သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန်ကို မြန်မာလူထု လိူက်လှဲစွာ ကြိုဆို


ရန်ကုန်လေဆိပ်မှာ လာရောက်ကြိုဆိုသူပြည်သူများကို သမ္မတဦးသိန်းစိန် လက်ဝှေ့ယမ်းနုတ်ဆက်နေစဉ်/
ရန်ကုန်လေဆိပ်မှာ လာရောက်ကြိုဆိုသူပြည်သူများကို သမ္မတဦးသိန်းစိန် လက်ဝှေ့ယမ်းနုတ်ဆက်နေစဉ်/
အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပတဲ့ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ပြီး ဒီကနေ့မနက်မှာ ရန်ကုန်မြို့ကို ပြန်ရောက်လာတဲ့ သမ္မတ ဦးသိန်းစိန်ကို မြန်မာပြည်သူတွေနဲ့အတူ နိုင်ငံရေးပါတီတွေ၊ အနုပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ သွားရောက် ကြိုဆိုခဲ့ကြတာပါ။ ဒါဟာ သမ္မတရဲ့ ခရီးစဉ်အတွင်း အောင်မြင်မှုရခဲ့တာတွေကြောင့် လူထုက ကြိုဆိုတာဖြစ်နိုင်တယ်လို့ နိုင်ငံရေးပါတီတွေက သုံးသပ်ပြောဆိုသလို အရင် အာဏာရှင်လက်ထက်မှာ တွေ့ကြုံခဲ့တဲ့အခြေအနေတွေနဲ့ မတူပဲ ထူးခြားတဲ့ အတွေ့အကြုံဖြစ်တာကြောင့် သမ္မတအနေနဲ့ အံ့အားသင့်ပြီး ဝမ်းသာမှုဖြစ်ခဲ့ရတယ်လို့ သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ် ဟာ ပြည်တွင်း၊ ပြည်ပမှာ ရှိတဲ့ မြန်မာ့အရေး လေ့လာစောင့်ကြည့်သူတွေ အကြား အောင်မြင်မှုရရှိခဲ့တဲ့ ခရီးစဉ်တခုဖြစ်တယ် လို့ ယေဘုယျအားဖြင့် သုံးသပ် ပြောဆိုနေကြတာပါ။ ဒီခရီးစဉ်အတွင်း အမေရိကန်နိုင်ငံနဲ့ စီးပွားရေးအရ ဆက်ဆံရေးတွေ တိုးတက်ကောင်းမွန်စေမယ့် သဘောတူညီမှုတွေအပြင် အမေရိကန်တို့ဖက်ကလည်း မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေ လျော့ချပေးမယ်ဆိုတဲ့ ကတိကဝတ်တွေကို ရရှိခဲ့တာပါ။

ဒါ့အပြင် ကုလသမဂ္ဂနဲ့ တခြား နိုင်ငံတွေအကြားမှာလည်း အရင် စစ်အစိုးရလက်ထက်တုန်းကလိုမဟုတ်ပဲ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာ မြင့်တက်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ဒီကနေ့မနက် ရန်ကုန်လေဆိပ်ကို သူပြန်ရောက်တဲ့အချိန်မှာ မြန်မာလူထုက ဝမ်းပန်းတသာနဲ့ ကြိုဆိုကြတာဖြစ်တာကြောင့် သမ္မတအနေနဲ့ အံ့အားသင့်၊ ဝမ်းသာဖြစ်မိတယ်လို့ သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

“ဒီလိုကြိုဆိုတဲ့အတွက် သမ္မတကြီးက မထင်မှတ်ပဲနဲ့ အံ့သြသွားပါတယ်။ ဝမ်းလည်း ဝမ်းသာသွားပါတယ်။ လာကြိုတဲ့သူတွေကို ကျေးဇူးတင် ဝမ်းမြောက်ကြောင်း သူ တဖွဖွ ပြောနေပါတယ်။ နံပတ်၂ကတော့ ဒါသည် ကျနော်တို့ရဲ့ ပုဂ္ဂလိကအမြင်ရဆိုရင် လူထုအကျိုးစီးပွားအတွက် ပြုပြင်ပြောင်းလဲရေး ဆက်လက်ဆောင်ရွက်မယ့် ဒီရှေ့ပေါ့နော် ခရီးအတွက် သူ့အတွက် ဒါ ကြီးမားတဲ့ ထောက်ခံအားပေးမှုပေါ့နော်။ ရသွားတာ။ ဒါနဲ့ပတ်သက်ပြီး သူ့အတွက် ပိုပြီးတော့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်တွေ ပိုမို ခိုင်မာသွားစေမယ့် ဆိုတဲ့ အဓိပ္ပါယ်လေးပေါ့ ကျနော်တို့ကတော့ ခံစားမိပါတယ်။

အထူးသဖြင့် မြန်မာပြည်သူတရပ်လုံးပေါ့နော်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီဖက်က လွှတ်တော်တို့အပါအဝင်ပေါ့နော်။ အားလုံးသော နိုင်ငံသားတွေ ကြိုးစားအားထုတ်မှုနဲ့ နိုင်ငံတကာ က ထိုက်ထိုက်တန်တန် နဲ့ အဲ့ဒီ့အကျိုးရလာဒ်တွေ နိုင်ငံတကာ အလည်မှာ မြန်မာနိုင်ငံရဲ့ အနေအထားကို ထိုက်သင့်တဲ့ နေရာတခုကို ရောက်အောင် လုပ်ဆောင်ခဲ့တဲ့ဟာကို ပြည်သူလူထုက အသိအမှတ်ပြု ကြိုဆိုတဲ့ သဘောလေး သွားတွေ့တာပေါ့နော်။”

သမ္မတကို ဒီမနက် သွားကြိုကြတဲ့အထဲ သမ္မတရဲ့ပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဝန်ကြီးတွေ၊ ပါတီဝင်တွေအပြင်၊ တခြား အတိုက်အခံ ပါတီတွေ၊ အနုပညာရှင်အသိုင်းဝိုင်းက အထင်ကရပုဂ္ဂိုလ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပါဝင်ပါတယ်။

သမ္မတရဲ့ခရီးစဉ်အတွင်း ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ကြိုဆိုတာဖြစ်တယ်လို့ NDF အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဌ ဦးခင်မောင်ဆွေက ပြောပါတယ်။

“ခရီးစဉ်ကတော့ ထူးခြားတယ်ဆိုတဲ့ အပိုင်းကတော့ဗျာ။ နှစ်ငါးဆယ်အကျော်မှာ ပြည်သူလူထုက တင်မြှောက်တဲ့ သမ္မတက ကုလသမဂ္ဂကို တက်တယ်ပေါ့ဗျာ။ တက်တဲ့အခါမှာလည်း နိုင်ငံနဲ့ လူမျိုး အကျိုးစီးပွားကို ဆောင်ရွက်ဖို့ တကယ်အာသီသရှိပြီးတော့ တကယ်ပဲ ပြုပြင်ပြောင်းလဲရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဖို့ တာစူပြီး လုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်၊ နောက်ပြီးတော့ အဲ့ဒီ့အချိန်အခါမှာ အမေရိကန်နိုင်ငံလို နေရာမျိုး ကုလသမဂ္ဂလို နေရာမျိုးရှိတဲ့နေရာမှာ သွားပြီးတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာ ပြရုပ်ကို ဖော်ပြနိုင်အောင် လုပ်မယ့်ဟာတွေကို နောက်ကြိုးဆွဲခြင်း မရှိပဲနဲ့ပေါ့ဗျာ။

နောက်ကျောလုံလုံနဲ့ သူပြုပြင်ပြောင်းလဲမယ့်ဟာတွေကို ပွင့်ပွင့်လင်းလင်း သွားပြောပြီးတော့ နိုင်ငံတကာ ဇာတ်ခုံပေါ်ကို မြန်မာနိုင်ငံကို သိက္ခာရှိရှိ တက်နိုင်အောင် ကြိုးပမ်းခဲ့တာကို ကျနော်တို့အားရမိတယ်လေ။ အဲ့နောက်ပြီးတော့ စီးပွားရေး ပိတ်ဆို့မှုကို လည်း ပြန်ဖွင့်ပေးဖို့ အတိုင်းအတာအထိ ပြောဆိုခဲ့တယ်ဆိုတဲ့ဟာကိုလည်း အမှတ်ပေးတဲ့ အနေနဲ့ ပြည်သူတွေက ကြိုတယ်ထင်ပါတယ်။ နောက်ပြီးတော့ နိုင်ငံသားပြည်သူတွေက သူတို့တင်မြှောက်ထားတဲ့ နိုင်ငံတော်သမ္မတအပေါ်မှာ ဟိုးတုန်းက အရင့်အရင်သမ္မတတွေ လုပ်ထုံးလုပ်ဟန်နဲ့မတူပဲ ကွဲပြားစွာ စွမ်းဆောင်ရည်နဲ့လုပ်နိုင်တဲ့သမ္မတကို အမှတ်ပေးတဲ့အနေနဲ့ ကြိုကြတာ ဖြစ်ပါလိမ့်မယ်ဗျာ။”

အမျိုးသားဒီမိုကရေစီအင်အားစုအနေနဲ့ ပါတီအဖွဲ့ချုပ်ရုံး ဒီကြိုဆိုရေးအစီအစဉ်မှာ ဝင်ရောက်ပါဝင်ခြင်း မရှိပေမယ့် သမ္မတရဲ့ အောင်မြင်တဲ့ ခရီးစဉ်အပေါ် ထောက်ခံ ထားပြီးဖြစ်တဲ့အတွက် တခြား သက်ဆိုင်ရာ မြို့နယ်ရုံးခွဲတွေအနေနဲ့ လွတ်လပ်စွာ သွားရောက် ကြိုဆိုခွင့်ပြုထားတာ ဖြစ်တယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

ဒီကနေ့ ရန်ကုန်လေဆိပ်မှာ သမ္မတ ဦးသိန်းစိန်ကိုသွားရောက်ကြိုဆိုကြသူအရေအတွက်ဟာ တစ်ထောင်ဝန်းကျင်လောက်ရှိမယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။
XS
SM
MD
LG