သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပန်းတောင်းမှာ ရဲပစ်ခတ် ၂ ဦးဒဏ်ရာရ


စစ်ကိုင်းတိုင်း၊ ယင်းမာပင် ကြေးနီစီမံကိန်းမြေနေရာတင်းမာမှုအခြေအနေ (ဒီဇင်ဘာ ၁၃၊ ၂၀၁၄)
စစ်ကိုင်းတိုင်း၊ ယင်းမာပင် ကြေးနီစီမံကိန်းမြေနေရာတင်းမာမှုအခြေအနေ (ဒီဇင်ဘာ ၁၃၊ ၂၀၁၄)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်မှာ တည်ဆောက်နေတဲ့ ကြေးနီစီမံကိန်းကြောင့် ရာနဲ့ချီတဲ့ဒေသခံတွေနဲ့ ရာချီရှိတဲ့ရဲအင်အားတွေကြား အခြေအနေ တင်းမာနေပြီး သေနတ်နဲ့ပစ်ခတ်တဲ့အထိ ဖြစ်ခဲ့ရာမှာ ရွာသားနှစ်ဦး သေနတ်ဒဏ်ရာ ရသွားခဲ့ပါတယ်။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်း အခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဟာ ဒေသခံတွေရဲ့ မြေယာတွေကို တန်ရာတန်ကြေး နစ်နာကြေးမပေးသလို လယ်မြေဧက ထောင်နဲ့ချီသိမ်းယူ၊ ရွာတွေကို ဖယ်ရှားပြီး သာသနိက အဆောက်အဦးတွေကို ဖြိုဖျက်နေတဲ့ စီမံကိန်းဖြစ်တဲ့အတွက်ဆိုပြီး နှစ်နှစ်ကျော် ကြာတဲ့အထိ ဒေသခံတွေရဲ့ ကန့်ကွက်မှုကို ရင်ဆိုင်နေရပါတယ်။ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာတော့ လိပ်ခွံတောင်ဘေးက ဒေသခံပိုင်မြေတွေကို စီမံကိန်းအတွက် ခြံစည်းရိုးခတ်ခဲ့တာကြောင့် အခြေအနေတင်းမာလာပြီး ပစ်ခတ်မှုတွေ ရှိလာတဲ့အတွက် ရွာသားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

“ကိုဇော်ထွန်းနဲ့ ကိုပေါဌေး။ ကိုဇော်ထွန်းကတော့ ညာဘက်လက်မောင်းထိတယ်။ ကိုပေါဌေးကတော့ ပေါင်ထိတယ်။ လက်ရှိအနေအထားကတော့ သေနတ်နဲ့ထိထားတဲ့သူတွေလည်း လာပြီးတော့ ပြေလည်အောင်ပေါ့ဗျာ- ဖြေရှင်းသွားစေဖို့၊ ဘယ်သူ့ပစ်မိန့်ရလို့ ပစ်တာလဲ၊ အဲဒီဟာကို ထပ်ပြီးတော့မှ တောင်းဆိုတယ်၊ တောင်းဆိုတော့မှ ခရိုင်ရဲမှူး လာပြီးတော့မှ ဖြေရှင်းပေးပါမယ်လို့တော့ ပြောတာပဲ။ အခုထိတော့ မလာသေးဘူး၊ ဒေသခံတွေ လိပ်ခွံတောင်မှာ စောင့်နေတယ်။ သူတို့က လိပ်ခွံတောင်ပေါ်တက်ပြီးတော့မှ - မိန်းမတွေ-တွေကတော့ ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ပေးပေါ့ဗျာ။ ဒါကို ထပ်ပြီးတော့ ဆောင်ရွက်တယ်ပေါ့ဗျာ။ လိပ်ခွံတောင်ပေါ်တက်ကုန်ပြီခင်ဗျ။ ကင်းတဲပေါ်အထိတော့ မိန်းမတွေ တွေ တက်တယ်။ လောလောဆယ်တော့ လာပြီးတော့ ဖြေရှင်းဆောင်ရွက်ပေးမှု မရှိသေးဘူး။ တွေ့တော့ တွေ့နေတာပဲ။ … ကျနော်တို့နဲ့ကွယ်ပြီး နေရာယူထားတာတွေတော့ ရှိတယ်၊ လောလောဆယ်တော့ လာပြီးတော့ ဆောင်ရွက်ပေးမှု မရှိသေးဘူး။ဒဏ်ရာရတဲ့သူတွေကတော့ ကျနော်တို့ ရွာပြန်ပို့ထားတယ်ခင်ဗျ။ ဆေးကုသမှုကတော့ မလုပ်ရသေးဘူး၊ လူတွေကလည်း အကုန်လုံး ဒီရောက်နေကြတာဆိုတော့။”

သေနတ်နဲ့ပတ်ခတ်တဲ့အထိ ဖြစ်ခဲ့ရတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ အစိုးရပိုင်း တာဝန်ရှိသူတွေနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေကို ဆက်သွယ် မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီ စီမံကိန်းကို အစိုးရနဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလိမိတက်၊ တရုပ်ကုမ္ပဏီဖြစ်တဲ့ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီတို့က စီမံကိန်းကို အကောင်အထည် ဖော်နေတာပါ။ ဒေသခံတွေ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ မြေနေရာတွေ ဖြစ်နေတာကြောင့် စီမံကိန်းကို ဖျက်သိမ်းဖို့ ဒေသခံတွေက အကြိမ်ကြိမ် ကန့်ကွက်နေကြပါတယ်။ ကန့်ကွက်မှုတိုင်းမှာ ရဲအင်အားတွေနဲ့သာ ထိပ်တိုက် ဖြေရှင်းနေတဲ့အတွက် ဒေသခံတွေနဲ့ အာဏာပိုင်တွေကြား တင်းမာမှုတွေက ပြေလည်အောင် ညှိနှိုင်းလို့ ရတဲ့အခြေအနေ မဖြစ်ခဲ့ဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။

“ဧက ၂၀၀ ကျော်၊ ၃၉ ဦး ခတ်ထားတာရှိတယ်ခင်ဗျ။ အဲဒီ ကိစ္စတွေ ပြေလည်အောင် ဖြေရှင်းဆောင်ရွက်မပေးသေးဘဲနဲ့ ထပ်ပြီး တိုးချဲ့ပြီး သူတို့ ခတ်ဖို့လုပ်တာ။ လိပ်ခွံတောင်ခြေဘေးပါ။ ရဲအင်အား ၃၀၀ ကျော်လောက်ရှိတယ်ခင်ဗျ။ သူတို့ကားတွေနဲ့လာတယ်။ လမ်းလျှောက်လာတဲ့အဖွဲ့တွေလည်း လာတယ်။ ကျနော်တို့ကတော့ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအရ လုပ်ကိုင် ဆောင်ရွက်ပေးခြင်း မရှိသေးတဲ့အတွက် ကျနော်တို့က တောင်းဆိုတယ်။ တောင်းဆိုတဲ့ဟာကို ဖြေရှင်းဆောင်ရွက်မပေးဘဲနဲ့ ဒေသခံတွေကို ဘတ်ဂွနဲ့ စပစ်တယ်၊ အဲဒီကမှ စပြီး ဒေသခံတွေကလည်း စပြီး ပြန်ပစ်တယ်ပေါ့။ ကျနော်တို့ဘက်ကလည်း ဘတ်ဂွနဲ့ပစ်တာပါ။ သူတို့ဘက်က ဘတ်ဂွနဲ့လည်းပစ်တယ်၊ သေနတ်နဲ့လည်းပစ်တယ်။ ကျနော်တို့ဘက်က ဘတ်ဂွနဲ့ပြန်ပစ်တယ်။”

ဒီစီမံကိန်းနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးခဲ့ပေမယ့် အစီရင်ခံစာအတိုင်း လိုက်နာဆောင်ရွက်မှု မရှိဘူးလို့လည်း ကော်မရှင် အဖွဲ့ဝင်တွေဘက်က ဆိုပါတယ်။ ဒါပေမယ့်လည်း ဒီလို လိုက်နာမှု မရှိတာတွေနဲ့ပတ်သက်လို့ အရေးယူ ဆောင်ရွက်တာမျိုးတွေ၊ ဖိအားပေး ပြောဆို တာမျိုးတွေ၊ ဒေသခံတွေနဲ့ နားလည်မှုရတဲ့အထိ ဖြေရှင်းတာမျိုးတွေကတော့ မရှိသလောက် အားနည်းခဲ့ပါတယ်။ ကုမ္ပဏီတွေဘက်ကလည်း စီမံကိန်းကို ပုံမှန် ဆက်လက် အကောင်အထည်ဖော်နေပြီး ဒေသခံ နစ်နာသူတွေဘက်က တိတိကျကျ လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တာဝန်ရှိသူတွေကိုလည်း မတွေ့ရပါဘူး။

စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့အစီရင်ခံစာကို အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ကော်မတီနဲ့ ကော်မရှင်ကြားမှာလည်း ဒေသခံတွေရဲ့ ပြဿနာကိုဖြေရှင်းမယ့် နည်းလမ်းရှာတာမျိုးတွေလည်း အားနည်းနေတဲ့အကြောင်း ဒေသခံတွေက ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က ဒီစီမံကိန်းဖျက်သိမ်းရေး ကန့်ကွက်ခဲ့တဲ့အတွက်လည်း ကန့်ကွက်သပိတ်မှောက် သံဃာတော်တော်တွေကို အစိုးရက မီးလောင်ဗုံးနဲ့ ဖြိုခွဲခဲ့သလို ဒီလို အကြမ်းဖက်မှုတွေ ဆောင်ရွက်မှုနဲ့ပတ်သက်လို့ အရေးယူ ဆောင်ရွက်တာမျိုးတွေ မရှိတဲ့အတွက် ဒေသခံနဲ့ အာဏာပိုင်တွေကြား မကြာခန ပစ်ခတ်မှုတွေနဲ့ တင်းမာမှုတွေလည်း ဆက်ဖြစ်နေပါတယ်ရှင်။

XS
SM
MD
LG