သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပန်းတောင်းပစ်ခတ်မှု တောင်သူတဦးသေဆုံး


လက်ပန်းတောင်း၊ ကြေးနီစီမံကိန်း မြေယာခြံခတ်မှုအတွင်း လူသေဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့မှု မြင်ကွင်း၊ (ဒီဇင်ဘာ ၂၂၊ ၂၀၁၄) ဓာတ်ပုံ ဟန်ဝင်းအောင်။
လက်ပန်းတောင်း၊ ကြေးနီစီမံကိန်း မြေယာခြံခတ်မှုအတွင်း လူသေဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့မှု မြင်ကွင်း၊ (ဒီဇင်ဘာ ၂၂၊ ၂၀၁၄) ဓာတ်ပုံ ဟန်ဝင်းအောင်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအတွက် လျော်ကြေးယူမထားတဲ့မြေတွေကို ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေနဲ့ ရဲတွေက အတင်းအကြပ် ခြံခတ်သိမ်းယူထားရာကနေ ဒေသခံနဲ့အာဏာပိုင်တွေကြား တင်းမာပြီး သေနတ်နဲ့ပစ်ခတ်တဲ့အတွက် တစ်ဦးသေဆုံးပြီး အပြင်းအထန် ဒဏ်ရာရသူတွေလည်း ရှိပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအတွက်သိမ်းယူထားတဲ့ မြေတွေမှာ လျော်ကြေးမယူတဲ့ ဒေသခံတွေရဲ့မြေတွေကို ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးအတင်းအကြပ်ခတ်ရာကနေ အခြေအနေတင်းမာလာခဲ့ပြီး မိုးကြိုးပြင်ရွာက တောင်သူ တစ်ဦး သေနတ်ထိမှန်သေဆုံးတာအပြင် ဒဏ်ရာရသူများကြောင်း မိုးကြိုးပြင်ရွာသားတစ်ဦးက ပြောပါတယ်။

“ဒဏ်ရာရတဲ့သူက အယောက် ၄၀ ကျော်တယ်၊ အပြင်းအထန် ဒဏ်ရာရတဲ့သူတွေကို ဆေးရုံပို့နေတယ်။ ပြင်းပြင်းထန်ထန်ဒဏ်ရာရတာက ၆ ယောက်၊ ၇ ယောက်လောက် ရှိတယ်။ ဒေါ်ခင်ဝင်းကတော့ သေနတ်မှန်ပြီးတော့ သေဆုံးသွားပြီပေါ့။ ….မျက်နှာတွေ မှန်ထားတဲ့လူတွေလည်း ရှိတယ်။ ကြီးကြီးမားမား ဒဏ်ရာရတဲ့သူတွေကတော့ ဆေးရုံကို ခေါ်သွားပြီ။ မိုးကြိုးပြင်တောင်ရွာသား ဦးမိုင်း၊ မိုးကြိုးပြင်တောင်ရွာသား ကိုသံလုံး၊ ကိုကျော်မြင့်သိန်း၊ ပြီးတော့ ဒေါ်မိကြူ၊ သူတို့တွေကတော့ အပြင်းအထန် ဒဏ်ရာရထားတာ။ ဦးမိုင်းနဲ့ ကိုကျော်မြင့်သိန်းကတော့ တော်တော်ကြီးကို ကြီးမားတဲ့အတွက် ဆေးရုံကို ပို့နေရတယ်။ သွေးလွန်ပြီးတော့ သတိတွေလစ်နေတယ်။”

ဒေသခံ ဇီးတော်ရွာ စန်းမြဝတီကျောင်းတိုက် ဆရာတော် ဦးအာလောက-က ရဲတွေအပြင် ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေပါ ပါဝင်တဲ့အကြောင်း ပြောပါတယ်။

“တရုတ်အစစ်တွေပေါ့ဗျာ၊ အဖွဲ့တိုင်းအဖွဲ့တိုင်းမှာ အနည်းဆုံး --မျိုးဆိုရင် ၂၀၀ အထိ ပါမယ်ဗျ။ ဆည်တဲနဲ့ တုံကြားမှာဆိုရင် အနည်းဆုံး ၅၀ လောက်အထိ ရှိမယ်။ မိုးကြိုးပြင်ဘက်မှာလည်း အများကြီးပဲ။ တရုတ်တွေကိုယ်တိုင်ပဲ သူတို့ပါဝင်ပြီးတော့ လာတာတွေ၊ လုပ်ကိုင်ဆောင်ရွက်လာတာတွေ တွေ့ရတယ်ဗျ။ သူတို့လက်ထဲမှာတော့ဗျာ - ပေါက်ဆိန်ပေါ့၊ ရဲဒင်းခေါ်တာပေါ့-အဲဒါမျိုးတွေနဲ့ လူထုကို လိုက်ပြီးခုတ်တဲ့ဟန်မျိုးတွေ၊ လိုက်ပြီးယမ်းတာမျိုးတွေ လုပ်လာတယ်ဗျ။ တရုတ်တွေကိုယ်တိုင်ကိုက၊ ခလုတ်ဒါးတွေလည်း ပါတယ်ပေါ့နော်။”

မနက်ပိုင်းကစပြီး အခြေအနေ တင်းမာလာခဲ့တာမှာ ရာနဲ့ချီတဲ့ ရဲတပ်ဖွဲဝင်တွ၊ ဝမ်ပေါင်ကုမ္ပဏီကလည်း ရာနဲ့ချီတဲ့လုံခြုံရေးဝန်ထမ်းတွေက ဒိုင်းတွေအကာအကွယ်ယူပြီး တောင်သူတွေရဲ့လယ်ယာမြေတွေကို စီးနင်းခဲ့သလို တောင်သူတွေကလည်း မြေတူးစက်ကြီးတွေရှေ့မှာ အိပ်လှဲပြီး သူတို့မြေတွေကို မသိမ်းဖို့ ကန့်ကွက်ခဲ့ကြပါတယ်။ နေ့လည်ပိုင်းမှာတော့ သေနတ်နဲ့ပစ်ခတ်တာရှိခဲ့ပြီး တစ်ဦး ပွဲချင်းပြီးသေဆုံး၊ တစ်ဦးကတော့ ခြေထောက်မှာ ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။ ဒီလို ပစ်ခတ်မှုအခြေအနေနဲ့ပတ်သက်လို့ ယင်းမာပင်ခရိုင် ရဲစခန်းကို မေးကြည့်တဲ့အခါ တာဝန်ကျရဲအရာရှိတစ်ဦးက ပစ်ခတ်မှုမရှိကြောင်း ငြင်းပါတယ်။

မေး။ ။ လက်ပန်းတောင်းတောင်သူတွေကို ပစ်ခတ်လို့ တစ်ဦးသေသွားတယ်ဆိုတာ ဟုတ်ပါသလားရှင့်။

ဖြေ။ ။ ဘာမှ ကျနော်တို့ သတင်းမကြားသိရပါဘူးခင်ဗျ။

မေး။ ။ ပစ်ခတ်မှုတွေရော ရှိလားရှင်။

ဖြေ။ ။ ပစ်ခတ်မှုလည်း မရှိပါဘူးခင်ဗျ။ ဘာမှ..

လက်ပန်းတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်၊ အဲဒီဒေသရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါ်ခင်စန်းလှိုင်ကတော့ လက်ရှိ ပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ ဘယ်သူ့မှာတာဝန်ရှိသလဲဆိုတာကို မေးခွန်းထုတ်ခဲ့ပါတယ်။

“အခုလိုပစ်ခတ်နေတဲ့ကိစ္စတွေက ဝမ်ပေါင်ကုမ္ပဏီက ပစ်ခတ်တာလား၊ ဒါမှမဟုတ်ရင် အခု ဝမ်ပေါင်ကုမ္ပဏီကို အကာအကွယ်ပေးနေတဲ့ ရဲတပ်ဖွဲ့ကနေပြီးတော့ပဲ ဝင်ပြီးတော့ ပစ်ခတ်တာလားဆိုတာကို အခုအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရသေးဘူး၊ တိုင်းဒေသကြီးမှာရှိတဲ့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်များကို ကျမ ဖုန်းနဲ့ဆက်သွယ်ပြီးတော့ မေးမြန်းတယ်၊ သို့သော် ကျမရဲ့ဖုန်းကို ဘယ်သူမှ မကိုင်ဘူး၊ အခုအချိန်အထိလည်း ကျမကို ဖြေရှင်းတာမရှိဘူး။ ဘယ်သူက တာဝန်ယူမှာလဲ။ ဘယ်သူက တာဝန်ခံမှာလဲဆိုတာလည်း ကျမတို့လည်း ဒါကိုသိချင်တယ်။ နိုင်ငံတော်ကနေပြီးတော့မှ ရဲတပ်ဖွဲ့အနေနဲ့ ကုမ္ပဏီဘက်ကနေ အကာအကွယ်ပေးပြီးတော့ ဒေသခံတွေကို အခုလို ပစ်ခတ်တာမျိုးတွေ မကြာခနဖြစ်နေတာကလည်း ကျမတို့တတတိုင်းပြည်အတွက် အင်မတန်မှ မကောင်းတဲ့အခြေအနေတရပ်လို့ပဲ မြင်တယ်ရှင့်။”

မြန်မာ-ဝမ်ပေါင်ကုမ္ပဏီကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ ဒီနေ့မှာပဲ ဝမ်ပေါင်ကုမ္ပဏီက သတင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံဟာ ဒီစီမံကိန်းကြောင့် တနှစ်ကို စီးပွားရေးဆိုင်ရာ အကျိုးအမြတ် အမေရိကန်ဒေါ်လာသန်းပေါင်း ၁၄၀ နဲ့ ပစ္စည်းဝယ်ယူမှုကနေ ဒေါ်လာသန်း ၁၅၀ လောက်ရမယ်လို့ ခန့်မှန်းကြောင်း၊ အဲဒီအထဲက အသားတင်အကျိုးအမြတ်ထဲက ဒေသခံလူထုအတွက် ၂ % သုံးစွဲမှာဖြစ်ကြောင်း၊ ဒေသခံအများစုက လျော်ကြေးယူထားပြီးဖြစ်ကြောင်းနဲ့ ကြေးနီစီမံကိန်းအတွက် ဒေသခံအများစုက ထောက်ခံတယ်လို့ ရေးသားထားပါတယ်။ ဒီနေ့ ပစ်ခတ်မှုတွေနဲ့ပတ်သက်လို့တော့ သတင်းထုတ်ပြန်ချက်မှာ မပါဝင်ခဲ့ပါဘူး။

လက်ပန်းတောင်းတောင် ဒေသရဲ့ ပစ်ခတ်မှုတွေဟာ အခုမှ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နှစ်နှစ်ခန့်ကလည်း ကြေးနီစီမံကိန်းကို ကန့်ကွက် သပိတ်မှောက်ခဲ့တဲ့သံဃာအများစုပါတဲ့ အင်အား ၁၀၀ ကျော်ကို မီးလောင်ဗုံးနဲ့ဖြိုခွဲပြီးနောက်ပိုင်းမှာ မကြာခနဆိုသလို တင်းမာမှုတွေရှိနေပြီး ဒေသခံတွေနဲ့ ကုမ္ပဏီတို့ ထိပ်တိုက်တွေ့တိုင်းလည်း အနည်းဆုံး ပစ်ခတ်မှုတွေကတော့ ရှိနေတာပါ။ ဒေသခံတွေနဲ့ တင်းမာမှုတွေဖြေရှင်းနိုင်ဖို့ လက်ပန်းတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မတီရဲ့အစီရင်ခံစာကို အကောင်အထည်ဖော်တဲ့ ကော်မတီနဲ့ ညှိနှိုင်းဆွေးနွေးနိုင်ဖို့ လွှတ်တော်မှာ တင်ပြခဲ့ပေမယ့် သူ့အဆိုဟာ ငြင်းပယ်ခံနေရဆဲဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဆိုပါတယ်။

“အခုအချိန်ထိ ကျမရဲ့အဆိုကို လွှတ်တော်က မပြောခိုင်းတာပေါ့၊ မပြောခိုင်းတာ၊ ကျမတို့ကို မပြောခိုင်းတာဆိုတော့ လွှတ်တော်ထဲမှာ ကျမရဲ့အဆိုကို လွှတ်တော်ရဲ့ agenda မှာ ထည့်မပေးသေးဘူး။”

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာအစိုးရနဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ လိမိတက်၊ တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းဖော်ထုတ်နေတဲ့ စီမံကိန်းဖြစ်ပြီး ဒေသခံတွေရဲ့လယ်ဧကတွေကို တန်ရာတန်ကြေးမပေးဘဲ မြေဧကတွေကို ထောင်နဲ့ချီ သိမ်းယူခံရပြီး မြေယာလျော်ကြေးမယူထားတဲ့လယ်တွေကိုပါ သိမ်းနေတဲ့အတွက် အခုလို အခြေအနေ တင်းမာခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ နောက်ဆုံးအခြေအနေအရ ဒဏ်ရာရသူတွေလည်း ရှိနေပါတယ်။ ရာနဲ့ချီတဲ့ ဒေသခံတွေကတော့ စီမံကိန်းဖျက်သိမ်းပေးဖို့ ကန့်ကွက်တောင်းဆိုနေတာ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG