင်းရာမှာ သေဆုံး၊ ဒဏ်ရာရခဲ့တာတွေနဲ့ပတ်သက်လို့အမေရိကန်ပြည်ထောင်စုအနေနဲ့ စိုးရိမ်မကင်းဖြစ်တဲ့အကြောင်းနဲ့ အဓိကရုဏ်းနှိမ်းနင်းမှုနဲ့ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ စုံစမ်းစစ်ဆေးဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက တနင်္လာနေ့က တောင်းဆိုလိုက်ပါတယ်။

“လက်ပန်းတောင်သတ္တုတွင်းဆန္ဒပြမှုတွေအတွင်း သေဆုံးဒဏ်ရာရှိတဲ့သတင်းတွေနဲ့ပတ်သက်လို့ ကျမတို့အလွန်ပဲ စိုးရိမ်မကင်းဖြစ်မိပါတယ်။ ပါဝင်ပတ်သက်နေတဲ့ အုပ်စုအားလုံးတို့အနေနဲ့ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြဖို့ ကျမတို့တိုက်တွန်းပါတယ်။ ဒီအခင်းဖြစ်ရပ်တွေနဲ့ပတ်သက်လို့ ထင်သာမြင်သာရှိတဲ့စုံစမ်းစစ်ဆေးမှုတရပ်ကို အလျင်အမြန်လုပ်ဆောင်ပေးဖို့ ကျမတို့တိုက်တွန်းပါတယ်။ အခြေအနေကို ကျမတို့ ဆက်လက်စောင့်ကြည့်သွားမှာလည်း ဖြစ်ပါတယ်။”

လက်ပန်းတောင်းတောင်မှာ ဝမ်ပေါင်နဲ့ ဦးပိုင်ကုမ္ပဏီတွေဆီက လျော်ကြေးမယူထားတဲ့မြေတွေမှာ မနေ့ကစပြီး ကုမ္ပဏီတွေနဲ့အာဏာပိုင်တွေက အတင်းအကြပ်ခြံစည်းရိုးခတ်ခဲ့တာပါ။ ဒါကြောင့် လျော်ကြေးလက်မခံတဲ့ တောင်သူတွေနဲ့ တင်းမာမှုတွေဖြစ်ခဲ့ပြီး ရဲတွေဘက်က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ခေါင်းမှာကျည်ဆံထိမှန်ခဲ့တဲ့ တောင်သူဒေါ်ခင်ဝင်းသေဆုံးခဲ့သလို လူ(၄၀) ကျော် အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်သက်ဖြစ်တဲ့ မိုးကြိုးပြင်ရွာသားတစ်ဦးကဗွီအိုအေကိုပြောပါတယ်။

“ဒဏ်ရာရတဲ့သူက အယောက် ၄၀ ကျော်တယ်၊ အပြင်းအထန် ဒဏ်ရာရတဲ့သူတွေကို ဆေးရုံပို့နေတယ်။ ပြင်းပြင်းထန်ထန်ဒဏ်ရာရတာက ၆ ယောက်၊ ၇ ယောက်လောက် ရှိတယ်။ ဒေါ်ခင်ဝင်းကတော့ သေနတ်မှန်ပြီးတော့ သေဆုံးသွားပြီပေါ့။”

အခုလို မြန်မာရဲတပ်ဖွဲ့ရဲ့ နှိမ်နှင်းပုံဟာ တရားဥပဒေဘောင်ကိုကျော်လွန်ပြီးလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ AHRC ရဲ့ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ဦးမင်းလွင်ဦးကဗွီအိုအေကိုပြောပါတယ်။

“ဒီလိုမျိုးအဓိကရုန်းတွေဖြစ်တော့မယ်ဆိုရင် ပထမဦးဆုံးရဲက သတိပေးဖို့လိုအပ်ပါတယ်။ နောက်ပြီးတော့ စည်းသုံးစည်းသတ်မှတ်ပြီးတော့ ပထမစည်းကျော်လာရင်ဘယ်လိုဖြစ်မယ်၊ ဒုတိယစည်းကျော်လာရင် ခြောက်လှန့်ပစ်ခတ်မယ်၊ တတိယစည်းကျော်လာရင် ရိုက်နှက်ဖမ်းဆီးမယ်ဆိုတဲ့ အဆင့်လိုက်တားမြစ်ထားတယ်။ အခုတော့ အဲလိုမျိုးမဟုတ်ပဲနဲ့ သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးတဲ့ကိစ္စရပ်ထိ ရောက်လာတယ်ဆိုတာကတော့ ဥပဒေကို အလွန်အကျွန်ချိုးဖောက်တဲ့ကိစ္စရပ်လို့ကျနော်တို့မြင်ပါတယ်။”

လက်ပန်တောင်းတောင် ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်ရာမှာ ဝမ်ပေါင်ကုမ္ပဏီရဲ့ တရုတ်ဝန်ထမ်းတွေကနေ ကျည်ကာအကျီတွေဝတ်၊ ဒိုင်တွေကိုင် ပေါက်ဆိန်၊ ရဲဒင်း၊ မောင်းခလုတ်ဓါးစတာတွေကိုင်ဆောင်ပြီး ဒေသခံတွေကို ပြန်ပြီးထိပ်တိုက်တွေ့ခဲ့တယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေမှာ မူဘောင်လုပ်ပိုင်ခွင့်နဲ့ပတ်သက်လို့ မြန်မာအစိုးရကို မေးခွန်းထုတ်စရာဖြစ်လာတယ်လို့ ဦးမင်းလွင်ဦးကပြောပါတယ်။

"မိမိစက်ရုံကိုမိမိ ကာကွယ်ဖို့အတွက် လုပ်ဆောင်တယ်ဆိုလို့ရှိရင် ကျနော်တို့က ဘာမှ မပြောလိုဘူး။ အခု ဖြစ်တဲ့နေရာက စက်ရုံရဲ့နယ်နမိတ်ထဲမှာ မဟုတ်ဘူး။ ပြင်ပ တောင်သူတွေပိုင်တဲ့လယ်ယာမြေကို အတင်းအဓမ္မလာပြီး ခြံခတ် စည်းရိုးကာတဲ့ကိစ္စဖြစ်တယ်။ အဲဒီတော့ကာ ကျနော်တို့ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာက ဘယ်သူပိုင်သလဲဆိုတာကို ကျနော်တို့က မေးရမယ့်အခြေအနေမျိုးဖြစ်နေပြီ။"

လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတဲ့ ဦးပိုင်နဲ့ ဝမ်ပေါင်ကုမ္ပဏီတွေနဲ့ ဒေသခံတောင်သူတွေကြား ပဋိပက္ခဖြစ်လာတာဟာ နှစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ ဒေသခံတွေရဲ့ဆန္ဒနဲ့အညီဆောင်ရွက်ပေးဖို့ AHRC အနေနဲ့တိုက်တွန်းကြောင်း ဦးမင်းလွင်ဦးကပြောပါတယ်။

"ဒေသခံပြည်သူလူထုရဲ့ သဘောတူညီမှု မရဘဲနဲ့ ဒီကိစ္စတွေ ဆက်လက်လုပ်ဆောင်နေမယ်ဆိုလို့ရှိရင် ဒီပြဿနာဟာ နောင်အစိုးရတက်လာတဲ့အချိန်အထိလည်း ပြီးမှာမဟုတ်ဘူးဆိုတာကိုလည်း ကျနော်တို့အနေနဲ့ ပြောချင်တယ်။ ဒါကြောင့် ဒေသခံပြည်သူလူထုနဲ့ ဒေသခံ တောင်သူလယ်သမားတွေရဲ့ဆန္ဒကို အဓိကဦးစားပေးပြီးတော့ ညှိနှိုင်းလုပ်ဆောင်မှုတွေ အမြန်ဆုံး ဆောင်ရွက်ပေးမယ်လို့ ကျနော်တို့အာရှလူ့အခွင့်အရေး ကော်မရှင်အနေနဲ့ တောင်းဆိုချင်ပါတယ်။"

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ လိမိတက်နဲ့ တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီတို့ ဖက်စပ်ဆောင်ရွက်နေတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ဖို့ ၂၀၀၁၂ခုနှစ် အောက်တိုဘာလမှာ ဒေသခံသံဃာတော်တွေနဲ့ ပြည်သူတွေဆန္ဒပြခဲ့ချိန်က ဖော့စ်ဖရပ်ပါတဲ့ မီးလောင်ဗုံးတွေနဲ့ အင်အားသုံး ဖြိုခွဲခဲ့တာပါ။ ဒီလိုအကြမ်းဖက်ဖြိုခွဲမှုကြောင့်
ဦးဆောင် သံဃာတော်တွေနဲ့ ပြည်သူအချို့ ဒဏ်ရာအပြင်းအထန်ရခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ဒီကြေးနီစီမံကိန်းနဲ့ပတ်သက်လို့ ကိုင်တွယ်ဖြေရှင်းဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ခဲ့ ပြီး အစီရင်ခံစာကို အကောင်အထည်ဖော်ဖို့ လုပ်ငန်း ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။

XS
SM
MD
LG